ပြန်လာပါ (Come Back)


ပြန်လာပါ (Come Back)

ရေးသားသူ - TXiT PiN

( ကျေးဇူးရှင် မိဘနှစ်ပါးကို ဒီဇာတ်လမ်းလေးနဲ့ ဦးချ ကန်တော့လိုက်ပါတယ်)

“အဖေ… အဖေ့….. ”

ငသစ်တစ်ယောက် အိမ်ပေါ်ပြေးတက်လာတယ် ။

“အဖေ.. သားစာမေးပွဲအောင်တယ် ဂုဏ်ထူး တစ်ဘာသာလည်းပါတယ်”

“ဟေး.. ငါ့သားလေးတော်လိုက်တာ အဖေ့ထက်သာတဲ့ သားလေးပါလား သားလိုချင်တာပြော.. အဖေ အခုချက်ချင်း
ဝယ်ပေးမယ် ”

“အဖေ… တကယ်ပြောတာလား”

“တကယ်ပေါ့.. ငါ့သားရယ်”

“တကယ်ဆိုရင် သား.. ဘတ်ထရီဆိုင်ကယ်လေး လိုချင်တယ် အဖေ၊ သူငယ်ချင်းတွေ စီးနေတာ အားကျတယ်.. သား စက်ဘီးလေးလည်း မကောင်းတော့ဘူးအဖေ လိုရာခရီးလည်း မရောက်ဘူး.. ပြီးတော့သား ဟန်းဆက်လေးလည်း သုံးရတာ
အဆင်မပြေတော့ဘူးအဖေ.. အသစ်လေး တစ်လုံးလောက် အဖေဆင်ပြေရင် ဝယ်ပေးပါနော် ”

ဦးလူမောင် တစ်ယောက် ခေတ္တငြိမ်သက်သွားတယ် ပြီးမှ…

“ဝယ်ပေးရမှာပေါ့သားရယ်… ငါ့သားလေး ဒီလောက်တော်တာကို အဖေဂုဏ်ပြုပေးရမှာပေါ့ကွာ.. ”

“တကယ်နော်.. အဲဒါဆို စာမေးပွဲအောင်တာ လိုက်ကြွားလိုက်ဦးမယ် အဖေရာ..”

“အေးပါသားရယ်”

ငသစ်တစ်ယောက် စက်ဘီးလေးဆွဲထုတ်ပြီး ထွက်သွားလေရဲ့ ။

“အော်… သားလေး သစ်လွင်.. အခုလိုစာမေးပွဲအောင်တာ မင်းအမေသာရှိသေးရင် အရမ်းပျော်နေမှာပဲ.. ”

လှိုက်ခနဖြစ်လာတဲ့ ဝမ်းနည်းမှုတစ်စုံတစ်ရာကို အတင်းမျိုချ အားတင်းရင်း ဦးလူမောင်တစ်ယောက် အတွေးတွေ အတိတ်ဆီသို့ မျောလွင့်သွားတယ် ။

ကိုလူမောင်က မိဘမဲ့တစ်ယောက်ပါ ငယ်စဉ်က မိဘမဲ့ကျောင်းကနေကြီးပြင်းလာပြီး အရွယ်ရောက်လာတော့ သူငယ်ချင်းတစ်ယောက်ရဲ့ အကူအညီနဲ့ ရန်ကုန်မှာ ကျပန်းအလုပ် လုပ်ကိုင်ရင်း အသက်မွေးဝမ်းကျောင်းပြုရတယ် အချိန်အားရင် အားသလို ဆိုက်ကားနင်းရင်းနဲ့ ပိုက်ဆံကြိုးစာရှာတယ် အင်းစိန်မှာရှိတဲ့ သူငယ်ချင်းလူပျိုကြီး ကိုအေးမင်းအိမ်မှာပဲ အခန်းပိုလေးကို အိမ်လခပေးရင်း ရသမျှပိုက်ဆံတွေကို ခြစ်ကုတ်စုဆောင်းနေတတ်တယ်

“မင်းကွာ.. မင်းမှာ ဘာတွယ်တာစရာမှ မရှိတာ မင်းရှာတဲ့ပိုက်ဆံ စိတ်ကြိုက်သုံးစမ်းပါကွာ… မင်းကြည့်ရတာ ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့နဲ့ မင်းရှာတဲ့ငွေနဲ့ဆို မင်းစိတ်ကြိုက်သုံးလို့ရပါတယ် သူငယ်ချင်းရာ” လို့ မချိတင်ကဲဖြစ်နေတဲ့ သူငယ်ချင်း ကိုအေးမင်းက ပြောတိုင်း

“ငါ.. နေတတ်ပါတယ် သူငယ်ချင်းရာ.. ငါပိုက်ဆံရှာနေတာက ငါရန်ကုန်မှာ အိမ်လေးတစ်လုံးပိုင်အောင်လုပ်ပြီး ငါမရခဲ့တဲ့ မိသားစုဘဝလေး ဖန်တီးချင်လို့ပါ… ဒါကြောင့် ငါကြိုးစားနေတာ သူငယ်ချင်း” လို့ အားတတ်သရော ပြန်ဖြေတတ်တယ် ။

ကိုလူမောင်က ချို့တဲ့စွာ နေထိုင်ပေမယ့် အတိတ်ကံကောင်းလေတော့ ယောက်ျားပီသပြီး စွဲဆောင်မှုရှိတဲ့ ရုပ်ရည်မျိုး ပိုင်ဆိုင်ထားတယ် ၊ သာမန်အင်္ကျီ ခပ်နွမ်းနွမ်းပဲ အမြဲဝတ်တတ်ပေမယ့် ကိုလူမောင်ဟာ လူအများမှာပေါ်လွင်နေတတ်တယ် သဘောလည်းကောင်းတော့ လူချစ်လူခင်အရမ်းများတယ် ၊ ဒီလိုနဲ့ နေလာရင်း တစ်နှစ်ကျော်လာတော့ ကျောင်းဆရာမလေးတစ်ယောက်နဲ့ ချစ်ကြိုက်ပြီး လက်ထပ်လိုက်ကြတယ် ။

ကျောင်းဆရာမလေး မညို နဲ့ မင်္ဂလာဆောင်ပြီးတော့ သူငယ်ချင်းဖြစ်သူ ကိုအေးမင်း အိမ်မှာပဲ ဆက်နေဖြစ်ကြတယ် ဒီလိုနဲ့ ရက်တွေကြာလာတော့ မညိုမှာ ကိုယ်ဝန်ရလာတယ် အဲဒီ့နောက် သစ်လွင်ဆိုတဲ့ သားလေးကို မွေးဖွားခဲ့တယ် ။ မညိုက ကျောင်းဆရာမတစ်ယောက်ပီပီ သားကို ပညာတတ်ကြီးဖြစ်စေချင်တယ် အမြဲတမ်းပြောတတ်တာက

“ယောက်ျားရေ.. သားကို ပညာတတ်ကြီး ဖြစ်အောင် ညိုတို့ ကြိုးစားကြမယ်နော် သားလေးက ညိုတို့ရဲ့ ဒုတိယဘဝပဲ”

“အေးပါ ညိုရယ်… မောင်တို့ သားလေးကို ပညာတတ်ကြီးဖြစ်အောင်.. အဖေ့လို ပင်ပင်ပန်းပန်းမလုပ်ရအောင် ကြိုးစားကြမယ်”

အိပ်နေသော သားလေးမျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း စကားတွေ တတွတ်တွတ်ပြောနေကြတော့တယ် ။

….. …..

ကံကြမ္မာက ကိုလူမောင်တို့ကို မျက်နှာသာမပေးတာပဲလား ၊
သားလေးသစ်လွင် ၃ နှစ်သားမှာပဲ ညိုတစ်ယောက် ကျောင်းမှာ သန့်ရှင်းရေးလုပ်ရင်း သံစူးပါလေရော… ညိုလည်း ဘာမှမဖြစ်လောက်ပါဘူးဆိုပြီးနေလာတာ နောက်တစ်နေ့ရောက်တော့ အပျင်းဖျားတော့တာပဲ ဆေးခန်းပြတယ် ကိုယ်ပူက လုံးဝမကျဘူး ၅ ရက်လောက်နေတော့ လူလည်း မျော့မျော့ပဲကျန်ပြီး အသက်ပါတဲ့ အထိဖြစ်ခဲ့တယ် သားလေးငယ်ငယ်ရွယ်ရွယ်ကို စိတ်မချခဲ့တော့ အသေမဖြောင့်ခဲ့ဘူးလေ ။

ညိုဆုံးပြီးတဲ့ညမှာပဲ ညိုအမြဲသုံးတဲ့ နံ့သာဖြူနံ့စူးစူးရှရှ ရကြပါလေရော… ညို့အကြောင်း သတင်းလာမေးတဲ့သူတွေအားလုံး အနံ့ကြောင့် အားလုံးထိတ်လန့်ကုန်ကြတယ် သေချာတယ်.. ညို ..သားလေးကို စိတ်မချဖြစ်နေမှာ အားလုံးသိပြီး စိတ်မကောင်းဖြစ်ကြရတယ် ။

ဉာဥ့်နက်တော့ အားလုံးပြန်ကုန်ကြတယ် ကိုလူမောင်က သားလေးဘေးနားမှာ ဖက်ရင်း မှေးကနဲ့ အိပ်ပျော်သွားတယ်.. အိပ်မက်လိုလို… ညို… သားလေးနားကိုရောက်လာပြီး
စိုက်ကြည့်တာ မြင်တယ် ပြီးတော့ ညို .. သားလေးဘေးနားမှာ ထိုင်ချလိုက်တယ် ညို့… မျက်ဝန်းမှာလည်း မျက်ရည်တွေအပြည့်နဲ့ သားလေးကို ငုံ့ပြီးနမ်းလိုက်တယ် ။

” ဝါး… ဝါး…. မေမေ.. ဝါး… ဝါး…… ”

ဘေးက သားလေးထငိုလို့ ကိုလူမောင်တစ်ယောက်  လန့်နိုးသွားတယ်…

“သားလေး တိတ်.. တိတ်… ဖေဖေရှိတယ် မငိုနဲ့နော် ”

” မေမေ… မေမေ…”

ဘယ်လိုမှ ချော့လို့မရ.. အပေါ်ကိုကြည့်ပြီးငိုနေတော့တာ ဒါဆို ခုနက အိပ်မက်မဟုတ်လောက်ဘူး

“ညို.. တကယ်ရောက်လာတာနေမှာ… ညိုရေ.. ညို… သားလေးကို စိတ်ချပါကွာ မောင်.. အတတ်နိုင်ဆုံး ညို့ဖြစ်စေချင်တာတွေ ဖြစ်အောင် မောင်ကြိုးစားပါ့မယ် မောင်ကတိပေးပါတယ်.. ညို မောင်တို့ကို စိတ်ချပါကွာ.. ”

ကိုလူမောင်တစ်ယောက်ပြောရင်း လှိမ့်တက်လာသော မျက်ရည်များကို အားယူသုတ်ရင်း သားလေးကို ဖက်ထားနေလိုက်တယ် ထူးထူးခြားခြားပါပဲ… နံသာဖြူနံ့နှင့်အတူ ကိုလူမောင်ရဲ့ ကျောပြင်တစ်ခုလုံး အေးစက်စက်အထိအတွေ့ကြောင့် ကျက်သီးတဖျဉ်းဖျဉ်းထရင်း ညိုဆိုတဲ့အသိနဲ့ ကြောက်စိတ်ကို တိုက်ထုတ်နေမိပါတော့တယ် ဟုတ်တယ်.. ညို.. လူမောင့်ကို
နောက်ကျောကနေ သိုင်းဖက်ထားလေရဲ့ ။

………..

