အင်းစိန် တွဲဖက်ထောင်က သရဲ
ကျနော် စစ်ကြောရေးမှ အင်းစိန်တွဲဖက်ထောင်သို့ ရောက်ရှိချိန်မှာ ၁၉၉၀ ခုနှစ် စက်တင်ဘာ လကုန်ပိုင်း ဖြစ်ပါသည်။ ကျနော်ကို တင် ဆောင်လာသော အီတူးသောင်စင် ကားသည် ဟိုကွေ့ ဒီကွေ့ဖြင့် တနေရာတွင် ထိုးရပ်လိုက်ပါသည်။ လက်ထိပ်နောက်ပြန် ခတ်ထား ခြင်းနှင့် မျက်နှာပေါ်တွင် အုပ်ထားသော အ၀တ်စ ကို မောင်မင်း ကြီးသားများက ဖယ်ရှားပေးလိုက်ပါသည်။
“လူသစ် (၄)ယောက် ပါလာတယ်၊ ကျား (၃)၊ မ (၁)၊ အားလုံး ဂေါ်နိုက် (ဂေါ်=၅ , နိုက်=night=ည၊ ပုဒ်မ ၅(ည)ကို ထောင် အခေါ်အဝေါ်) တွေချည်းဘဲ၊ ကရင်ရှိလားဟေ့၊ လူသစ်တွေကို ပုံစံ နည်းနည်းပေးပြီး စာရင်း လုပ်ပါအုံး”
ကျနော်အပါအ၀င် အ.က.သ (အခြေခံပညာ ကျောင်းသားများ သမဂ္ဂ၊ ရန်ကုန်တိုင်း) မှ ကျောင်းသား သုံးယောက်တို့သည် တွဲဖက် ထောင် ဗူးဝ တွင် ထောင်အတွင်း ပုံစံဟု ခေါ်သော အနေအထိုင် ပုံစံများကို ဗူးဝမှ ထောင်စာရေး ကရင်ဟု ခေါ်ဆိုခြင်း ခံရသူထံတွင် ခြေထောက်ဖြင့် အသတ်လွတ် တစ်ချက် နှစ်ချက် အကန်ခံပြီး သင်ကြား ရပါသည်။ ကျနော်တို့ လက်ဖျံပေါ်တွင် အကျဉ်းသား နံပါတ်များကို ယင်း ကရင်ဆိုသူက ရေးပါသည်။
ထို့နောက် ကျနော်တို့ သုံးယောက်တွဲကို စောင်အဟောင်းတစ်ထည် ဖြင့် ခေါင်းပေါ်တွင် အုပ်ပြီး ထောင်အတွင်းသို့ ခေါ်ဆောင် သွားပါသည်။ စောင် အအုပ်ခံ သုံးယောက်တွဲတွင် ကျနော်က အလယ်မှာ ဖြစ်ပါသည်။ အောက်သို့ မှန်းပြီး လမ်းလျှောက်နေရပြီး အချို့နေရာများတွင် အလင်းရောင် အနည်းငယ်ကို အောက်ခြေတွင် မြင်တွေ့ရပါသည်။ များသော အားဖြင့် နေရာအတော် များများမှာ မှောင်မဲလျက် ရှိပါသည်။ လမ်းသိပ် မလျှောက်ရပါ။ “ရပ်” ဟူသော အသံကြောင့် ကျနော်တို့ သုံးယောက်တွဲ ရပ်လိုက်ပါသည်။
နောက်ဆုံးမှ ကျောင်းသားကို စောင်ထဲမှ ဆွဲထုတ် သွားပါသည်။ “ဂျိုင်း” ဟူသော တံခါးဖွင့်သံ၊ ပိတ်သံများ၊ တီးတိုး စကား ပြောသံများ ကြားနေရသောကြောင့် လူအများရှိသော နေရာတစ်ခု၏ ဘေးသို့ ရောက်နေကြောင့် သိလာ ပါသည်။
မကြာမီ “ရပ်” ဆိုသော အသံနှင့် အတူ ကျနော်သည် စောင်ထဲမှ ဆွဲထုတ်ခြင်း ခံရပါသည်။ ကျနော်သည် အခန်းတစ်ခုသို့ တက်ရန် ပြုလုပ်ထားသော အဆင့် သုံးဆင့်ပါ အုတ်လှေကား တစ်ခုထိပ်သို့ ရောက်ရှိ နေကြောင်း သိရပါသည်။ အုတ်လှေကားထိပ်ရှိ သံတံခါး အတွင်း ဦးခေါင်းများ စုပြုံး၍ စကားပြောသံ ကြားနေ ရပါသည်။ “တိုက်ပွဲဖော်ဆောင်ရေး အပြင်စည်း ဒုတာဝန်ခံ..ဟ” ဟူသော ရင်းနှီး နေသော အသံများကို ကြားရပါသည်။
