ပါးစပ်ဆော့မိ၍ ကားပေါ် ပါလာသော သရဲမ ကြောင့် ဆင်းပြေးရတဲ့ သူငယ်ချင်းများ
ရေးသားသူ - မျိုးမင်းသူ
ထွန်းအောင်နဲ့ မြတ်မိုးတို့နှစ်ဦး သူငယ်ချင်းဖြစ်သူ အောင်ကြီး အူအတတ်ပေါက်၍ ဆေးရုံတတ်နေသဖြင့် လူနာသွားမေးရန် မြတ်မိုးရဲ့ကားလေးဖြင့် ဆေးရုံကြီးသို့ ထွက်လာခဲ့တယ်။ ဆေးရုံကြီး ခွဲစိပ်ဆောင်ကိုရောက်တော့
” လာ လာ သူငယ်ချင်းတို့”
” အေး မင်းသက်သာလား သားရီး”
” သက်သာပါတယ်ကွာ မနေ့က ခွဲလိုက်တာ ခုအခြေအနေ ကောင်းသွားပါပြီ”
” ရော့ သူငယ်ချင်း အချို ရည်နဲ့ လိမ္မော်သီး ဝယ်လာတယ် မင်းအတွက် ”
” ရပါတယ်ကွာ မင်းတို့လာမေးတာပဲ ကျေးဇူးတင်ပါတယ်”
” အေးပါ မင်းလိုတာပြော သူငယ်ချင်း”
” မလိုပါဘူး ရပါတယ်”
သူငယ်ချင်း ၃ ယောက် နာရီဝက်လောက် စကား တွေပြောနေပြီး မြတ်မိုးက
” ကဲ အောင်ကြီး ည ၈ နာရီ ထိုးပြီးနေပြီ ငါတို့ပြန်မယ်လေ”
” အေး ပြန်တော့လေ သူငယ်ချင်း တို့”
” သွားပြီ သူငယ်ချင်း နောက်နေ့မှ ထပ်လာခဲ့မယ်”
” အေးပါ အေးပါ”
ကားကို ဆေးရုံအပြင်ပါတ်လမ်းအတိုင်း မောင်းလာရင်းနဲ့ ရင်ခွဲရုံနားရောက်တော့ ထွန်းအောင်က
” မြတ်မိုး ခဏရပ်ကွာ ငါသေးပေါက်ချင်လို့”
” အေးပါ ငါလည်းပေါက်ချင်နေတာ ရပ်ပေးမယ်”
နှစ်ယောက်သား ရင်ခွဲရုံ လမ်းထိပ်က အမှောင်ထဲမှာ သေးပေါက်နေတုန်း ထွန်းအောင်က
” မြတ်မိုး မင်း ကားမောင်းရမှာ ပျင်းနေရင် သရဲတစ်ကောင်လောက် ကားပေါ်တင်ခဲ့ပါလား”
” သိပ်တင်တာပေါ့ကွာ ဒါပေမဲ့ သရဲထီးတော့ မတင်နဲ့ကွာ အာရုံနှောက်တယ် သရဲမ တင် သရဲမ ချောချောလေးဆို ဂွင်ပဲ ဟိဟိ”
” အေး တင်ကွာ”
မြတ်မိုးက ပြောလဲပြီးရော နောက်ခန်းတံခါးကို ဇတ်ခနဲ ဖွင့်ပြီး
” ကဲ ငါတို့နှစ်ယောက်တည်း ပြန်ရမှာ ပျင်းလို့ဟေ့ ဒီအနားမှာ သရဲမ ရှိရင် ကားပေါ်တတ် အဖော်ရအောင်လိုက်ခဲ့ ”
” ဟာ ဟေ့ကောင် ဘာတွေလုပ်နေတာလဲ ငါက စနေတာ မလုပ်ကောင်းဘူးဟ”
” ဘာမှ မဖြစ်ပါဘူးကွာ မင်းကလည်း ပါလာတော့လည်း အပျင်းပြေတာပေါ့ကွာ”
” သွားမယ် သွားမယ် ဟေ့ကောင် တော်တော့”
ကားပေါ်ပြန်တတ်ပြီး မောင်းလာရင်း စည်ပင်ရိပ်သာ ကျော်လာတော့ မြတ်မိုးနှာခေါင်းထဲ ပုတ်အဲ့အဲ့ အနံ့စရလာတယ်
” ထွန်းအောင် မင်းအီးပေါက်လား”
” ဘာကွ ငါက ဘာကိစ္စ အီးပေါက်ရမှာတုန်း”
” ဟ ကားက မှန်ပိတ်ပြီး အဲကွန်းဖွင့်မောင်းနေတာ မင်း အီးမပေါက်လို့ ဘယ်က ပုတ်စော်နံ့မှာလဲကွ”
” ဘယ်သိမလဲကွ ငါလဲ အနံ့ရနေတာပဲ မင်းပေါက်တယ် ထင်လို့”