မနက်မိုးလင်းတော့…

“သူငယ်ချင်း လူမောင်.. မင်းညက အဆင်ပြေရဲ့လားကွာ..”

“ဘာဖြစ်လို့လဲ… ငါအဆင်ပြေပါတယ်” လို့ ညှိုးငယ်စွာ ဖြေမိတယ်။

“မင်း..စိတ်မဆိုးနဲ့ကွာ… ငါညက အိမ်နောက်ဖေးဘက်မှာ ရေအိမ်ဝင်တော့ မညိုကို ရိပ်ခနဲမြင်လိုက်ရတယ်… မင်းတို့ အိမ်ခန်းဘက်ဝင်သွားတာ တစ်ဆက်တည်းမှာပဲ နံ့သာဖြူနံ့တွေရလို့ ငါအိပ်ခန်းထဲပြေးဝင်ခဲ့ရတယ် တစ်ညလုံးလည်း အိပ်မပျော်ပါဘူးကွာ ”

” ဟုတ်တယ်.. သူငယ်ချင်း၊ ညို.. ရှိနေတယ် သားလေးကို စိတ်မချဖြစ်နေမှာ ငါသိတယ်၊ ငါသူ့အတွက် အမျှအတမ်းကောင်းကောင်း လုပ်ပေးရမယ်”

” အေးပါ သူငယ်ချင်းရာ.. ငါလည်းစိတ်မကောင်းပါဘူး မင်းနဲ့ငါ ညီအစ်ကိုလို နေလာကြတာ.. မိသားစုတွေလိုပါပဲကွာ.. ငါလည်းထပ်တူ ဝမ်းနည်းရပါတယ်.. မင်းဘာအခက်အခဲရှိရှိ ငါ့ကိုပြောကွာ.. ငါတတ်အားသ၍ ကူညီပေးမယ်”

“ကျေးဇူးပါ သူငယ်ချင်းရာ…”

…..

ညို့နာရေးအတွက် နာရေးကူညီမှုအသင်းနဲ့ ချိတ်ခဲ့တယ် အစစအရာရာအဆင်ပြေအောင် ကူညီပေးကြတဲ့ နာကူအဖွဲ့ကိုလည်း ကျေးဇူးတင်မဆုံးပါဘူး ။

ပြဿနာတစ်ခုက အခုမှစတာပဲ ညို့ရက်လည်မှာ သံဃာတော်တွေပင့်ပြီး အလှူအတန်းပြု ရေစက်ချ အမျှဝေဖို့အလုပ်မှာ
ငိုသံကြီး စူးစူးဝါးဝါး ကြားရတော့တာပါပဲ အားလုံးအံ့အားသင့်ပြီး အနောက်ကိုလှည့်ကြည့်တော့ ညို့သူငယ်ချင်းကျောင်းဆရာမလေး နှင်းနုက ရုတ်တရက်ကြီးထငိုတယ် မျက်လုံးတွေလည်း နီရဲနေတော့တာပဲ ဘုန်းကြီးလည်း ကိုလူမောင်ကို သွားကြည့်ခိုင်းတယ် ဆရာမလေးနှင်းနုက

“အီး..ဟီး… ဆရာတော်ဘုရား.. တပည့်တော်မကို အမျှအတမ်း မပေးပါနဲ့ဘုရား… အီး… တပည့်တော်မ ဒီကနေ ထွက်မသွားချင်လို့ပါ… သားလေးကို မထားခဲ့နိုင်ဘူး အီး…ဟီး….ဟီး…. ”

” ဒါကာမလေး… အသင်ဟာ.. လူ့ဘုံလောကနဲ့ ခြားနားသွားခဲ့ပြီလေ.. ဒကာမလေး ဘဝဟောင်းက သံယောဇဉ်တွေကို ဖြတ်ခဲ့ဖို့သင့်ပါပြီ… ယခုပြုတဲ့ကောင်းမှုကုသိုလ်တွေယူပြီး ဘဝကူးကောင်းအောင် သာဓုခေါ်ပေးပါ ဒကာမလေး… ”

“အီး….. ဟီး…… တပည့်တော်မကို ခွင့်လွှတ်ပါ အရှင်ဘုရား… တပည့်တော်မ သာဓုမခေါ်ပါရစေနဲ့ အီး… ဟီး…. တပည့်တော်မကို ခွင့်ပြုပါ ဘုရား… အီး….ဟီး…………………. ”

ဆရာမလေးတစ်ယောက် ငိုယိုရင်း အရုပ်ကြိုးပျက် လဲကျသွားလေတော့တယ် တရားနာလာကြသော သူတွေလည်း ငိုသူကငို… ကြောက်တဲ့သူလည်း ကြောက်လို့ ဆရာတော်ဘုရား အနားပြေးကပ်ကြကုန်တယ် ကိုလူမောင်တစ်ယောက်လည်း သားလေးကို ချီပြီး မျက်ရည်ပင်လည် ဝေနေရှာပါတော့တယ် ။

ဘုန်းဘုန်းဘုရားမှ ဆက်ပြီး

“_ _ _ ရက်နေ့တွင် ဘဝတစ်ပါးသို့ ပြောင်းသွားကွယ်လွန်ခဲ့သော မညို… အသက်( _ _ )နှစ် အားရည်စူး၍ သံဃာတော်အပေါင်းကို ယခုလို လှူဒါန်းရတယ့် ကောင်းမှုကုသိုလ်တွေအတွက် ဘဝတစ်ပါး ဒကာမလေး မညိုလည်း ရရှိနိုင်ပါစေ ပြုပြုသမျှ ကောင်းမှုကုသိုလ်တွေကိုလည်း ဘဝတစ်ပါးသို့ သယ်ယူသွားနိုင်ပါစေ… ကောင်းရာမွန်ရာ ဘုံဘဝကို ရောက်ပါစေ ကဲကဲ… ဒကာလူမောင်… ရေစက်ခွက်ကိုင်…”

“_ _ _ ”

” အားလုံး… ကြားကြသမျှ… အမျှ အမျှ အမျှ ”

” သာဓု… _ _ _… _ _ _… _ _ _ ”

” ညိုရေ… ကိုယ်တို့ သားအဖကို စိတ်ချပြီး သွားပါတော့
ညိုရယ်.. စိတ်ချပြီးသွားပါ”

ကိုလူမောင်တစ်ယောက် မျက်ရည်ကြားမှ အားယူတီးတိုး ရေရွတ်နေမိတော့တယ် တစ်ဆက်တည်းမှာပဲ… နံ့သာဖြူနံ့ စူးစူးရှရှ အားလုံးပဲ ရလိုက်လေတော့တယ်

” ဒါ… ညို.. အသိပေးတာပဲ ”

” ညို… သာဓုခေါ်လိုက်ပြီထင်တယ် ”

” ညို.. ကောင်းရာသုကတိ လားပါစေ… ”

အားလုံး ပြောဆိုနေကြတာတွေ့တော့ လူမောင် ဝမ်းသာသွားတယ်

” ညို… သားလေးအတွက် စိတ်ချပါကွာ… ကောင်းမွန်ရာ ဘုံဘဝကို ရောက်ပါစေလို့ မောင်ဆုတောင်းပေးပါတယ် ”

………………..

ညရောက်တော့ ညို့အဖေနဲ့ အမေရော… ညို့မောင်လေးတို့ လင်မယားပါ သားလေးကိုထိန်းရင်း အိမ်မှာ လာအိပ်ပေးကြတယ် ကျွန်တော်ရယ်၊ မယားညီအစ်ကို အောင်လေးနဲ့ ညို့အဖေ ဦးဝင်းလှရယ်… ဧည့်ခန်းမှာပဲ ညအိပ်လိုက်ကြတယ် ညို့ညီမလေး သဉ္ဇာရယ်.. ညို့အမေ ဒေါ်ဝင်းဝင်းရယ်ကတော့ သားလေးနဲ့ အခန်းထဲမှာ အိပ်ကြတယ်

ဒီလိုနဲ့ သန်းခေါင်ယံရောက်တော့ ကလေးငိုသံနဲ့အတူ… အခန်းထဲက အော်သံတွေကြောင့် ကိုလူမောင် အခန်းထဲ ပြေးဝင်လာကြတယ်

” ဘာဖြစ်တာလဲ မိန်းမ… သမီးရော.. ဘာဖြစ်တာလဲ ” လို့ ဦးဝင်းလှ စိုးရိမ်တစ်ကြီး မေးတယ်

” အဖေ… မမကို ခုနကတွေ့လိုက်တယ် ”

“ဟုတ်တယ် ယောက်ျား… သမီးလေးညိုကို ခုနက အခန်းဝမှာ ကျောပေးပြီး ရပ်နေတာ တွေ့လိုက်တယ် ”

” ဟေ… မင်းတို့ဟာက ဟုတ်လို့လားကွာ မင်းတို့ အိပ်ချင်မူးတူးနဲ့ သမီးလေးကို စိတ်စွဲပြီး မြင်ချင်ရာမြင်နေတာ နေမှာ ”

” မဟုတ်ဘူး ဖေဖေ… သမီးဒီအခန်းထဲမှာ စအိပ်ကတည်းက စိတ်ထဲမှာ မသိုးမသန့်နဲ့ တစ်ခုခုရှိနေသလို ခံစားရတယ်… အခုလည်း တူလေး ငိုလိုလန့်နိုးတော့ မမအခန်းထဲက ထွက်သွားတာ သမီးမြင်တယ် အဖေ.. သမီး အရမ်းကြောက်တယ် ”

” ဟေ… မင်းတို့ပြောတာ တကယ်ဆို ငါ့သမီးညိုအတွက် စိတ်မကောင်းစရာပဲ.. ဒီအတိုင်းတော့ ထားလို့မရဘူး ငါတို့ တစ်ခုခုလုပ်ရမယ် မိန်းမရေ… လူမောင်.. ငါ့သား.. မင်းမိန်းမကိစ္စအတွက် အဖေတို့ တိုင်ပင်စရာရှိတယ်… ”