ကျနော် အခန်းအတွင်းသို့ ၀င်ရောက်လိုက်သောအခါ ရန်ကုန်တိုင်း မြို့နယ်အသီးသီးမှ အ.က.သ ကျောင်းသား (၆)ဦးခန့် ကိုတွေ့ရပါသည်။ သူတို့နှင့် အဖမ်းခံရပုံများ၊ စစ်ကြောရေး အကြောင်းများ၊ အဖမ်းမခံရခင် အပြင်အခြေအနေများကို ရောက်တက်ရာရာ ပြောဆိုနေစဉ် ထောင်ဝါဒါ တစ်ဦးက သံပန်းကန်ပြား တစ်ချက်တွင် ပဲဟင်းရည် လောင်းထည့်ထားသော ထမင်းနှင့် လက်တဆစ်စာ ငပိလေး တင်ပြီးလာ ပေးပါသည်။
ကျနော်အိပ်ဖို့ အပေါ့အပါး စွန့်ရာတွင် အသုံးပြုသည့် ဂန်ဖလား တည့်တည့်တွင် နေရာ ရပါသည်။ ဂန်ဖလားကို ဖျားကြမ်း အကျိုးအပဲ့ တစ်ခုဖြင့် အနံမထွက်စေရန် ဖုံးအုပ်ထားပါသည်။ ကျနော်တွင် စစ်ကြောရေးမှ ရခဲ့သော ဒဏ်ရာများကို အခန်းဖော် ကျောင်းသား များက ၀ိုင်းဝန်းပြီး “ကြက်ပူ” ထိုးပေး ကျပါသည်။ အခန်းအတွင်း ၄၀ ၀ပ်အားရှိသော မီးလုံး တစ်လုံးကို တစ်ညလုံး မီးထွန်းထားပေးသည်ဟု သိရပါသည်။ မအိပ်ခင် အချိန်တွင် တာမွေမြို့နယ်မှ ကျောင်းသားတစ်ဦးက ကျနော်အား “ဒီအခန်းမှာ လူသစ်ရောက်ရင်၊ ဒီည ထူးခြားမယ်နော်၊ သိပ်မလန့်နဲ့” ဟု သတိပေး စကားပြော ပါသည်။
ထိုအခါ ကျနော်က “ဘာထူးခြားတာလဲ၊ လုပ်ပါအုံး” ဟု ပြန်မေးသော အခါ နောက်ထပ် ကျောင်းသား တစ်ဦးက “ဘာမှ မဟုတ်ပါဘူး၊ ထောင်ဆိုတော့ မြေနည်းနည်း ကြမ်းတဲ့ သဘောပါ၊ သရဲလိုလို ဘာလိုလို ပေါ့” ဟု ပြောပါသည်။ အခန်းအတွင်း ကျနော် အပါအ၀င် ကျောင်းသား (၇)ဦး ရှိရာ သရဲခြောက်မည်ဆိုသော စကားကို ကျနော် လုံးဝ လက်မခံခဲ့ပါ။ ဒီလိုနှင့် ကျနော်တို့ စတင် အိပ်စက်ကြပါသည်။ ကျနော်တွင် ဒဏ်ရာများကြောင့် ချက်ချင်း အိပ်မပျော်ဘဲ ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်ဖြင့် ကိုယ့်ဒဏ်ရာ ကိုယ်ကုစားနေရ ပါသည်။ အခန်းအတွင်း ထွန်းထားသော မီးလုံးမှ မီးအလင်း ရောင်ကို အိပ်စက်ရာတွင် မျက်စိအား ကာကွယ်ရန်အတွက် ထောင် ဗူးဝတွင် ပေးသော အင်္ကျီဖြူကို မျက်လုံးပေါ်တွင် တင်ထားပါသည်။
ဗူးဝမှ (၁၂) နာရီ သံချောင်း ခေါက်သံ ကို ကြားရပြီး သိပ်မကြာဟု ကျနော် ထင်ပါသည်။ ကျနော့် နံဘေးမှ အသံ တချို့ကို စ ကြားရပါသည်။ အမျိုးသမီး တစ်ယောက် ညည်းသံကို တော်တော်ကြာအောင် ကြားနေရပါသည်။ ကျနော် တစ်ယောက်တည်း ကြားနေခြင်း မဟုတ်ပါ။ တခန်းလုံး ကြားနေရပါသည်။ နံဘေးမှ ကျောင်းသားက ကြောက်နေသော ပုံစံဖြင့် ကျနော်ကို လာဖတ်ထားပါသည်။ ညည်းသံများ ဆုံးသွားသော အခါ စကားသံများ ကြားပါသည်။
“နင် နေမကောင်းဘူးလား”
“ဟုတ်တယ်၊ ကျမ နေမကောင်းဘူး”
