သည်းထိတ် ရင်ဖို ဖြစ်ခဲ့သော ၁၀ တန်းနှစ် ဘော်ဒါ အမှတ်တရ
ကျွန်တော် ၁ဝတန်း ဘော်ဒါဆောင်မှာနေတုန်းကပါ... ကျွန်တော်နေတဲ့ အဆောင်အကြောင်းအရင်ပြောပြရဦးမယ်... ကျွန်တော် ၉တန်း အောင်တော့ ကျွန်တော့်ကို ဘော်ဒါမှာပို့ထားဖို့ အဖေနဲ့ အမေတို့ တိုင်ပင်ကြတယ်လေ... ဒီလိုနဲ့ ကျောင်းတွေမတက်ရခင်ကတည်းက ကျွန်တော် ဘော်ဒါကို စရောက်နေပြီ...
နယ်ကသူငယ်ချင်းတွေနဲ့ ခွဲခဲ့ရတော့ သူငယ်ချင်းသစ်တွေရှာဖွေရတော့တာပေါ့... ဘော်ဒါမှာရောက်တုန်းကတော့ အရမ်းအထီးကျန်ပြီးတော့ မပျော်ခဲ့ဘူး... ဒါပေမဲ့ အနေကြာလာတာနဲ့အမျှ သူငယ်ချင်းအသစ်တွေရလာသလို တဖြည်းဖြည်းနဲ့ ပျော်စရာလည်းကောင်းလာတယ်...
ကျွန်တော်တို့ အဆောင်က တစ်ယောက်ခန်း.. နှစ်ယောက်ခန်းဆိုပြီး သတ်မှတ်ထားတာမျိုးမဟုတ်ပါဘူး... Hall Type ပုံစံမျိုးပါ... ကျွန်တော် စစ်တပ်ထဲမှာ စစ်သားတွေတွေဖို့ နေရာလိုမျိုးပေါ့... တစ်ယောက်အိပ်ကုတင်တစ်လုံးစီ ချပေးထားပါတယ်... ကျွန်တော်တို့ကို စည်းကမ်းထိန်းပေးတဲ့ ဆရာကတော့ အဆောင်အဝင်ဝ ကုတင်လေးမှာ နေပါတယ်...
အဆောင်ရဲ့အနီးနားတစ်ဝိုက်ကို ပြောပြရရင်တော့ အနောက်ဘက်မှာ ဘုန်းကြီးကျောင်းဝန်းတစ်ခုရှိပါတယ်... အုတ်တံတိုင်းကျော်ရင်ရောက်ပါတယ်... ဘုန်းကြီးကျောင်းရဲ့နောက်မှာဆိုရင် လယ်ကွက်တွေပဲရှိတော့တယ်... အဆောင်ဘေး တစ်ဖက်မှာ လမ်းကြားလေးရှိတယ်...
အရှေ့ဘက်ချမ်း ဘော်ဒါကို စစဝင်ခြင်းမှာတော့ ကျွန်တော်တို့ စာသင်ဆောင်ခန်းမကြီးရှိတယ်... ပြီးတော့ စာသင်ဆောင်အသေးလေးတစ်ခု.. အဲဒီ့နောက်မှာတော့ ထမင်းစားဆောင်.. စားဖိုဆောင်.. Men & Lady Toilet ရှိတယ်... ကျွန်တော်တို့ ယောက်ျားလေးအဆောင်ဘက်မှလည်း Toilet ရှိတယ်ဆိုတော့ နှစ်ခုပေါ့ဗျာ...
ညဘက်ညဘက်တွေဆိုရင် ကျွန်တော်တို့ဆရာ မသိအောင် အိမ်ကပို့လိုက်တဲ့ မုန့်တို့.. စားစရာတွေ ခိုးခိုးစားတတ်တယ်... ဆရာက အဆောင်မှာ အစားအသောက်တွေယူမစားရဘူးလို့ အမိန့်ထုတ်ထားတယ်... ဒါပေမဲ့ ကျွန်တော်တို့က အမြဲခိုးစားကြတာပဲလေ... အဲဒီမှာ ဇာတ်လမ်းတစ်ခုက စတော့တာပဲ...