” ဟုတ်.. အဖေ…” လို့ ပြောရင်း လူမောင်တစ်ယောက် ခေါင်းငိုက်စိုက်ချမိတယ် မျက်နှာမှာလည်း ဝမ်းနည်းရိပ်တွေနဲ့ ၊

“အားလုံး ဧည့်ခန်းမှာပဲ လာအိပ်ကြတော့ အဖေတို့.. မအိပ်တော့ဘူး စောင့်နေပေးမရ်… ”

“အဖေ… နံ့သာဖြူနံ့ ရပြန်ပြီ… အဖေရော အနံ့ရလား…”

လို့လူမောင် ညှိုးငယ်စွာမေးလိုက်တယ်

“အေး… ငါလည်းပြောမလို့… ဒါဆို သမီးလေး မကျွတ်လွတ်သေးတာ အသေအချာပဲကွာ… ငါ့သမီးလေးအတွက် တကယ် စိတ်မကောင်းဖြစ်မိတယ်”

“ညို့အတွက်.. ကျွန်တော်စဉ်းစားထားတာရှိတယ် သားလေးကို စိတ်မချလို့ မကျွတ်လွတ်သေးတာ သေချာတယ် အဖေ… ကျွန်တော်တို့ လိပ်ပြာခွဲဖို့ စီစဉ်မှ ရတော့မယ်ထင်တယ်… ညို.. ဘယ်လိုဖြစ်စေချင်တာလဲ… ညို… သားလေးကို ဘယ်သူ့လက်ထဲကို ထားခဲ့ချင်တာလဲ… ဘယ်လိုဆို စိတ်ချမှာလဲ ကျွန်တော်တို့ နားလည်သူနဲ့ မေးပြီး လိပ်ပြာခွဲရမယ် အဖေ”

“ဟုတ်တယ် သား… အဖေ သူငယ်ချင်းထဲမှာ ဒီလိုနားလည်တဲ့ အသိတစ်ယောက်ရှိတယ် အဖေ မနက်ဖြန်ခေါ်လာခဲ့မယ်.. သားတို့ ဒီမှာပဲ စောင့်နေကြဦး ”

” ဟုတ်ကဲ့.. အဖေ.. ကျေးဇူးတင်ပါတယ်ဗျာ”

” မလိုပါဘူးသားရယ်.. ငါ့သမီးလေးကို ဘဝကူးကောင်းစေချင်လှပြီ ”

……………

” သူငယ်ချင်း… ညို မကျွတ်သေးဘူး သူ.. သားလေးအနားမှာ ရှိနေသေးတယ်… ညကလည်း အမေနဲ့ ခယ်မ ညို့ကို တွေ့ကြသေးတယ်တဲ့ ငါတို့ကိုလည်း ညက အနံပေးပြီး သူရှိကြောင်းပြတယ် ”

” ဟုတ်လိမ့်မယ်.. ငါလည်း ညက မင်းတို့လိုပဲ အနံတွေရနေလို့ကွာ.. မင်းတို့ပြောတာနဲ့ဆို မညို မကျွတ်မလွတ်သေးတာ တကယ်အသေအချာပဲ မင်းဘာလုပ်ဖို့ စဉ်းစားထားလည်း သူငယ်ချင်း ”

” အဖေ့ သူငယ်ချင်းထဲမှာ လိပ်ပြာခွဲတာကို နားလည်တဲ့ အသိရှိတယ်တဲ့ ညကျရင် ခေါ်ခဲ့မယ်ပြောတယ်ကွာ”

“ကောင်းတယ် သူငယ်ချင်း… ဘာမှစိတ်မကောင်းမဖြစ်နဲ့ကွာ.. ငါလည်း ညကျရင် လာကူညီမယ်သူငယ်ချင်း”

“အေး..ပါကွာ…”

………………

ညက (၈) နာရီအတိ…

” မညို… သမီးလေးရေ… သမီးလေးအနားမှာ ရှိနေတာ အဒေါ်သိတယ်.. ခံစားလို့ရတယ် သမီးလေးကို အဒေါ်တို့ မေးစရာရှိတယ် … သမီးဖြေမှ ရမယ်… ဒီကိစ္စက သားလေးသစ်လွင်အတွက် အရမ်းအရေးကြီးတယ်… အဒေါ်တို့မေးတာကို သမီးလေးဖြေပါ… သမီးလေး အဒေါ်တို့မေးတာကို ဖြေပေးပါ ” လို့ အသက် ၅၀ ကျော် အန်တီကြီးတစ်ယောက်ရဲ့ သြဇာရှိလှသော
အသံကြောင့် ကိုလူမောင် စိတ်ဝင်စားသွားတယ် ။

ဘုရားဆင်အောက်ဘက်မှာ စားပွဲအဝိုင်းလေးချထားတယ် စားပွဲကိုလည်း ပိတ်ဖြူခင်းထားတယ် အလယ်မှာ အပေါက်ပါသောအုတ်နီခဲတစ်လုံး တင်ထားတယ်…. အုတ်နီခဲအပေါက်ထဲသို့ တစ်တောင်ခန့်ရှိသော ဝါးစိမ်းတုတ်ကိုထိုးထားပြီး ထိပ်ဖျားတည့်တည့်မှာ ပဝါဖြူလေးကို အပ်ချည်ကြိုးအဖြူလေးနဲ့ ချည်ပြီးတွဲလောင်း ချထားတယ်… ပြီးတော့ အုတ်နီခဲအစွန်းမှာလည်း ၆ လက်မခန့်ရှိသော ဖယောင်းတိုင်အတုတ်ကြီး တစ်ခုကို ထွန်းထားသည် ၊ အိမ်ခန်းတစ်ခုလုံးတွင် ဘုရားမီးနှင့် စားပွဲပေါ်က မီးသာရှိပြီး အားလုံးမှောင်မဲလျက် ။

အဒေါ်ကြီးမှ ဆက်ပြီး

” သမီးလေး ညို… ဝင်လာခဲ့ပါ… အဒေါ်တို့စောင့်နေတယ်”

“_ _ _ ”

အားလုံး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ရင်း ဘာမှထူးခြားမှုမရှိ….

” ညို… ဘာမှမဖြစ်ဘူး… သမီးလေးလာခဲ့ပါ အဒေါ်တို့ သမီးလေးကိုမေးစရာလေးရှိလို့ပါ.. သားလေးသစ်လွင်ကိစ္စနဲ့ ပက်သက်ပြီး အဒေါ်တို့သိချင်တဲ့ ဆုံးဖြတ်ချက်ကို သမီးပြပေးရမယ် ”

ထိုစဉ်ထွန်းထားသော ဖယောင်းတိုင်မီးက လေတိုက်သလို
ဝှေ့ရမ်းလျက်ရှိပြီး တစ်ပြိုက်နက် နံ့သာဖြူနံ့ ပေးပါတော့တယ် … အားလုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြိုင်တူခေါင်းညိတ်မိကြတယ် ။ ဟုတ်တယ်….. ညို.. ဒီမှာရောက်နေပြီ…

“ သမီးလေးညို… သမီးရောက်နေပြီလားဆိုတော့ အဒေါ်စမေးမယ်.. သားလေးကို စိတ်မချလို့ အခုထိမကျွတ်လွတ်ချင်သေးတာလား ဒါမှမဟုတ် သမီးယောက်ျားကို စိတ်မချလို့လား… အဖေနဲ့ အမေကိုလား သားလေးကြောင့်ဆိုရင် အဒေါ့်ဘက်ကို ပုဝါလေးဆွဲလိုက်ပါ… သမီးလေး ယောက်ျားကို စိတ်မချတာဆိုရင် လူမောင်ဘက်ကို ပုဝါဆွဲလိုက်ပါ သမီးလေးမိဘတွေကိုဆိုရင် အဖေ ကိုဝင်းလှဆီကို ပုဝါဆွဲလိုက်ပါ… ” လို့ ပြောနေတုန်း ပုဝါကို အဒေါ်ကြီးဘက်သို့ တစ်ယောက်ယောက်က ဆွဲသလိုမျိုး ထင်ထင်ရှားရှားကြီးကို ညွှန်ပြနေလေတော့တယ် ။ အားလုံး မျက်နှာကွက်ခနဲ ပျက်သွားကြတယ် … အဒေါ်ကြီးမှဆက်ပြီး

“ ဟုတ်ပြီ… ဒါဆိုရင်.. အဒေါ်သမီးလေး ညိုကို ပြောစရာတွေရှိတယ်.. သမီးက ဘဝခြားသွားခဲ့ပြီလေ.. ဘာလို့ ကျန်ခဲ့တဲ့သူတွေကို စိတ်မချဖြစ်နေရတာလဲ… သမီးလေးရဲ့ နောက်ဘဝအတွက် ပြင်ဆင်ရတော့မှာလေ… မောင်သစ်လွင်လေးကို သမီးလေးစိတ်မချဖြစ်တာ အဒေါ်တို့ နားလည်ပါတယ်… မိဘမေတ္တာဆိုတာ ဒီလိုပါပဲ သမီးရယ်… သမီးလေး အခုလုပ်ရမှာက သမီးလေးစိတ်ချတဲ့သူတစ်ယောက်ယောက်ကို သားလေးသစ်လွင်ကို ပေးခဲ့ပြီး သမီးလေး ကောင်းမွန်ရာ ဘဝကို သွားရမှာလေ.. သမီးလေး ဒီလိုဖြစ်နေတာကို အားလုံးက ဝမ်းနည်းနေကြပြီ… သမီးလေးက ကိုယ်ချစ်တဲ့သူတွေကို ဒီလိုဖြစ်စေချင်လို့လား… သမီးလေးကို ကောင်းရာမွန်ရာ ဘုံဘဝကို ရောက်စေချင်ကြပြီ… သမီးလေး အဒေါ်တို့အားလုံးရဲ့ စေတနာကို နားလည်တယ်ဆိုရင် သားလေးကို စိတ်ချတဲ့သူဆီကို ထားခဲ့ပါတော့ကွယ် ”

အဒေါ်ကြီးပြောတဲ့စကားတွေကြောင့် အားလုံးမျက်ရည်ဝဲကြရတယ်.. ထို့အတူ ရှိုက်သံတစ်ခုလည်း အမှောင်ရိပ်ထဲက သဲ့သဲ့လေးကြားနေရတယ်… လူမောင်က မျက်ရည်ကြားက အားတင်းပြီး စကားစတယ်…

“ ညို… သားလေးအတွက် မောင်တို့ကိုစိတ်ချပါကွာ… သားလေးကို မောင်နဲ့အတူထားခဲ့ပေးပါ… ညို့ရံ့ နောက်ဘဝအတွက်
ဘဝကူးကောင်းအောင် မောင်အလှူလုပ်ပြီး အမျှအတန်းဝေပေးပါ့မယ်.. မောင့်ရဲ့ တစ်ဦးတည်းသော ချစ်ဇနီး.. ဒီလိုဘဝရောက်နေတာ မောင်မကြည့်ရက်ဘူး… ကျေးဇူးပြုပြီး မောင်ပြောတာကို နားထောင်ပေးပါကွာ ”

လို့ပြောရင်း လူမောင်.. ခေါင်းငိုက်စိုက်ချကာ ကျိတ်ငိုနေမိတော့တယ်…..