“သူတို့ဆီက ဆေးတောင်းသောက်လေ”
“ဆေးသောက်ပြီးပြီ၊ ဒါပေမဲ့ မသက်သာဘူး .. ဟင်း ..ဟင်း ..ဟင်း” ဟု ဆက်လက် ညည်းတွားသံကို ဆက်တိုက် ကြားနေရပါသည်။
ကျနော့်တွင် ကြောက်စိတ် လုံးဝ မပေါ်သေးပါ။ ကျနော်သည် ရုတ်တရက် မျက်လုံးပေါ်ရှိ အင်္ကျီဖြူကို ဘေးသို့ ဖယ်ထုတ်လိုက်ပြီး တစ်ခန်းလုံး နေရာစုံသို့ လိုက်ကြည့် မိပါသည်။ ဘာမှ မတွေ့ရပါ။ ညည်းသံလည်း ဆက်လက်ကြားနေရပါသည်။ အဲဒီတော့မှ ကျနော် လည်း ကြောက်စိတ် ၀င်သွားပါသည်။ ဒါ တကယ် သရဲ ပါလားဟု သဘောပေါက်သွားပါသည်။ အဲဒီချိန်မှာ အခန်းအတွင်းရှိ ကျောင်းသား အားလုံးနီးပါး ရသမျှ ဘုရားစာကို တုန်လှုန့်နေသော အသံများဖြင့် အကျယ်ကြီး အော်ဆို နေကြပါသည်။ နောက်ထပ် ဆယ်မိနစ်လောက် အကြာတွင် အားလုံး ငြိမ်သက် သွားပါသည်။
မနက်မိုးလင်းခါစ ခြောက်နာရီ မထိုးခင်တွင် ကျနော်တို့ ကိုယ့်အခန်းထဲတွင် အထိုင်ပုံစံဖြင့် ထိုင်ရသော အချိန်ရောက်မှ ကျောင်းသားတစ်ဦးက ကျနော်ကို ပြောပြပါသည်။ ကျနော်တို့ အင်းစိန်တွဲဖက်ထောင်၊ အဆောင်(၂)၊ အခန်းနံပါတ် (၂၂) သည် နာမည်ကျော် သရဲခြောက်သော အခန်း ဖြစ်ပါသည်။ တစုံတစ်ယောက်က အသံဖမ်းစက် သို့မဟုတ် ကတ်ဆက်ခွေဖြင့် တမင်အကွက်ဆင် လုပ်ထားခြင်းမျိုး လုပ်ဝ မဟုတ်ပေ။
ယင်း သရဲ အခြောက်ခံရမှုသည် နေ့စဉ် ဖြစ်လေ့ မရှိပါ။ အခန်းအတွင်းသို့ လူသစ်တစ်ဦး စတင် ၀င်ရောက်လာသော အခါများတွင် တစ်ခန်းလုံး ခြောက်လန့် ခံရပါသည်။ ကျနော်တို့ အပါအ၀င် နံဘေးခန်းများမှ ကျောင်းသားများ အားလုံးသည် ယင်း သရဲခြောက်မှုကို မယုံကြည်သဖြင့် အုတ်နံရံများ၊ မျက်နှာကျက်များတွင် ကတ်ဆက် ၀ါယာကြိုး စသော အသံထွက်ပေါ်စေသော အရာများကို ရှာဖွေသော်လည်း တစုံတရာ မတွေ့ရှိ ရပေ။ အဆောင် အပေါ်ထပ်တွင် နေသော ထိုင်းအကျဉ်းသား (မြန်မာ့ရေပိုင်နက်တွင် တရားမ၀င် ငါးခိုးဖမ်းသဖြင့် အဖမ်းခံရ သူများ) များကို အကူအညီ တောင်းပြီး လိုက်လံ ရှာဖွေ သော်လည်း ၀ါယာကြိုး၊ ကတ်ဆက်များကို မတွေ့ရှိရပေ။
ကျနော်ရောက်ပြီး လေးရက်လောက် အကြာတွင် အခန်းတွင်းမှ ကျောင်းသားတစ်ဦး ရုံးတင် အမိန့်ချခြင်း ခံရပြီး အခန်းသို့ ပြန်ရောက် မလာတော့ပါ။ ထောင်ဝါဒါက လူတစ်ယောက်လျှော့ သွားသော ကျနော်တို့ အခန်းသို့ နောက်တစ်ရက်တွင် စစ်ကြောရေးမှ ပို့လိုက်သည့် သာကေတမြို့နယ်မှ ကျောင်းသား တစ်ဦးကို ပို့လိုက် ပါသည်။ ထိုညတွင်လည်း အလားတူ နာရီဝက် နီးပါး သရဲခြောက်မှုကို ခံစားရပါသည်။
Credit : Original Writer