တစ်နေ့ ကျွန်တော်တို့နယ်ဘက်က သူငယ်ချင်းတစ်ယောက် အိမ်ကပို့ပေးထားတဲ့ ငါးခြောက်ကြော်.. အမဲသားကြော်.. ဆတ်သားခြောက်ကြော်တွေ ထမင်းစားဆောင်က လစ်လာတဲ့ ထမင်းတွေနဲ့ ည၁ဝနာရီ ကျော်ကျော်လောက်ကြီးထစားနေရော... ကျွန်တော့် ကုတင်နဲ့ဆိုရင် ကုတင်နှစ်လုံးခြားပါတယ်...
ကျွန်တော်ကလည်း မအိပ်သေးဘဲ စာဖတ်နေတုန်းဆိုတော့ သူက တိုးတိုးလေး "စားမလား" လို့တော့ မေးပါသေးတယ်... ကျွန်တော်က ခဏနေအိပ်တော့မှာမို့လို့ မစားတော့ပါဘူးလို့ ပြောလိုက်တယ်... သူလည်း ဆက်စားနေသလို ကျွန်တော်လည်း ခဏနေတော့ အိပ်လိုက်ပါတယ်... အိပ်တာ တော်တော်တော့ကြာသွားတယ်... "ဝုန်း"ကနဲအသံကြားတော့ အားလုံးလန့်ပြီး နိုးလာကြတယ်... ဆရာက မီးတွေအကုန်ဖွင့်လိုက်တယ်...
အသံကြားရာကို အကုန်ကြည့်လိုက်တော့ ညတုန်းက ထမင်းခိုးစားတဲ့ သူငယ်ချင်း ကုတင်အောက်မှာ စောင်ခေါင်းမြီးခြုံပြီး တလှုပ်လှုပ်နဲ့ရှိနေတယ်လေ... အမဲသားကြော်ဗူးရော.. တခြားဗူးတွေရော.. အကုန်မှောက်ကျနေတယ်... ကျွန်တော်တို့အကုန်လုံးလည်း လန့်ပြီး ဆရာအနားကို Auto ရောက်သွားကြတယ်... ဆရာလည်း သူ့အနားသွားပြီး စောင်ကိုသွားဆွဲလိုက်တယ်... စောင်ကိုကိုင်ရုံရှိသေးတယ်.. ဆရာလက်ကို ဖြတ်ရိုက်ခံလိုက်ရတယ်...
ဆရာလည်း လန့်သွားတာပေါ့... ဒါနဲ့ဆရာလည်း အသံကျယ်ကျယ်နဲ့ "မင်းဘယ်သူလဲ.. ဘယ်ကလဲ.. မင်းဘယ်လို ရောက်လာတာလဲ" မေးတာပေါ့... ဒီတော့မှ ဝမ်းခေါင်း သံကြီးနဲ့ "ဒီကောင်လေးခေါ်လို့ ရောက်လာတာ.. ငါက ဟိုဘက် ထန်းပင်မှာနေတယ်" လို့ပြန်ပြောတယ်... ဒီလိုပြောတော့ ကျွန်တော်တို့လဲ အသံကြောင့်တော်တော်လန့်သွားကြတယ်... ကျွန်တော့်ဘေးကတစ်ယောက်ဆိုရင် ပုတီးကိုလက်မှာ ကိုင်ထားပြီး တုန်လို့...
ဒီတော့ ဆရာလည်း "မင်း အခုဒီကောင်လေး ကိုယ်ထဲက ထွက်သွားပါ" လို့ပြောလိုက်တယ်... သရဲကလည်း ဘာမှမပြောဘဲ ခေါင်းခါပြတယ်... ဆရာလည်းတော်တော် စိတ်ဆိုးသွားပြီး ဘုရားစင်က ပရိတ်ရေယူပြီး ပက်လိုက်တယ်လေ... ဒီတော့မှ စောင်ခေါင်းမြီးခြုံထားရာက "ဝူးဝူးဝါးဝါး" နဲ့ အော်ပြီး လုံးဝငြိမ်ကျသွားတယ်... အားလုံးငြိမ်သွားမှ ပတ်ဝန်းကျင်ကို သတိထားမိတယ်... အဆောင်နောက်ဖေးတံခါးပေါက်ကို ပိတ်မထားဘူးလေ...