“ သမီးလေ.. အဒေါ်တို့အားလုံးရဲ့ စေတနာကို နားလည်ပြီဆိုရင် သားလေးကို သမီးလေးစိတ်ချတဲ့လူကို ပေးခဲ့ဖို့ အဒေါ်စီစဉ်တော့မယ်… သားလေး မောင်သစ်လွင်ကို လူမောင့် ဆီကို ပေးထားခဲ့ချင်တယ်ဆိုရင် ပုဝါလေးကို လူမောင်ဘက်ကို ဆွဲလိုက်ပါ သမီးလေး… သမီးလေးမိဘတွေကိုပဲ ပေးခဲ့မယ်ဆိုရင် သမီးလေးအဖေ ကိုဝင်းလှ ဆီကို ပုဝါလေးဆွဲလိုက်ပါ သမီး… ”

အားလုံးခေတ္တ ငြိမ်သက်နေကြတော့တယ် လူမောင်ကတော့ အံကျိတ်ရင်း မျက်လုံးစုံမှိတ်ထားလျက်.. ထိုစဉ်… ဝါးတိုင်မှာချည်ထားသော ပုဝါဖြူလေးမှာ ကျွတ်ထွက်လျက် လူမောင့် လက်အစုံပေါ်သို့ ကျရောက်သွားတော့တယ် လူမောင်လည်း ပုဝါလေးကို စုပ်ကိုင်ရင်း

“ ညို… မောင်အရမ်းကျေးဇူးတင်ပါတယ်… ညို..ဒီလိုဆုံးဖြတ်ပေးလို့ မောင်.. ညို့ကို ပေးခဲ့တဲ့ ကတိအတိုင်း သားလေးအတွက် မောင်ကြိုးစားပါ့မယ် ညိုရယ်… ညို.. ကောင်းမွန်ရာ ဘုံဘဝကို ရောက်ပါစေလို့ မောင်ဆုတောင်းနေပါ့မယ် ညိုရယ်… ”

“ မောင်… ညို့.. မောင့်ကို ယုံပါတယ်… ယုံလို့လည်း မောင့်ကို ရွေးချယ်ခဲ့တာပါ.. ” ရုတ်တရက် အဒေါ်ကြီးမှ ညို့ပုံစံအစစ်ဖြင့် ပြောလေတော့ အားလုံးကြောင်သွားတယ် သေချာတယ်.. ညို့ဝိညာဉ် အဒေါ်ကြီးကိုယ်ထဲသို့ ရောက်ရှိနေပြီ အဒေါ်ကြီးဆီဝင်ရောက်နေသော ညို့ဝိညာဉ်.. အားလုံးကို ရွှန်းရွှန်းစားစားကြီး ကြည့်လျက်

လူမောင်လည်း အဒေါ်ကြီးဆိုသော အသိစိတ်ကင်းလွတ်ကာ
အဒေါ်ကြီးရဲ့ လက်အစုံကိုဆုပ်ကိုင်ကာ

“ ညို… မောင်တို့ကို စိတ်ချပြီး သွားပါနော်… သားလေးက ညိုပြောသလို မောင်တို့ရဲ့ ဒုတိယဘဝပါ ညိုရယ်… မောင် ညို့ကို အရမ်းချစ်တယ် ”

လို့ ပြောရင်း ငိုလေတော့ အားလုံးလည်း စိတ်မကောင်းဖြစ်ကြရတယ်… ညိုလည်း ကျလာသော မျက်ရည်များကို သုတ်ရင်း…

“ အဖေနဲ့ အမေကိုလည်း သမီးနှုတ်ဆက်ခဲ့ပါတယ်… ညီမလေး သဉ္ဇာလည်း လိမ်လိမ်မာမာနေခဲ့နော်… ဖေနဲ့မေကို ဂရုစိုက်… သမီးသွားတော့မယ်… သားလေးကို နောက်ဆုံး နမ်းခဲ့ပါရစေ ”

“ ရတာပေါ့ညိုရယ်… ” ဆိုပြီး လူမောင့်ဘေးမှာ အိပ်ပျော်နေသော သားလေး သစ်လွင်ကို ချီပြီး ညို့ကိုပေးလိုက်တယ် ညို့က.. သားလေးကို အတော်ကြာအောင် စိုက်ကြည့်ပြီး
မျက်ရည်တောက်တောက်ကျလျက်.. အားလုံးလည်း စိတ်မကောင်းလျက်ပါပဲ.. ညိုက သားလေးပါးကိုနမ်းလေတော့ သားလေးသစ်လွင် အိပ်နေရင်း ပြုံးရောင်သမ်းသွားတယ် …

“ သားလေးရယ်.. မေမေသားလေးကို ထားခဲ့ရတော့မယ်..
သားလေးဘဝတစ်လျှောက်လုံး လိုတိုင်းတ ရသောဘဝလေး
ပိုင်ဆိုင်ရပါစေ သားလေးရယ်.. အမေ နှုတ်ဆက်ခဲ့ပါတယ် ”
လို့ပြောရင်း သားလေးကို နမ်းကာ လူမောင်ကို ပြန်ပေးတယ်…

“ မောင်.. ညို့အတွက် အလှူအတန်းလုပ်ပြီး အမျှဝေပေးပါတော့… ညို.. သာဓုခေါ်ပါရစေ… အရာရာတိုင်းအတွက် မောင့်ကို ကျေးဇူးတင်ပါတယ်… ညို သွားတော့မယ်မောင်…. ” လို့ ပြောပြီး အဒေါ်ကြီး ခန္တာကိုယ် ပျော့ခွေကျသွားပါတော့တယ် ။

………………………... . . . . .  . . .

ညို့အတွက် သံဃာတော်များ ပင့်ဖိတ်ပြီး ဒုတိယအကြိမ်မြောက် အလှူအတန်းပြုခဲ့ပြီးကတည်းက အခုထိ ညို့အရိပ်အယောင်ကိုတောင် မမြင်ရတော့တာ အခုထိပဲ မဟုတ်ပါလား ။ ညိုတစ်ယောက် ကောင်းရာမွန်ရာ ဘဝသစ်တစ်ခုကို ရောက်ရှိနေပြီလို့ လူမောင် ယုံကြည်တယ်… တွေးရင်းဆွေးရင်း ကျလာသော မျက်ရည်များကို ခါးဝတ်ပုဆိုးကြမ်းကြီးဖြင့်သုတ်နေတုန်း…..

“ လူမောင်… သူငယ်ချင်း… တူကြီးသစ်လွင် ဆယ်တန်းအောင်တာကြားရလို့ ငါအရမ်းဝမ်းသာတယ် သူငယ်ချင်းရာ… ခုနက သစ်လွင်လေး ပြောလိုက်တာ ငါကြားလိုက်တယ်… ဘာတဲ့.. ဘတ်ထရီဆိုင်ကယ်လေးနဲ့ ဖုန်းလေးလိုချင်တယ်ဆိုတာ ”

“ ဟုတ်တယ်.. သူငယ်ချင်း.. ငါဝယ်ပေးမယ်လို့ ကတိပေးလိုက်ပြီ ”

“ လူမောင်ရယ်… သစ်လွင်လေး ကျောင်းစရိတ်အတွက် မင်းဘယ်လောက် ရုန်းကန်ရတယ်… ဘယ်လောက်ပင်ပန်းရတယ်ဆိုတာ ငါအသိဆုံးပါကွာ မင်းက သားကို အရမ်းအလိုလိုက်တာပဲကွာ… အလိုလိုက်လွန်းတာ မကောင်းဘူးသူငယ်ချင်း… ”

“ ငါသိပါတယ် သူငယ်ချင်းရာ… သားလေးအတွက်ဆို ငါဘာမဆိုလုပ်ပေးနိုင်ရမှာပေါ့.. ငါရှာနေတာ သားလေးအတွက်ချည်းပါပဲကွာ… ငါပင်ပန်းရလည်း ကျေနပ်ပါတယ် သားလေးအတွက် တာဝန်ကျေတဲ့ အဖေတစ်ယောက်ဖြစ်ချင်တယ် ”

“ မင်းကိုငါ လေးစားတယ် သူငယ်ချင်းရာ… မင်းပိုက်ဆံလိုရင် ငါ့ကိုပြောကွာ သူငယ်ချင်း.. အိမ်လခလည်း မင်းအဆင်ပြေတဲ့ အချိန်မှပဲပေးပါ… မင်းကို ကြည့်ရတာ ငါပင်ပန်းလှပြီ… ကျန်းမာရေးလည်း ဂရုစိုက်ကွာ သူငယ်ချင်းရာ… ငါ ဒီတစ်ခုပဲ မှာချင်တယ် ”

“ အေးပါသူငယ်ချင်းရယ်.. ငါ့ကို ဒီအချိန်ထိ အကူအညီပေးခဲ့တဲ့ ကျေးဇူး ငါမမေ့ပါဘူးကွာ… ’’

“ ရပါတယ် လူမောင်ရာ ” လို့ ဦးအေးမင်းပြောရင်း သူ့အိမ်ခန်းဘက်ဝင်သွားတယ် ။ လူမောင့် သေတ္တာထဲမှာ ဆုထားသော လက်ကျန်ငွေ (၄)သိန်းကျပ်တိတိသာ ရှိတော့တာ စဉ်းစားမိရင်း လူမောင်သက်ပျင်းအခါခါ ချမိနေပါတော့တယ် ။

…………………………….