မြတ်မိုး ကားမောင်နေရင်း ထွန်းအောင်နဲ့ငြင်းနေတုန်း ကားနောက်ကြည့်မှန်ကို အမှတ်တမဲ့ကြည့်လိုက်တော့
” ဟင်”
သူ လန့်ပြီး ကားကိုလမ်းဘေးဆွဲမချမိအောင် သတိထားလိုက်ရတယ်။ နောက်ကြည့်မှန်ထဲမှာ သူမြင်လိုက်တာက နောက်ခန်း ဆိုဖာပေါ်မှာ ရုပ်ဆိုးဆိုး မိန်းမတစ်ဦး ဆံပင်က ဖားလားချထားတာ မြတ်မိုး ချွေးပြန်လာပြီ နောက်လဲလှည့်မကြည့်ရဲဘူး။ သေချာအောင် နောက်ကြည့်မှန်ကနေ ထပ်ကြည့်လိုက်တော့ ဟုတ်ပဗျာ စောင့်ကြောင့်ကြီးထိုင်လို့ မြတ်မိုး အာခေါင်တွေခြောက်ကပ်လာပြီ။ ချွေးတွေလဲ ထွက်လာပြီ လက်တွေလဲ တုန်လာပြီ။ ထွန်းအောင်ကတော့ ဘာမှမသိ သီချင်းနားထောင်ပြီး နှာခေါင်းပိတ်ကာ ဇိမ်နဲ့စီးနေတာလေ
” ထွန်း ထွန်း ထွန်းအောင်”
မြတ်မိုးအထစ်ထစ်နဲ့ ခေါ်သံကြောင့် ထွန်းအောင်လှည့်ကြည့်သည်
” ဘာတုန်းကွ”
” နောက် နောက်ခန်းကိုကြည့်လိုက်”
ထွန်းအောင် နောက်ခန်းကိုလှည့်ကြည့်တယ်
” ဘာတုန်းကွ ဘာယူပေးရမှာတုန်း”
” ဟာ မင်း မတွေ့ဘူးလား”
” ဘာတွေ့ရမှာတုန်းဟ မင်းဟာ ကြောင်တောင်တောင်နဲ့”
မြတ်မိုး နောက်ကြည့်မှန်ကနေ ထပ်ကြည့်လိုက်တော့
” အမလေး”
သူရဲမက ရှုတည်တည်နဲ့သူ့ပြန်ကြည့်နေတာ မြတ်မိုး ကားကိုလမ်းဘေးထိုးရပ်လိုက်တယ်
” ထွန်းအောင် မင်းတကယ် နောက်ခန်းထဲမှာ ဘာမှ မတွေ့ဘူးလား”
” ဘာမှ မတွေ့ပါဘူး မင်းကဘာတွေ့လို့လဲ”
” အဲ့မှာ ကားနောက်ကြည့်မှန်က ကြည့်ကွာ”
ထွန်းအောင် ဇဝေဇဝါနဲ့ ကားနောက်ကြည့်မှန်ကနေ နောက်ခန်းကိုကြည့်လိုက်တော့
” အား သရဲ သရဲ သရဲကားပေါ်ပါလာတယ်ဟ”
အော်ပြီး ဝုန်းဆို ကားပေါ်က တန်းဆင်းပြေးပါလေရော။ မြတ်မိုးလည်း ဘယ်နေမတုန်း ကားတံခါးဖွင့်ပြီး တန်းဆင်းပြေးတာပေါ့။ အပြင်ကို ရောက်တော့ ကားထဲကိုခပ်လှမ်းလှမ်းက သွားကြည့်တယ်။ ဘယ်သူမှ မရှိဘူး ဒါပေမဲ့ သူတို့နှစ်ယောက်စလုံး ကားထဲပြန်မဝင်ရဲဘူး။
” မင်း ဘာတွေ့လဲ ထွန်းအောင် ”
” ငါ မင်းလှည့်ကြည့်ခိုင်းလို့ဒီတိုင်းလှည့်ကြည့်တာ ဘာမှ မတွေ့ဘူး နောက်မှန်က ကြည့်လိုက်တော့ ရုပ်ဆိုးဆိုးနဲ့ မိန်းမကြီးတစ်ယောက် ဆံပင်ဖားလားချပြီး ငါတို့ကို စိုက်ကြည့်နေတာကွ”
” အေးငါလဲ အဲ့လိုမြင်တာပဲ”
” ကဲ ခုဘယ်လိုလုပ်မလဲ မင်းလျှာရှည်တာလေ”
” မင်းက ဘာလို့တင်ခိုင်းလဲကွ”
” ငါက စတာကွ မင်းကတံခါးဖွင့်ပြီး တက်ခိုင်းတာကိုး”
” ကဲ ဟေ့ယောင် စကားများနေလို့မထူးဘူး ဟိုကောင် ရဲကြီးကို ဖုန်းဆက်ခေါ် အဲ့ကောင် ရုံးက ဒီနားမှာ”
ူ တူ တူ တူ တူ
” ဟလို သားရီးပြော”
” ရဲကြီး မင်းရုံးမှာလား”
” အေးလေ ဘာဖြစ်လို့လဲ”