တိုက်ဆိုင်တာလား.. မပိတ်မိလို့လားတော့ မသိဘူး... တံခါးကတော့ ပွင့်လျက် အတိုင်းသား... ခုဏက သူငယ်ချင်း ကတော့ စောင်လေးကိုင်ပြီးပြန်ထလာတယ်... ပြူးကြောင်ကြောင်နဲ့ "ကျွန်တော်ဘာဖြစ်လို့လဲ" မေးတယ်... ဆရာလည်း တော်တော်စိတ်တိုနေလို့လားမသိဘူး... ဒီကောင့်ကို နားရင်းအုပ်လိုက်တာ ရှေ့ကို ငိုက်စိုက်ကျပဲ... ဆရာကပြီးတော့ သူ့ကို ထပ်မေးလိုက်တယ်..
"မင်း ဘာတွေလုပ်ထားလဲ.. အခုပြဿနာက တော်တော်ကြီးတယ်.. မင်းမပြောရင် မင်းကို ကျောင်းထုတ်မယ်" လို့ပြောတော့ ဒီကောင်က ရှုံ့မဲ့မဲ့နဲ့ ပြန်ပြောတယ်.. "ကျွန်တော် အနောက်ဘက်ဘုန်းကြီးကျောင်းနားက ထန်းပင်မှာ သူရဲရှိတယ်လို့ ကိုရင်လေးတစ်ယောက်ပြောတာနဲ့ ပါးစပ်ဆော့ပြီး လိုက်လည်ပါလားလို့ ခေါ်လိုက်မိတာပါ" လို့ပြောတော့ ဆရာထပ်ပြီး နားရင်းအုပ်လိုက်ပြန်ပါတယ်...
ပြီးတော့ ဆရာက ကျွန်တော်တို့အားလုံးကို "ကိုယ့်နေရာကိုယ်ပြန်ကြတော့"လို့ပြောတော့ ကျွန်တော်တို့လည်း ကြောက်ကြောက်လန့်လန့်နဲ့ပဲ ကိုယ့်ကုတင်ကိုယ်ပြန်ပြီး မရရအောင်ခေါင်းမြီးခြုံပြီး အိပ်လိုက်ပါတယ်... ( ဒီနေရာမှာ သူငယ်ချင်းတို့ကို ပြောပြချင်တာက နေရာတိုင်းမှာ ပါးစပ်စည်းမစောင့်ဘဲ လျှောက်ပြီးမပြောမိပါစေနဲ့လို့... )
နောက်နေ့မနက် ကျွန်တော်သူကို ဘယ်လိုဖြစ်တာလဲ မေးကြည့်တော့ သူကပြောပြတယ်... ညကသူ့ခြေထောက်ကို လက်နဲ့လာပုပ်တယ်တဲ့... သူလည်း သူဘေးက ကောင်ထင်လို့ "ငါအိပ်နေပြီ".. လို့ပြောတော့ ခြေထောက်ကို ထပ်ဆွဲပြီး "ငါ့ကိုလည်းကျွေးဦး" လို့ ပြောတယ်... သူကလည်း အိပ်နေတာဆိုတော့ ဖြစ်သလိုပဲ "မကျွေးဘူး.. မနက်မှ စားတော့" ပြောလိုက်တယ်... အဲဒီ့မှာပဲ သူရဲက သူ့ကို ခြေထောက်ကနေ ကုတင်အောက်ကို ဆွဲချတာခံလိုက်ရတယ်...