“ အဖေ… သားမနေ့က သူငယ်ချင်းဆိုင်မှာ ဘတ်ထရီဆိုင်ကယ်လေးတွေ့ခဲ့တယ် အရမ်းမိုက်တယ် အဖေရယ်… အဲဒါလေးဆိုရင် မြို့ထဲပါစီးလို့ရတယ် အဖေ.. အားလည်း အကြားကြီးခံတယ်… အသစ်မဟုတ်ပေမယ့် အရမ်းတန်တယ်အဖေ ”

“ ဟုတ်လားသား.. ဈေးဘယ်လောက်လဲ သားရဲ့.. ”

“ ၃သိန်း ၂သောင်းတဲ့ အဖေရဲ့ ”

“ Aww… ဟုတ်လား… သားအဆင်ပြေရင် ယူလိုက်လေ သားလေး အဖေ မနက်ဖြန် ပိုက်ဆံထုတ်ပေးမယ် ”

“ တကယ်လား.. အဖေ… ”

“ တကယ်ပါသားရယ်.. ” လို့ပြောလိုက်တော့ ပျော်နေတဲ့ သားလေးရဲ့ အပြစ်ကင်းတဲ့ မျက်နှာလေးမြင်လိုက်ရတယ်
ရင်နှင့်အမျှချစ်ရတယ့် မိဘမေတ္တာတွေကြောင့် လူမောင့်ရင်ထဲ
အေးချမ်းသွားတော့တယ်… ပူပင်သောကတွေ ခေတ္တတော့
အဝေးကို ထွက်သွားပေးပါ ။

………………………………

သားလေးလူမောင်… စီးပွားရေးမေဂျာကို စိတ်ဝင်စားတယ်ဆိုသောကြောင့် ရွာသာကြီး စီးပွားရေးတက္ကသိုလ်မှာ တက်ရောက်ခွင့်ရခဲ့တယ်… သားလေးသစ်လွင် ပညာတတ်ကြီး ဖြစ်ဖို့အတွက် လူမောင်တစ်ယောက် ရရာအလုပ်ကို နှဖူးကချွေး ခြေမကျသည်အထိ ကြိုးစားခဲ့တယ် ၊ ဆိုက်ကားနင်းရင်တလှည့်၊ မီးပွိုင့်တွေမှာ ကွမ်းယာလှည့်ရောင်းရင်းတဖုံ၊ ဒီကြားထဲ အိမ်ငှား/ရောင်းပွဲစားကလည်း လုပ်လိုက်သေးတယ်။ ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း… သားလေးမျက်နှာမြင်တာနဲ့
ဘဝမောတွေ ရှိသမျှပျောက်ကုန်တာ လူမောင့်အကျင့်လိုတောင် ဖြစ်နေပြီကော ။

“ အဖေ.. သားကျူရှင်တက်မှဖြစ်တော့မယ်.. သားစာတွေမလိုက်နိုင်ဘူး ”

“ ဟုတ်လားသားရယ်… အဖေ့ကို ပြောရောပေါ့… ဘယ်လောက်ကုန်ကျမလဲသား ”

“ တစ်ဘာသာကို.. တစ်လ ၃သောင်းကနေ ၅သောင်းလောက် ကျမယ်ပြောတယ် အဖေ.. ”

“ ဟေ.. ဟုတ်လား.. သားက ဘယ်ဘာသာတွေ မလိုက်နိုင်တာလဲ… ဘာသာစုံတော့ မယူပါနဲ့သားရယ်.. သားသိပ်မလိုက်နိုင်တဲ့ ဘာသာတွေပဲယူပါ ”

“ အဲဒါဆိုလည်း.. ၃ ဘာသာတော့ ယူရမယ်အဖေ.. အဖေတို့ကလည်း ဒါလေးတောင် တွန့်တိုနေတာလား ”

“ မဟုတ်ပါဘူးသားရယ်.. မကုန်သင့်တာ မကုန်အောင် အဖေက ချွေတာတဲ့ အနေနဲ့ ပြောတာပါသားရယ် ”

“ ပြီးရော.. အဖေ.. သားမနက်ဖြန် ဆရာမကို တက်ဖို့ ပြောလိုက်တော့မယ် ”

“ အေး..ပါ… ”

အော်… သားလေးရယ်.. အဖေ့ စေတနာကို အခုထိနားမလည်သေးပါလား သားကို ဒီအသက်အရွယ်အထိ အဖေရုန်းကန်လာခဲ့ရတာ.. သားလေးကို သူများတွေလို ပျော်စေချင်တာပေါ့.. သားလိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးချင်တာပေါ့ သားရယ်… အဖေ့အခြေအနေက သားလိုအပ်သမျှကို အကုန်မဖြည့်ဆည်းပေးနိုင်သေးတဲ့အတွက် အဖေ့ကို ခွင့်လွှတ်ပါသားရယ် ။

………………………………

“ လူမောင်… မင်းသားငသစ် အကြောင်းကြားပြီးပြီလား ”

“ ဘာအကြောင်းလဲ… အေးမင်းရဲ့… မကြားမိပါဘူး ”

“ မင်းသားက လူကဖြင့် အတောင်မစုံသေးဘူး.. ပျံဖို့က လုပ်နေပြီ ”

“ မင်းစကားက အစမ်းပါလား.. ဆက်ပါဦး ”

“ မင်းသားဘော်ဒါတွေနဲ့.. ငါ လ္ဘက်ရည်ဆိုင်မှာဆုံတုန်း ငါမေးရင်း သိလိုက်ရတာ… မင်းသား ကျောင်းမှာ ရည်စားရနေပြီတဲ့ကွ ”

“ ဟားး.. ငါ့သားကတော့ စွန်ချက်ကွာ ” လို့ ဦးလူမောင် ရယ်ရယ်မောမော ပြောလေတော့

“ ရယ်မနေနဲ့ ငါ့ကောင်… ကောင်မလေးက တအားပွေတယ်လို့ ပြောတယ်နော် အဲ့ဒါ မင်းသားငသစ် မွှန်နေပြီး ဘာမှမသိမှာဆိုးလို့ သတိပေးလိုက်ဦး ”

“ အေးပါကွာ… ငါ့နည်း ငါ့ဟန်နဲ့ မေးကြည့်ပါဦးမယ် ”

“ ငါအဲဒါ လာပြောတာကွာ… သွားလိုက်ဦးမယ် ”

………………………

ည (၇) နာရီ…

“ သား.. ဒီကိုလာပါဦးကွာ… နောက်ကျလှချည်လားသားရယ်
ကျောင်းမှာ အဆင်ပြေရဲ့လား… ”

“ ပြေပါတယ်.. ဖယ်ရီမစီးဘဲ လိုင်းကားတိုးစီးရတာလေး တစ်ခုပဲ အဆင်မပြေတာပါ ”

“ သားရယ်.. ဒီလောက်တော့ သည်းခံရမှာပေါ့ကွာ.. အဖေလည်း တတ်နိုင်သလောက် သားအတွက် ကြိုးစားနေတာပါ ”

“ ဘာပြောနေလို့လည်း အဖေရယ်.. အဖေပဲ အဆင်ပြေလား.. မပြေလား မေးလို့ သားကဖြေပေးတာလေ… ”

“ ကျောင်းမှာ ရည်းစားတွေ ဘာတွေရော ရနေပြီလား ငါ့သား ”

“ ဟာ… အဖေကလဲ အရေးမပါတာတွေ လာမေးနေတယ်.. ဘာလို့ ရည်းစားထားရမှာလဲ… စာသင်ရတာနဲ့တင်ပဲ အလုပ်ရှုပ်နေတာ အဖေရယ် ”

“ အော်.. အဖေက သိချင်ယုံသက်သက်ပဲ မေးကြည့်တာပါကွာ.. သားရေမိုးချိုးပြီး ထမင်းစားဖို့လုပ်တော့… စာလည်းကျက်ရဦးမယ်မလား ”

ဦးလူမောင်တစ်ယောက် အားတင်းပြီးသာပြောလိုက်တာ
စိတ်ထဲမှာ ဝမ်းနည်းမှုတွေ ပြည့်လျှံကျလျက် …

> သားရယ်.. အဖေ့ကို ဒီလောက်မစိမ်းကားပါနဲ့ကွာ.. သားက အဖေ့ရဲ့ ဒုတိယဘဝမို့လို့ သားရဲ့ကိစ္စတိုင်းကို အဖေသိချင်မိတာ အပြစ်ဖြစ်နေလို့လား ငါ့သားရယ် < ။

……………………….

“ ချယ်ရီ… ကိုယ်တို့ မနက်ဖြန်ဆိုရင် ကိုယ်တို့ချစ်သူသက်တမ်း တစ်နှစ်ပြည့်တော့မယ်နော် ”

“ ဟယ်… တကယ်.. အချိန်တွေကလည်း ကုန်မြန်လိုက်တာနော်… ကိုနဲ့သာတွဲလာတာကြာပြီ… ကို့မိဘတွေအကြောင်း အခုထိ ချယ်ရီ့ကို မပြောပြသေးဘူးနော်… ပြောပြမယ်ဆိုပြီး တစ်ခါမှလည်း မပြောဘူး ”

“ မဟုတ်ပါဘူး ချယ်ရီရယ်.. ပြောမယ်လုပ်ပြီး စကားမစပ်မိလို့ပါ… ”

“ အဲဒါဆို အခုစကားစပ်ပြီ… ပြောပြတော့ ကိုတို့ မိဘတွေအကြောင်း ”

“ ကို့မိဘတွေအကြောင်းက ထွေထွေထူးထူးတော့ မရှိပါဘူး ချယ်ရီရယ်… ကိုယ့်အမေက ကို ၃ နှစ်သားမှာဆုံးသွားတယ် ”

“ စိတ်မကောင်းပါဘူးကိုရယ် ”

“ အဖေက Trading Company အသေးလေးတစ်ခုဖွင့်ထားတယ်.. အရမ်းမကြီးပေမယ့် အလုပ်ကောင်းတော့ အဆင်ပြေတယ်လေ ”

“ ဟယ်… ဟုတ်လား.. ဒါဆို ကိုယ့်ဖေဖေက ဘောစိပေါ့… မပြောဘူးကျန်း လျှိုထားတယ် ”

“ လျှိုထားတာ မဟုတ်ပါဘူးညိုရယ်.. မပြောဖြစ်တာပါဆို ”

“ ဟုတ်ပါပြီ.. ကုမ္ပဏီပိုင်ရှင် သားကြီးရယ် ”

“ ဟာ… ချယ်ရီကတော့ နောက်ပြီ… ကဲ.. ကိုတို့ ကန်တင်းသွားပြီး တစ်ခုခုသွားစားကြရအောင် ”

“ သွားကြမယ်လေ ”

ဟူးးးးးးးးး ငသစ်တစ်ယောက် ကြည့်ကောင်းအောင်သာ
လိမ်လိုက်ရတာ.. စိတ်ထဲမှာ သိပ်မလုံ… ရှက်သလိုလို
ကြောက်သလိုလို စိတ်ထဲမှာ ခံစားနေရတာတော့ အမှန်ပဲ ။

……………………………….