” ငါတို့ဆီ ခုချက်ချင်းလာခဲ့စမ်းပါ အရေးကြီးလို့”
” မင်းတို့ က ဘယ်မှာတုန်း ဘာဖြစ်လို့တုန်း”
” စည်ပင်ရိပ်သာနားမှာ မင်းလာခဲ့ပါ လာမှပြောပြမယ် ”
” အေးပါ ငါလာပြီ”
ကျွန်တော် ရောက်သွားတော့ နှစ်ကောင်သား ကားနဲ့ခပ်လှမ်းလှမ်း ပလက်ဖောင်းပေါ်မှာ ငုတ်တုတ်လေးတွေထိုင်လို့
” ကဲ ဘာဖြစ်ကျတာတုန်း ငါ့ပြောပြပါအုံး”
ထွန်းအောင်က အစအဆုံးရှင်းပြတယ် ကျွန်တော်သဘောပေါက်သွားတယ်
” မင်းတို့က ကားပေါ်တတ်ခွင့်ပေးလိုက်တော့ စည်းပေါက်သွားတာပေါ့ကွ အဲ့လို သွားမခေါ် ရဘူး သူ့စည်းကိုယ့်စည်းထားရတယ် ခုတော့ ပြန်ပို့ပေးရတော့မှာပေါ့ကွာ ငါ လုပ်တတ်ပါတယ်”
ကျွန်တော် မြတ်မိုးကားထဲဝင်ထိုင်ပြီး အကုန်ပါတ် ကြည့်လိုက်တယ် ဘာမှတော့မတွေ့ဘူး ပုတ်အဲ့အဲ့ အနံ့တော့ ရှိနေတုန်းပဲ နောက်ကြည့်မှန်ကနေ ကြည့်လိုက်တော့လဲ ဘာမှမတွေ့ပါဘူး
” မြတ်မိုး မင်းငါ့ကားမောင်းပြီး ဒီကားနောက်က ကပ်လိုက်ခဲ့”
” ဟင်ဘယ်သွားရမှာလည်း”
” ဟ မင်းတို့ခေါ်လာတာလေ သူ့နေရာကို ပြန်ပို့ရမယ်လေကွာ”
” ဟင် ဒီမှာဆင်းခိုင်းပြီး ထားခဲ့လို့မရဘူးလား”
” ဘယ်ရမလဲကွ လာပါ မင်းကားငါမောင်းခဲ့ပါမယ်။ မင်းက ငါ့ကားကိုမောင်းခဲ့ ထွန်းအောင် လာလေဒီကားပေါ်ကို ”
” ဟင့်အင်းလာဘူး ငါ မင်းကားပေါ်မှာ မြတ်မိုးနဲ့ပဲလိုက်မယ်”
” ပြီးရောကွာ ”
ကျွန်တော် လည်း ကားပေါ်ပါလာတဲ့ မမြင်ရသော သူကို မေတ္တာပို့ အမျှ ဝေပေးပြီး ပဌာန်းလေးတိုးတိုး ရွတ်ကာ ဆေးရုံကြီးဘက်ကို မောင်းလာခဲ့လိုက်တယ် ရင်ခွဲရုံ နားရောက်တော့ ကားရပ် နောက်ခန်းတံခါး ဖွင့်ပေးပြီး သူငယ်ချင်းတွေက ပါးစပ်ဆော့ပြီး ကားပေါ်ခေါ်တင်ခဲ့တာကို စိတ်မဆိုးဖို့ ခေါ်လာခဲ့တဲ့နေရာကိုလည်း ရောက်အောင်ပြန်ပို့ ပေးပြီးပြီဖြစ်လို့ ကားပေါ်ကနေပြန်ဆင်းဖို့ မေတ္တာရပ်ခံပါတယ်ဆိုတဲ့အကြောင်းပြောပြီး ခဏစောင့်ကြည့်နေလိုက်တယ်။
ဟိုနှစ်ကောင်က စိတ်ချရတယ် ကျွန်တော့ ကားပေါ်ကတောင် ဆင်းမလာတော့ဘူး။ ကျွန်တော်ရပ်နေတဲ့ နေရာလေးက သုတ်ကနဲ လေတိုက်သလိုဖြစ်ပြီး ကျွန်တော်လည်း ဖျင်းကနဲ ကြက်သီးထသွားခဲ့မိတယ်။ အပြန်ကျတော့လဲ ကိုပဲအဲ့ကားကိုမောင်းပြီး ပြန်လာခဲ့ရပါတယ်။
ဘာမှမတွေ့တော့ပါဘူး အနံ့လဲမရတော့ဘူး ခုချိန်ထိ မြတ်မိုးပျင်းလို့သရဲခေါ်အုံးမလားဆို တော်ပါပြီကွာဖြစ်သွားပြီ ။
မှတ်ချက်။ ။ သူငယ်ချင်းနှစ်ယောက်ရဲ့ ကိုယ်တွေ့ အဖြစ်အပျက်ပါ။ လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါတယ်
အားလုံးကိုခင်မင်လျက်