ကုတင်ပေါ်က ပြုတ်ကျပြီးကတည်းက သူဘာမှ မသိတော့ဘူးတဲ့လေ... ဒီစာရေးနေတုန်းဆိုရင် ကျွန်တော်အခုထိ ကျောချမ်းနေတုန်း... အဲဒီလိုဖြစ်ပြီးကတည်းက အဆောင်မှာ ညဘက်ဆိုရင် ဘယ်သူမှ ထမင်းခိုးမစားတော့သလို တံခါးပိတ်တာဆိုရင် တစ်ယောက်တစ်လှည့်ဆီတာဝန်ယူရတဲ့အထိ ဖြစ်သွားတယ်... တစ်ယောက်ပိတ်ဖို့ သတိမေ့ရင်တောင် တစ်ယောက်က သတိပေးကြတာ.. အဲဒီ့လောက်ဖြစ်သွားတယ်...
သူရဲဝင်ပူးခံရတဲ့ သူငယ်ချင်းလဲ သုံးရက်မြောက်နေ့မှာ သူအိမ်က ပြန်ခေါ်လို့ဆိုပြီး ကျောင်းကထွက်သွားတယ်လေ... ကျွန်တော်တို့လည်း စိတ်မကောင်းပါဘူး..... သူပြန်သွားတာ သူကံကောင်းတယ်လို့ဆိုရမလိုပဲ... ဇာတ်လမ်းက ဒီမှာတင် မပြီးသေးဘူး... နောက်ပိုင်း ပိုဆိုးလာတယ်လို့ပြောရမလိုပဲ.....။ ။
ဒီလိုနဲ့ အဲဒီ့အဖြစ်အပျက်လေးကို မေ့မေ့ပျောက်ပျောက်ဘဲထားလိုက်တယ်... ဒါပေမဲ့ အမေ့အပျောက်မခံဘူးဗျ... အဆောင်ထဲမှာ ဖြစ်ခဲ့တဲ့ ကိစ္စလေးကြောင့် အကုန်လုံးကတော့ အမြဲသတိချပ်နေကြတာ... ချွတ်ချွတ်အသံမကြားလိုက်နဲ့... သရဲပဲ ထင်နေကြတာ.. =) တစ်နေ့ ကျွန်တော်တို့တွေ Night Study တက်ရတယ်... ယောက်ျားလေးက ၁၃ယောက်.. မိန်းကလေး တွေက ၂၂ယောက်လောက်ရှိတယ်...
သင်တာက ဓါတုဗေဒ... ဖြစ်ချင်တော့ ကျွန်တော် နေ့လည်လောက်တုန်းက အာပူရှာပူ မုန့်တီကို အပီဆွဲလာတာ... အခု စာသင်နေတုန်း ဗိုက်ထဲက ရစ်လာတာနဲ့ Toilet သွားချင်လာတယ်... ဘေးက သူငယ်ချင်းကို လိုက်ဖို့ အဖော်ညှိတာ သူကလိုက်ချင်ပေမဲ့ ယောက်ျားလေးဆိုရင်တစ်ယောက်ပဲသွားရမယ်တဲ့... ဂွမ်းရော... :/ ဒီတော့ ကျွန်တော်လည်း တစ်ယောက်တည်းလစ်ရတာပေါ့ဗျာ... ဖြစ်ချင်တော့ အိမ်သာမီးက မနေ့က ကျွမ်းနေတာ... အိမ်သာဆိုလို့ ပြောရဦးမယ်...
ကျွန်တော်တို့ အဆောင်နားမှာလည်း အိမ်သာနှစ်ခန်းတွဲရှိတယ်... အဲဒါက ယောက်ျားလေးအဆောင်အတွက် သီးသန့်ထားပေးထားတာ... နှစ်ခန်းတွဲသာပြောတယ်.. တစ်ခန်းက သော့ခတ်ပြီး သစ်သားပြားတွေနဲ့ ကြက်ခြေခတ်အသေပိတ်ထားတာ... ကျွန်တော်ရောက်ကာစဆိုရင် စိတ်ထဲတမျိုးပဲဗျာ...