ဦးလူမောင် တစ်ယောက်ခေါင်းခဲနေတယ်… အခုရက်ပိုင်း
သေတ္တာထဲမှာ ထည့်ထားတဲ့ ပိုက်ဆံတွေ လျော့လျော့နေတာ
သတိထားမိလာတယ်… ငသစ်ရဲ့ လက်ချက်ဆိုတာလည်း
ရိုက်မစစ်လည်း သိတယ်…

> သားရယ် ဘာလို့ ဒီလိုလုပ်ရတာလဲ.. သားလိုအပ်ရင် အဖေ ထုတ်ပေးနေကျပဲကို… <

ဝမ်းနည်းစွာ ဦးလူမောင်တစ်ယောက် ရေရွတ်နေမိတယ်
သားဖြစ်သူကိုလည်း ဒီကိစ္စမပြောရက်… စဉ်းစားရင်း အဖြေတစ်ခုရလာတယ် ဟုတ်ပြီ… သူငယ်ချင်းအေးမင်းကို အကူအညီတောင်းရမယ် ။ စဉ်းစားမိပြီး အေးမင်းတို့ အခန်းဘက်ကို ကူးသွားလိုက်တယ်

“ အေးမင်း… သူငယ်ချင်း… ”

“ ဟေ့.. လူမောင် သူငယ်ချင်း လာကွာ.. ကိစ္စရှိပြီထင်တယ် ”

“ ဟုတ်ပါ့ သူငယ်ချင်းရာ… မင်းကို ကိစ္စတစ်ခုတိုင်ပင်ရင်း အကူအညီတစ်ခုလောက်တောင်းချင်လို့ပါ သူငယ်ချင်းရာ.. ”

“ ပြောမှသာပြောပါကွာ… ညီအစ်ကိုတွေလိုနေလာတာ..
မင်းမှငါမကူညီရင် ဘယ်သူ့ငါသွားကူညီရမလဲ ”

“ အေးကွာ… နောက်တစ်နှစ်ဆိုရင်ပဲ သားတော်မောင် ငသစ် နောက်ဆုံးနှစ်ရောက်ပြီး ဘွဲ့ယူရဖို့ နီးလာပြီကွ… ”

“ အေး.. သိတယ်လေ… ဒါနဲ့ ”

“ အင်း… ညို့ဆုံးသွားတုန်းက ညို့ဆီကနေ သိမ်းထားခဲ့တယ့် နားကပ်လေးရယ်… ဆွဲကြိုးလေးရယ်… ငါတို့နှစ်ယောက်ရဲ့ မင်္ဂလာဦးလက်စွပ်လေးတွေ မင်းဆီမှာ ငါအပ်ထားချင်တယ် သူငယ်ချင်း… သားလေး ဘွဲ့ယူတဲ့အချိန်ကျမှ ဒါလေးတွေရောင်းပြီး တင့်တင့်တယ်တယ်ဖြစ်အောင် ငါစီစဉ်ချင်လို့ပါ ”

“ ဟာ… ဒါ.. ကာလတန်ဖိုးပေါက်ဈေး သိန်း ၂၀ ကျော်တာပဲ
ငါ ဒီလောက်ကြီး လက်ခံပြီး သိမ်းမထားချင်ဘူး သူငယ်ချင်း ”

“ မင်းပြောတော့ ကူညီမယ်ဆို… ငါမင်းကို အပြည့်အဝယုံတယ် ငါဆိုတာကလည်း ဘယ်နေ့ ချက်ချင်းသေမယ်ဆိုတာ သိတာမဟုတ်ဘူး အကယ်၍ ငါမရှိတော့ဘူးဆိုရင် ငါ့အစား မင်းဒါတွေ လုပ်ပေးရမယ်နော် ”

“ ဟာ… ဒီကောင်လူမောင်တော့ နမိတ်မရှိ နမာမရှိ ပြောတော့မယ်… အေးကွာ.. ငါကတိပေးတယ်… မင်းဆန္ဒတွေ တစ်နေ့ပြည့်မှာပါ… မင်းက တကယ့် အဖေကောင်းပဲကွာ… ဒါနဲ့ အကူအညီတောင်းမယ့် ကိစ္စတော့ပြီးပြီ… တိုင်ပင်မယ်ဆိုတဲ့ ကိစ္စကရော ဘာလဲကွ ”

“ ငါအခုရက်ပိုင်း သိမ်းထားတဲ့ ပိုက်ဆံတွေ ပျောက်ပျောက်နေတယ် သားလေးလူမောင် အကျင့်ပျက်နေတယ် သူငယ်ချင်းရာ.. ငါလည်း သူ့ကို ပြောမထွက်ဘူး… သူလည်း အသုံးလိုနေလို့ လုပ်တယ်ဆိုတာ ငါနားလည်တယ် ”

“ အင်း… ငါတစ်ခု အကြံပေးရရင် မင်းဆုထားတယ်ဆိုတဲ့ ပိုက်ဆံကို ဘဏ်ထဲကို ထည့်လိုက်ကွာ.. ဒါဆို မင်းအတိုးလည်းရမယ် အခုဖြစ်နေတဲ့ ကိစ္စလည်း အဆင်ပြေသွားလိမ့်မယ်… ”

“ ဟုတ်သားပဲ.. ကျေးဇူးပဲ သူငယ်ချင်းရာ… ငါအဲလိုပဲ လုပ်လိုက်တော့မယ် ”

…………………………………

“ အဖေ… သားကျောင်းသွားတော့မယ် ”

“ ဟုတ်ပြီသားလေး… စားပွဲပေါ်မှာ သုံးထောင်ယူသွားလိုက်နော်သား ”

“ အဖေ… အဖေ့ကို သားပြောမလို့ ကြည့်နေတာကြာပြီ… အဖေရယ်.. ဒီခေတ်ကြီးထဲမှာ တစ်ရက် ၃ ထောင်နဲ့ ဘာမှလုပ်လို့မရတော့ဘူး ၊ အခုတော့သားက လိုင်းကားလည်း ၃ ဆင့်စီးရတယ် ၊ လမ်းစရတ်တင် တစ်ထောင်ကုန်ပြီ ကျန်တဲ့ ၂ ထောင်နဲ့ သားဘယ်လိုလုပ်လောက်မှာလဲ… ကန်တင်းမှာ ခေါက်ဆွဲပြုတ် တစ်ပွဲတောင် တစ်ထောင်ပေးရတယ် ”

“ ဒီရက်ပိုင်းတော့ ချွေတာပါသားရယ်… အဖေ အလုပ်တွေ
သိပ်အဆင်မပြေသေးလို့ပါ… အလုပ်အဆင်ပြေရင် ငါ့သားကို မုန့်ဖိုးတိုးပေးမှာပါ ”

“ အဖေ့ပြောလိုက်ရင် ဒီလိုချည်းပဲ.. အရမ်းစိတ်ပျက်ဖို့ကောင်းတယ် ကျွန်တော် ဒိုးပြီ….. ”

>သားရယ်… အဖေကိုပြောသွားတာ စိတ်ပျက်တယ်တဲ့လား..
လူလေးအတွက် အဖေတတ်နိုင်သလောက် ကြိုးစားနေရတာ
လူလေးမမြင်နိုင်သေးပါလားကွာ … ငါလည်း ဒီအတိုင်းတော့ အဆင်မပြေတော့ဘူး ပိုရှာရတော့မယ် < လို့ တွေးရင်း အသံစုံမြည်နေသော ဆိုက်ကားလေးကို ထုတ်ပြီး အင်ဂျင်ဝိုင်ဟိုထည့် ဒီထည့်လုပ်ပြီး တစ်နေ့တာအတွက် ဦးလူမောင် ရုန်းကန်ရပြန်ပြီလေ… ။

……………………………..

သမိုင်းလမ်းစုံတွင်ဖြစ်သည် ။

“ ကွမ်းယာတွေရမယ်… 92… ဘုရင်မ… ရေသန့် အေးတာတွေရမယ် ” တတွတ်တွတ်အော်နေသော ဦးလူမောင်တစ်ယောက်… လူလည်း အရင်ကလို လူဖြောင့်လူတောင့် မဟုတ်တော့ လောကဓံရိုက်ပုတ်မှု ဒဏ်ချက်တွေ အခုဆို နေလောင်နေသော နီစပ်စပ် အသားအရေ၊ မျက်နှာတစ်ခုလုံးလည်း ရှုတ်ထွေးသော အမွှေးအမျှင်တွေဖြင့်… ခေါင်းတစ်ခုလုံး ဖြူနေသော ဆံပင်တွေနဲ့ အရမ်းကို အိုစာသွားခဲ့လေပြီ ။

ချွေးသံတရဲရဲနှင့် YBS ကားတွေပေါ် တက်လိုက်ဆင်းလိုက်ဖြင့် … ထိုစဉ်….. YBS နောက်ဆုံးတန်းမှာ ထိုင်နေကြတဲ့ သားလေးသစ်လွင်နဲ့ သူငယ်ချင်းတွေလို့ ယူဆရတဲ့ ရွယ်တူကောင်လေးတွေ ကောင်မလေးတွေ…. ဟေးလားဝါးလား စကားတွေပြောနေကြတယ် ။

>သားလေး သစ်လွင်ပါလား… ကျောင်းမတက်ဘူးလား
ဘယ်တွေသွားပြီး ဘယ်တွေများလုပ်နေတာပါလိမ့်… တွေ့တုန်းမေးရမယ်< ဆိုပြီး ကားအတွင်းဘက်တိုးဝင်ပြီး

“ သား… သစ်လွင်… သားကျောင်းမသွားဘူးလား… ဘယ်တွေသွားနေတာလဲ သားရယ် ” လို့ပြောလိုက်တဲ့ စကားကြောင့် သစ်လွင်နဲ့ ဘော်ဒါတွေ ကြောင်သွားတယ် ၊ သစ်လွင် အံ့သြအမူအရာဖြင့် ချက်ချင်းဆိုသလို

“ ခင်ဗျားကြီးက ဘယ်သူလဲ.. ဘာလို့ ကျွန်တော့်ကို သားလို့ခေါ်တာလဲ သားကြီးတို့… ငါတို့ ဒီမှတ်တိုင်ပဲ ဆင်းရအောင်ကွာ ” ဆိုပြီး သစ်လွင်ကောင်မလေးတစ်ယောက်လက်ကို ကိုင်ပြီး YBS ပေါ်ကနေ ဆင်းသွားတယ်… သူ့နောက်က ဘော်ဒါလေးယောက်လည်း ဦးလူမောင်ကို ကြောင်တောင်တောင်အကြည့်ဖြင့်ကြည့်ပြီး ဆင်းသွားကြလေတယ် ၊ ဦးလူမောင် စိတ်မကောင်းကြီးစွာဖြစ်သွားတယ်

>အော်.. သားလေးသစ်လွင်ရယ်.. အဖေက ဒီလောက်တောင် သားအတွက်အရှက်ရစေတဲ့ အဖေတစ်ယောက်ဖြစ်နေပြီလားကွာ… ငါ့သားအတွက် အရှက်ရစေတယ်ဆိုရင် အဖေ ဒီအလုပ်ကို မလုပ်တော့ပါဘူးကွာ… <

ဇောတ်ထိုးပြုတ်ကျသွားသောစိတ်ဓါတ်တွေနဲ့ ဦးလူမောင်တစ်ယောက် ခေါင်းငိုက်စိုက်ချလျက်… ဈေးလည်းဆက်မရောင်းချင်တော့… အိမ်ကိုသာ ပြန်ခဲ့လိုက်တော့တယ် ။

…………………………………

ည ၈ နာရီခွဲ… သစ်လွင် တစ်ယောက် အိမ်ထဲကို ယိုင်တိုင်ယိုင်တိုင်နဲ့ ရောက်ချလာတယ်…

“ သား… သစ်လွင်… အရက်တွေ သောက်လာတာလား
ဘာလို့သောက်ရတာလဲ သားရယ်.. ”

“ ဘာဖြစ်လို့လဲ အဖေ… စိတ်ညစ်လို့သောက်တာပေါ့ဗျာ… ဘာလဲ အဖေက သားကို သူငယ်ချင်းတွေရှေ့မှာ အရှက်ခွဲရတာ အားမရသေးတာလား နင့်အဖေက YBS ကားတွေပေါ်မှာ ကွမ်းယာ..ရေသန့် လိုက်ရောင်းတဲ့သူလို့ သားသူငယ်ချင်းတွေခြားမှာ အရှက်လုံးဝကွဲရပြီ အဖေဘာလို့ ဒီလိုလုပ်ရတာလဲ… တခြားအလုပ်တွေအများကြီးရှိပါတယ် ဘာလို့ ဒီလိုအလုပ်ကိုမှ ရွေးလုပ်ရတာလဲ အဖေရယ်… ကျောင်းပြီးကာနီးမှ
သားကို အရှက်ခွဲရက်တယ်… အဖေမကောင်းဘူး ”

“ မဟုတ်ပါဘူး သား.. အဖေလည်း ဘယ်လုပ်ချင်ပါ့မလဲ… အရမ်းလည်း ပင်ပန်းတယ်သား… ပြီးတော့ ဒီအလုပ်လေးက အရင်းနည်းနည်းနဲ့ အမြတ်အများကြီးကျန်လို့ အဖေရွေးချယ်ခဲ့တာပါ ”

“ တော်ပါ အဖေရယ်… အဖေ့ဆင်ခြေတွေ ရိုးနေပါပြီဗျာ…
အဖေ့ကို နောက်ဆုံးအနေနဲ့ အသိပေးလိုက်မယ်.. သားကိုထပ်ပြီး အရှက်ရအောင် မလုပ်ပါနဲ့တော့… သားဘွဲ့ယူရင်လည်း
အဖေမလိုက်ပါနဲ့တော့ … သားအိပ်တော့မယ် ”

ထင်မှတ်မထားသော သစ်လွင်ရဲ့စကားကြောင့် ဦးလူမောင် အရုပ်ကြိုးပျက် ထိုင်ချလိုက်ပါတော့တယ် ငါ့သားရယ် မင်းမို့လို့ ဒီလိုစကားတွေ ပြောထွက်ရက်တယ်ကွာ… သားဘွဲ့ယူရင် မလိုက်ပါနဲ့တော့တဲ့လား… ငါ့သားကြီး ပညာတတ်လူတော်ကြီးဖြစ်တဲ့နေ့ကို အဖေ့ကိုတောင် မြင်ခွင့်မပေးတော့ပါလား သားရယ်.. မင်းကိုအရမ်းချစ်ခဲ့တဲ့ မင်းအမေနဲ့ အဖေ့ရဲ့မေတ္တာတွေကို သားမမြင်သေးပါလား… အဖေတို့ရဲ့ မေတ္တာတွေ
သားတစ်နေ့ နားလည်လာမှာပါ ၊ သားကို အရှက်ရစေခဲ့တဲ့
အဖေ့ရဲ့ အပြစ်တွေအတွက်လည်း ခွင့်လွှတ်ပါ သားရယ် ။

………………………..

ဒီရက်ပိုင်း ရန်ကုန်မှာ ညနေစောင်းတာနဲ့ အရမ်းအေးလာတယ်… အအေးလိုင်းဖြတ်တယ်လို့တော့ ပြောကြတာပဲ… ဦးလူမောင်လည်း ဆိုက်ကားစောစောသိမ်း.. ရေမိုးချိုးပြီး သားလေးလူမောင် ကျောင်းပြန်လာတာကို စောင့်နေပါတော့တယ် ။ ထူးထူးခြားခြား ဦးလူမောင်မျက်နှာလေး တပြုံးပြုံးဖြစ်နေတယ်

“ လူမောင်.. သူငယ်ချင်း … ငါမင်းကို ကြည့်နေတာ တပြုံးပြုံးနဲ့ မင်းဘာဖြစ်နေတာလဲ… ”

“ ဘာဖြစ်ရမှာလည်း သူငယ်ချင်းရာ… ငါစုထားတဲ့ ပိုက်ဆံ
(၅) သိန်းကျော်ကို… သားလေးနားမည်နဲ့ နေ့လည်က ဘဏ်စာအုပ်လုပ်လာခဲ့ပြီ … အဲဒါ.. သားလေးကိုပေးဖို့ စောင့်နေတာ အေးမင်းရေ… ”

“ လူမောင်.. လူမောင်… မင်းကတော့ တကယ့် အာဂ အဖေပဲကွာ… ”

“ဦးလူမောင်ရေ… ” အိမ်ရှေ့က ခေါ်သံကြောင့် ဦးလူမောင်ထွက်လာတယ် ..

“ဟ.. မောင်ချမ်းလေးပါလား.. ရေးကြီးသုတ်ပြာနဲ့ ဘာကိစ္စဖြစ်လို့လဲ”

“ ဦးလူမောင်ကြီးရေ… ဆိုက်ကားလေး ကူညီပါဦးဗျာ… ကျွန်တော့်အမျိုးသမီး ဗိုက်အရမ်းနာလာလို့တဲ့ … မွေးဖို့ကလည်း
လမစေ့သေးဘူး.. ဘာဖြစ်တာလဲမသိဘူးဗျာ… Taxi ခေါ်ဖို့ကလည်း လမ်းထဲကို ကားကဝင်လို့မရတော့ ဦးလူမောင်ကြီး ကူပြီး အင်းစိန်ဆေးရုံကြီးလိုက်ပို့မှ ရတော့မယ် ”

“ အေး..အေး.. ဒါဆိုအသင့်လုပ်ထားကွာ… ငါအခုထွက်လာခဲ့မယ် ”

“ ကျေးဇူးပဲ ဦးလူမောင်ကြီးရေ… ”

“ အေး..အေး..” ဆိုပြီး ဦးလူမောင်တစ်ယောက် သစ်လွင်ရဲ့ဘဏ်စာအုပ်လေးကို ဘုရားစဉ်ပေါ်မှ ဆင်းတုတော်အောက်ခြေမှာ ဖိထားခဲ့ပြီး ဆိုက်ကားလေးဆွဲ ထွက်ခဲ့တော့တယ် ။

…………………………….

အင်းစိန်ဆေးရုံကြီးတွင်ဖြစ်သည် ။

“ ဦးလူမောင်ကြီး ကယ်ပေလို့သာပေါ့… နို့မို့ဆို မလွယ်ပေဘူး
အခုလည်း အဖြေမသိရသေးဘူး.. ဆရာဝန်တွေ စစ်ဆေးပေးနေကြတယ် ဦးလူမောင်ကြီး ကျေးဇူးပါဗျာ… ၅ ထောင်ယူသွားပါ နည်းတယ်များတယ် မထင်ပါနဲ့.. ကျေးဇူးတင်လွန်းလို့ပါ ”

“ ရပါတယ် မောင်ချမ်းလေးရယ်… အိမ်နီးနားချင်းတွေပဲ ကူညီရမှာပေါ့… အစ်ကိုကြီးကို ၂ထောင်ပဲပေးပါ ၅ ထောင်များပါတယ် ” လို့ပြောပြီး မောင်ချမ်းလေးစီက ၂ ထောင်ယူပြီး အိမ်ပြန်လာခဲ့လိုက်တယ် ဒီအချိန်ဆို သားလေး သစ်လွင် အိမ်ပြန်ရောက်လောက်ပြီ သားလေးကြိုက်တဲ့ ကြက်ပေါင်တစ်ချောင်းလောက် ဝယ်သွားဦးမှပါဆိုပြီး အိပ်ကပ်ထဲမှ ပိုက်ဆံကို ငုံ့ပြီးအထုတ် ဆိုက်ကားလက်ကိုင်က တခြားယာဉ်ကြောဘက် ဦးတည်သွားတာ ဦးလူမောင် သတိမထားလိုက် ……

“ တီ… တီ……..ကျွီ………. ဒုန်းးးးးးးးးးးးးးးးးးး ” ။။။

…………………………..

ငသစ်တစ်ယောက် အိမ်ထဲဝင်လိုက်တယ်…

“ အဖေလည်း မရှိပါလား… အဖေဘယ်သွားနေပါလိမ့်… ပြန်မရောက်သေး တာလား မသိဘူး ” တစ်ယောက်တည်း ရေရွတ်ရင်း ကျောင်းအဝတ်အစား လဲနေလိုက်တယ်… အိမ်ရှေ့ကနေ တလျှပ်လျှပ် ခြေသံကြားလို့ ထွက်ကြည့်တော့ အဖေ ဖြစ်နေတယ်…….