အဲဒီ့အိမ်သာကို ဝင်ရတာကိုက စိတ်ထဲ မသိုးမသန့်ဖြစ်နေတယ်... ညဘက်ဆိုရင် ပိုဆိုးတယ်... အိမ်သာ အပေါ်မှာလည်း ဝါးရုံတွေရှိတာဆိုတော့ ညဘက်တက်ရင် ဘာရယ်မဟုတ်ဘူး.. အသံကြောင့်ပဲ လန့်နေရတယ်..... ခုနကအကြောင်း ပြန်ဆက်ဦးမယ်... ဒီအိမ်သာကတော့ စာသင်ဆောင်နားက အိမ်သာဆိုတော့ သိပ်တော့ မကြောက်ပါဘူး... အိမ်သာမီးက ကျွမ်းနေတော့ ကျွန်တော်လည်း ဆေးလိပ်ခိုးသောက်ရင်သုံးတဲ့ Zippo မီးခြစ်လေးကို ကိုင်ပြီး အထဲမှာ နှစ်ပါးသွားလိုက်တယ်...
ခဏနေတော့ အပြင်ကနေတံခါးလာခေါက်တယ်ဗျ... ဒီတော့ ကျွန်တော်လည်း ခပ်ကျယ်ကျယ်လေး "ခဏစောင့်ဦးကွာ" လို့ ခပ်ကျယ်ကျယ်လေး ပြောလိုက်တယ်... တစ်မိနစ်လောက်ပဲရှိသေးတယ်... ထပ်ပြီးခေါက်ပြန်ရော... ကျွန်တော်လည်း တစ်ယောက်ယောက်တော့ နောက်နေပြီလို့ တွေးလိုက်တယ်... တွေးသာတွေးတာပါဗျာ...
ဆရာက အိမ်သာဆိုရင် ယောက်ျားလေးနှစ်ယောက်မလွှတ်တတ်ဘူးလေ... ဒီလိုတွေးနေတုန်း အိမ်သာတံခါးကို ဗျန်းဗျန်းဆိုပြီး ရိုက်သွားတယ်... ကျွန်တော်လည်း ရုတ်တရက်ဆိုတော့ ခေါင်းနပန်းတွေကြီးသွားတယ်... စိတ်ထဲကလည်း ထောင်းခနဲ ဒေါသထွက်သွားတာပေါ့... ဒီတော့ ကျွန်တော်လည်း အိမ်သာ သွပ်တံခါး သံပေါက်လေးကနေ ချောင်းကြည့်လိုက်တယ်...
မီးမလာတော့ ကောင်းကောင်းမမြင်ရဘူး... အဆောင်ဘက်သွားတဲ့ လမ်းကြားက မီးတိုင်လေးနားရောက်တော့ ကိုယ်တော်ချောက ကျွန်တော်တို့ အဆောင် အိမ်သာဘက်ကို လျှောက်သွားနေတာကို အနောက်ကနေတွေ့လိုက်ရတယ်... ကျွန်တော်လည်း ဒီကောင့်ကို တွေ့ရင် ပြောမယ်ဆိုပြီး သူ့အင်္ကျီအရောင်နဲ့ ဘောင်းဘီကို မှတ်ထားလိုက်တယ်...
သူဝတ်ထားတာက အနီရောင်တီရှပ်နဲ့ ယောပုဆိုးကိုဝတ်ထားတယ်... တွေ့ရင်တော့ ဆဲပြီသာမှတ်... ဒီတော့ ကျွန်တော်လည်း စာသင်ခန်းဘက်ကို လာခဲ့တယ်... ဆရာ့ကို ဝင်ခွင့်တောင်းပြီး ခုံမှာ ဝင်ထိုင်လိုက်တယ်... ပြီးတော့ ကျွန်တော်လည်း အင်္ကျီအနီရောင် ဝတ်ထားတဲ့ ကောင်ရှိမလား ဖမ်းရှိုးလိုက်တယ်... ကိုယ်တော်ချောက ပြန်မရောက်သေးဘူးထင်တယ်...
အင်္ကျီအနီရောင်ဝတ်ထားတဲ့လူဆိုလို့ ဆော်ထဲမှာတောင် တစ်ယောက်ပဲရှိတယ်... ဆော်မဟုတ်တာတော့ သေချာတယ်... ခုနတွေ့တဲ့ကောင်က ဆံပင်တောင် ထောင်ထားသေးတယ်... ဒီဆော်က ဘောင်းဘီအရှည်လည်း ဝတ်ထားတော့ ဟုတ်သေးဘူး... ကျွန်တော်လည်း စာသင်ရင်း အပေါက်ဝက ဝင်လာမယ့်ကောင်ကို စောင့်နေလိုက်တယ်... ၅ မိနစ်.. ၁၀ မိနစ်.. ၁၅ မိနစ်... ရောက်မလာသေးဘူး...
ဒီကောင် တော်တော်ကြာတာပဲလို့ စိတ်ထဲတွေးလိုက်တယ်... ခဏနေတော့ ကျွန်တော်လည်း စာထဲမျောသွားတာ သတိမထားလိုက်ဘူး... သင်တန်းတောင်ပြီးတော့မယ် ပြန်မလာသေးပါလား... ဒီတော့မှ ကျွန်တော်လည်း ဘေးကသူငယ်ချင်းကို "ငါ အိမ်သာ သွားတုန်း ဘယ်သူအပြင်ထွက်သေးလဲ.. " လို့ မေးတော့ သူက "ဘယ်သူမှ အပြင်မထွက်ဘူး.. ဘာဖြစ်လို့လဲ.." ပြန်မေးတယ်...
ကျွန်တော်လည်း ခေါင်းနဲနဲစားသွားတယ်... ခုနက ဘယ်သူလဲ !!! တွေးရင်းတွေးရင်း ကြက်သီးတွေတောင်ထ လာတယ်... ကျွန်တော်သူ့ကို သေချာအောင် ထပ်မေးလိုက်ပါသေးတယ်... ဘယ်သူမှ မထွက်ဘူးတဲ့... ဒီတော့မှ ကျွန်တော်လည်း သရဲခြောက်ခံလိုက်ရပြီလို့ တွေးမိလိုက်တယ်... ကျွန်တော့်အဖြစ်ကလည်း သရဲခြောက်လို့ ခြောက်မှန်းတောင်မသိတဲ့အဖြစ်ပါလားနော်... တွေးမိလိုက်တာနောက်တစ်ခုရှိတယ်... ခုနအိမ်သာမှာ တွေ့လိုက်တဲ့လူက ကျွန်တော်တို့အဆောင်ဘက်က အိမ်သာဘက်ကို သွားတယ်လေ..... !!!!!
ဒီလိုနဲ့ ကျွန်တော်တို့ အစမ်းစာမေးပွဲဖြေဖို့အတွက် အချိန်ရောက်လာတယ်... ဆရာက အဆောင်မှာ ပိတ်ရက်အပြင်ထွက်လည်ခွင့်မပေးဘဲ အဆောင်မှာပဲ စာကျက်ခိုင်းတယ်... ကျွန်တော်တို့လည်း သူငယ်ချင်းနဲ့ ကုတင်သုံးလုံးဆက်ပြီး သင်္ချာတွက်မယ်ဆိုပြီး သူရဲကြောင်းထိုင်ပြောကြတာ... ညနေသာစောင်းသွားတယ်.. စာတစ်လုံးမှ မရဘူး... =)
ညရောက်တော့ ဆရာကစာမေးတော့ ဘယ်သူမှမရဘူး... =) ( ဒါကလည်း အမှတ်တရလေးပါ..... ) တကယ်အကြီးအကျယ် အခြောက်ခံရတာကမှ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ပါ... သူကလည်းကျွန်တော့်လို အိမ်သာဝင်နေတုန်းမှာပါပဲ... ဒါပေမဲ့ သူကအဆောင်က အိမ်သာ မှာအခြောက်ခံရတာပါ...
အိမ်သာကလည်း သိတဲ့အတိုင်း နေ့ခင်းဘက်ဆိုရင်တောင် တော်ရုံတန်ရုံလူဆိုရင် လန့်လောက်တယ်... ဘေးက ပိတ်ထားတဲ့အိမ်သာ ကလည်းဘေးချင်းကပ်ဆိုတော့.. အမငေး.. ပြောရင်းတောင် ကြက်သီးထတယ်..... သူ့ဖြစ်ပုံကလည်း ဒီလို...
ညဘက် ၁ဝနာရီလောက်ကြီး.. ကျွန်တော်တို့လည်း အိပ်တော့မှာပါ... ဒီကောင်ကလည်း အိပ်ကာနီး အပေါ့သွားမယ်ဆိုပြီး ထွက်သွားလိုက်တာပေါ်မလာတော့ဘူး... ဆရာကလည်း "ဒီကောင်ပြန်မလာသေးဘူး.. ကြာလိုက်တာ" ဆိုပြီး လိုက်သွားတယ်... ကျွန်တော်တို့လည်း ဆရာ့နောက်ကနေ လိုက်သွားကြတာပေါ့... ( ဘာရယ်မဟုတ်ပါဘူး =) ) အိမ်သာရောက်တော့ တံခါးက ပိတ်လျက်သားပဲ...
ဆရာက ကျွန်တော့်ကို " သွားမေးစမ်း.. ဘာလုပ်နေလဲ " လို့ဆိုတော့ ကျွန်တော်လည်း ကြောက်ကြောက်နဲ့ တံခါးခေါက်လိုက်တယ်... ပြီးတော့ ကျွန်တော်က "ဟေ့ရောင်_____.. မင်း အထဲမှာလား..." လို့ပြောပြီး တံခါးထပ်ခေါက်လိုက်တယ်... အထဲက ဘာမှ တုန့်ပြန်မှုမရှိတော့ ဆရာလည်း ကျွန်တော်ကို ဖယ်ခိုင်းပြီး သူထပ်ခေါ်ပါတယ်... ခေါ်လို့လည်းမရရော တစ်ခုခုဖြစ်ပြီဆိုပြီးတော့ တံခါးကို ဆွဲဖွင့်ပါတယ်...
တံခါးကလည်း အထဲမှာ Lock ချထားတော့ ဆရာက တစ်ယောက်ကို သံတူယွင်း ယူခိုင်းပြီး တံခါးကို ဖျက်ရပါတယ်... ကျွန်တော်တို့လည်း တော်တော်လေးလန့်နေပြီလေ... ကျွန်တော်တို့ အဖြစ်ကလည်း ညဘက်ကြီး သင်္ချိုင်းထဲက အုတ်ဂူကို ဖောက်နေရတဲ့ Feeling မျိုး... ကြောက်ခြာကြီး.....
တံခါးလည်းဖွင့်ရော အထဲမှာ မျက်ဖြူလန်ပြီး သတိလစ်နေတဲ့ ဘော်ဒါကို တွေ့ရတော့ ထွက်ပြေးရမလို.. ပြေးကိုင်ရမလို.. ဘာလုပ်ရမလဲကို မသိတော့ဘူး... ဆရာက သူ့ကိုဝိုင်းထူပြီး ဘုရားခန်းထဲ ပို့ထားကြဆိုတော့ ကျွန်တော်တို့တစ်အုပ်စုလုံး ဝိုင်းမပြီး ပို့ပေးလိုက်ရတယ်..... ပြီးတော့ ဆရာက ရေမန်းတွေတိုက်ပြီး မနည်းနှာနှက်ယူလိုက်ရတယ်... မသေကောင်းမပျောက်ကောင်း အဖြစ်အပျက်လေးပါ...
( ဒီနေရာမှာ ကျွန်တော် တစ်ခုပြောချင်ပါတယ်.. သရဲခြောက်တာ အရမ်းခံဖူးချင်ကြသော သူငယ်ချင်းတွေကို အဲဒီ့နေရာကို အရမ်းရောက်ဖူးစေချင်လိုက်တာ... )
သူ သတိရလာတော့ ပြန်ပြောပြတယ်... သူ အထဲမှာ ရှိနေတုန်း အပြင်ကတံခါးလာခေါက်လို့ သူငယ်ချင်း တစ်ယောက်လာတယ်ဆိုပြီး တံခါးဟပြီး စကားပြောမလို့ဖွင့်တော့ ဘယ်သူမှ မရှိဘူးတဲ့...
အဲဒါနဲ့ တံခါးကို မြန်မြန်ပိတ်ပြီး ဆေးလိပ်သောက်နေတုန်း အနောက်ကနေ လက်ကြီးထွက်လာပြီး ဝမ်းခေါင်းသံကြီးနဲ့ "ဆေးလိပ် နည်းနည်း တိုက်ဦး" လို့ပြောတာနဲ့ နောက်ကို လှည့်ကြည့်လိုက်တော့ အင်္ကျီအနီရောင်နဲ့ လူတစ်ယောက်... မျက်လုံးဟောက်ပက်နဲ့၊ မျက်နှာကလည်း ဒဏ်ရာရထားသလို စုတ်ပျက်နေတာတဲ့လေ..... သူ သတိလစ်မယ်ဆိုရင်လည်း လစ်လောက်ပါတယ်... နှလုံးရောဂါရှိတဲ့သူဆိုရင် အဲဒီ့နေရာမှာ ဂစ်နေလောက်ပြီ..... နောက်ရက်တွေ ဘယ်သူမှ အဲဒီ့အိမ်သာကို မသွားကြတော့ဘူး... အင်္ကျီအနီရောင်ဆိုတော့ ကျွန်တော်ကို လက်အငြိမ်မနေဘဲ လာခြောက်သွားတဲ့ ကောင်ပဲဖြစ်ရမယ်... =)
တကယ်တော့လည်း ဒီသရဲက သနားစရာ ကောင်းပါတယ်... သူကလည်း ကျွန်တော်တို့လို ကျောင်းသားတစ်ယောက်ပါတဲ့... ရန်ညှိုးရန်စတစ်ခုကြောင့် အသတ်ခံရတယ်လို့ပဲသိခဲ့ရတယ်... သတ်ပြီးတော့ အိမ်သာထဲမှာ သော့ခတ်ပြီး ပိတ်ထားခဲ့တာတဲ့... ဖြစ်တာက ကျွန်တော်တို့ ဘော်ဒါဆောင် မရောက်ခင် တစ်လလောက်က ဖြစ်တာပါတဲ့... ကျွန်တော်တို့ကို ဘယ်သူမှ ဒီအကြောင်းမဟကြဘူး... ကျောင်းကဆရာတွေကလည်း သစ္စာရှိပါတယ်...
ဒီ အိမ်သာအကြောင်းကို ဘယ်သူမှ ပြောမပြကြဘူး... ကျွန်တော့်သူငယ်ချင်းကို ခြောက်ပြီးတဲ့ နောက်ရက်မှာပဲ ဘုန်းကြီးတွေ ပင့်ပြီး အမျှပေးဝေကြတယ်... နောက်တော့လည်း ဘာသတင်းမှ မကြားရတော့ဘူး... အိမ်သာကတော့ ဒီအတိုင်းပဲရှိသေးလား.. ဒါမှ မဟုတ် ဖျက်လိုက်ပြီလား မသိတော့ပါဘူး..........။ ။ ။ ။ ။
ကျောင်း၏ ဂုဏ်သိက္ခာအရ နာမည်နဲ့ လိပ်စာမထည့်ထားပေမဲ့ ဖြစ်ရပ်မှန်စစ်စစ်ပါ..... နောက်ထပ် ကြုံခဲ့ရတာလေးတွေရှိပါသေးတယ်... နောက်ထပ် အလျဉ်းသင့်သလို ကိုယ်တွေ့ဖြစ်ရပ်လေးတွေကို တင်ပေးပါ့မယ်..........။ ။ ။ ။ ။
စိတ်အေးချမ်းမြေ့ကြပါစေ
Credit: TH!t P!N