“ အဖေ.. ခြေထောက်က ဘာဖြစ်လာတာလဲ… ဆိုက်ကားရော.. ”

“ ဆိုက်ကားက လမ်းထိပ်မှာထားခဲ့တယ် သားရဲ့… ခြေထောက်က ချော်လဲတာ ဘာမှမဖြစ်ဘူး… နည်းနည်းလောက်ပဲ နာတာပါ ”

“ ဟာ… အဖေကလည်း ဂရုစိုက်ဦးမှပေါ့… ”

“ ဘာမှမဖြစ်ပါဘူး သားရယ်… ငါ့သားကို အဖေ ပေးစရာရှိတယ်… ဘုရားစင်ပေါ်မှာ ကြည့်လိုက်နော် ”

“ ဟုတ်အဖေ.. ကျွန်တော့်အဝတ်အစားလဲပြီးရင် ကြည့်လိုက်မယ် ” ဆိုပြီး ငသစ်က အခန်းထဲ ပြန်ဝင်သွားတယ် ။ အပြင်ပြန်ထွက်လာတော့ အဖေ့ကို မတွေ့တော့

“ အဖေ… အဖေ… ဟာ… ခြေထောက်နာကြီးနဲ့ ဘယ်ထွက်သွားပြန်ပြီလဲ မသိဘူး ”

ငသစ်စိတ်တိုတိုနဲ့ ပြောပြီး ဘုရားစင်ပေါ်က အဖေပြောတဲ့ ပေးစရာဆိုတာ ရှာကြည့်လိုက်တယ်

“ အာ.. ဘဏ်စာအုပ်ပါလား… ငါ့နာမည်နဲ့ပါလား အလဲ့ ၅ သိန်းတောင် ထည့်ပေးထားတယ် … ဒီလိုကျတော့လည်း ငါ့အဖေက ဘယ်ဆိုးလို့လဲ ” လိုပြောပြီး…

“ ဦးလေးအေးမင်းရေ… ဦးလေး”

“ ဝေးးး ငါ့တူပြော… ”

“ အဖေ အဲဒီ့ဘက် လာသေးလား ”

“ မလာဘူးလေ… မင်းအဖေညနေက မောင်ချမ်းလေးမိန်းမ
ဗိုက်နာလို့ဆိုပြီး အင်းစိန်ဆေးရုံကြီးကို လိုက်ပို့လေရဲ့ ”

“ ဟာ.. ဦးလေးရာ.. မနောက်ပါနဲ့ ခုနကပဲ အဖေရောက်လာလို့ စကားတောင်ပြောနေသေးတယ်… ဘဏ်စာအုပ်လဲ
ပေးသွားသေးတာကို.. ”

“ ဟေ… ” ဆိုပြီး ဦးလေးအေးမင်း အလန့်တကြား TV ကြည့်နေရာကနေ ငသစ်တို့ အခန်းဘက်ကို ကူးလာတယ် ။ ထိုစဉ် မောင်ချမ်းလေး အပြေးတစ်ပိုင်းနဲ့ အိမ်ထဲ ပြေးဝင်လာတယ်…

“ ငသစ်နဲ့ ကိုကြီးအေးမင်းရေ… ကျွန်တော့်ကြောင့် ဒုက္ခတွေတော့ များကုန်ပါပြီဗျာ… ”

“ ဘာဖြစ်လို့လဲ… ”

“ ကိုကြီးလူမောင် ကျွန်တော်တို့ကို ဆေးခန်းလိုက်ပို့ပြီး အပြန်
လမ်းကျောမှားပြီး တစ်ဘက်က Taxi နဲ့ မျက်နှာချင်းဆိုင်တိုက်မိလို့တဲ့ဗျာ.. အခြေအနေအရမ်းဆိုးတယ်လို့ပြောတယ်… အင်းစိန်ဆေးရုံကြီးကနေ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို အရေးပေါ်လူနာအဖြစ်ပို့လိုက်ကြပြီ ”

“ ဗျာ… တကယ်ဟုတ်ရဲ့လားဗျာ… ”

” တကယ်ကွာသစ်လွင်ရယ် ”

” ဘာ.. အဖေ… ဖြစ်မှဖြစ်ရလေဗျာ… အဖေခုနကတောင် သားဆီလာသေးတယ်လေ… အဖေအဖေ… တကယ်မဟုတ်ပါစေနဲ့ အဖေရယ်… အသိစိတ်ဝိညာဉ်ကင်းလွတ်သွားတဲ့ အချိန် အခိုက်အတန့်လေးမှာတောင် အဖေသားဆီ ရောက်အောင် ပြန်လာတယ်နော်… အဖေ.. သားမှားပြီ… သားကို
အဖေ့ဆီကို လိုက်ပို့ပေးကြပါ…. အဖေ….. အဖေ… ”

ပထမဆုံးအကြိမ် အဖေ့အတွက် စိတ်ပူပြီး ယူကြုံးမရဖြစ်နေတဲ့ ငသစ်တစ်ယောက် ဆောက်တည်ရာမရ ဖြစ်နေရှာတော့တယ် ။

………………………………….

ရန်ကုန်ပြည်သူ့ဆေးရုံးကြီး ။

“ အဖေ့ကို တွေ့ခွင့်ပေးပါ… ကျွန်တော်ကို အဖေနဲ့… တွေ့ခွင့်ပေးပါ ”

“ တူလေး… ငသစ်.. သားစိတ်ထိန်းပါကွာ… ဦးလေး အခြေအနေ မေးပေးပါ့မယ်။

"ဆရာမ… ခုနက ကားအက်စီးဒန့်ဖြစ်တဲ့ အရေးပေါ်လူနာအခြေအနေလေး သိချင်လို့ပါဗျာ… ကျွန်တော်တို့က လူနာရှင်တွေပါ… ”

“ လူနာက အရေးပေါ်အခြေအနေမှာပဲ ရှိပါသေးတယ်… သေမလားရှင်မလား ပြောလို့မရသေးတဲ့ အနေအထားမှာ ရှိနေပါတယ်… ခေါင်းလည်း ထိထားတယ် ပေါင်ရိုးကျိုးကျေနေလို့ ခြေထောက်တစ်ချောင်းကတော့ အသက်ရှင်ခဲ့ရင်တောင် လုံးဝသုံးလို့မရတော့ပါဘူး … ဖြတ်ပစ်ရမှာပါ … အခုတော့ အခြေအနေ ဒီလောက်ပဲ သိလို့ရပါဦးမယ် ”

“ ဗျာ…….. သူငယ်ချင်းရယ် ”

“ အဖေရယ်… အဖြစ်ဆိုးလိုက်တာ အဖေရယ်… သားဘယ်လိုဖြေရမှာလဲဗျာ ”

“ ငါ့တူလေး… မင်းအဖေ မင်းကို ဘယ်လောက်ချစ်တယ်ဆိုတာ မင်းမြင်ပြီလား… ညနေကတည်းက တစ်ညနေလုံး မင်းပြန်အလာကို တစ်ပြုံးပြုံးနဲ့စောင့်နေလို့ ငါတောင် မေးလိုက်သေးတယ်.. မင်းနာမည်နဲ့ ဘဏ်စာအုပ်လုပ်ထားတာလေး
ပေးချင်လို့တဲ့လေ… အသိစိတ်ဝိညာဉ်ကင်းလွတ်သွားတဲ့ အချိန် အခိုက်အတန့်လေးမှာတောင် မင်းအဖေက မင်းဆီရောက်အောင် လာခဲ့တယ်မလား… အေး မင်းအကြောင်းပဲ အချိန်တိုင်းတွေးနေလို့ သူ့ရဲ့ စိတ်ဝိညာဉ်က ချက်ချင်းရောက်လာခဲ့တာပဲ ငါ့တူ… ”

“ မပြောပါနဲ့တော့ ဦးလေးရယ်… သားအရမ်းကြီးမှားခဲ့တယ်ဗျာ ”

“ ပြောလက်စနဲ့ ဆက်ပြောဦးမယ် ငါ့တူ… မင်းအဖေဟာ မင်း Second Year တက်နေတုန်းကတည်း ငါ့သားလေးဘွဲ့ယူရင် တင့်တင့်တယ်တယ်ဖြစ်အောင်ဆိုပြီး ငါ့ဆီမှာ မင်းအမေရဲ့ ဆွဲကြိုး၊ နားဒေါင်းနဲ့ သူတို့ဇနီးမောင်နှံရဲ့ မင်္ဂလာဦး လက်စွပ်တွေကို ငါ့ဆီမှာ အကုန်အပ်ထားတယ်… ကာလတန်ဖိုး သိန်း ၂၀ ရှိတယ်ငါ့တူ ”

“ ဗျာ… သားတကယ်မှားပြီ အဖေရယ်… ”

“ မင်းအဖေက မင်းကို ပညာတတ်ကြီးဖြစ်စေချင်လို့ သူပင်ပန်းဆင်းရဲကြီးစွာရှာဖွေခဲ့တယ်… ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့နဲ့ ဖြတ်သန်းခဲ့တဲ့ နေ့ရက်တွေဆိုတာ ရေတွက်လို့တောင်မရနိုင်ဘူး ငါ့တူ… မင်းအဖေဟာ ငယ်စဉ်ကတည်းက ကံမကောင်းရှာဘူး မိဘမဲ့ဘဝနဲ့ ကြီးပျင်းလာခဲ့ရတယ်… မိသားစုမေတ္တာငတ်မွတ်နေတဲ့ မင်းအဖေဟာ မင်းအမေ မညိုနဲ့ အိမ်ထောင်ကျပြီး ပျော်ရွှင်စရာမိသားစုလေး ရမယ်မကြံသေးဘူး… မင်း ၃ နှစ်သားမှာပဲ မင်းအမေ မညိုဆုံးသွားလေရဲ့… သားတစ်ယောက်ရှိခဲ့ပေမယ့် မင်းကအခုလို အဖေမေတ္တာတွေကို ရှိတယ်လို့တောင်မထင်ဘူး… သူ မင်းကြောင့် အမြဲတမ်း စိတ်ဓါတ်ကျတိုင်း ငါ့ဆီမှာ အမြဲရင်လာဖွင့်တတ်တယ် ၊ သူ မင်းကို ဘယ်သောအခါမှ မဆူခဲ့ဘူး.. မညိုညင်ခဲ့ဘူး.. မင်းကို အမြဲသည်းခံခွင့်လွှတ်ခဲ့တယ် ၊ ဒါတွေဟာ မင်းအပေါ်မှာ လူမောင်ထားတဲ့ မိဘမေတ္တာစစ်စစ်ပဲ ငါ့တူရေ….. အခုအခြေအနေကတော့
ငါတို့ ဆုတောင်းရုံကလွဲပြီး ဘာမှမလုပ်နိုင်တော့တဲ့ အခြေအနေပဲကွာ ”

“ ကျွန်တော်ကိုယ် ကျွန်တော်… ဘယ်တော့မှ ခွင့်မလွှတ်နိုင်တဲ့ ကိစ္စတစ်ခုလုပ်ခဲ့တယ် ဦးလေးးး… အဲဒါက ကျွန်တော်ဘွဲ့ယူရင် အဖေမလိုက်ခဲ့ပါနဲ့လို့ ပြောခဲ့မိတယ်… အဖေဘယ်လောက်ထိ စိတ်ထိခိုက်လိုက်မလဲနော်… သားအရမ်းမှားခဲ့တယ် အဖေးရဲ့မေတ္တာတွေကို ဥပက္ခာပြုရုံတင်မဟုတ်ဘူး
မိုက်မဲခဲ့တယ်… ကျွန်တော်သိပါပြီ.. ကျွန်တော်နားလည်ပါပြီအဖေ… အဖေ့ရဲ့ကျေးဇူးတွေကို သားဆပ်ပါရစေ.. အဖေ.. ပြန်လာခဲ့ပါအဖေ…. သားဆီကို ပြန်လာပါ အဖေ ”

……………..

၃ လခန့်ကြာသော်…

” ကွမ်းယာရမယ်… ကွမ်းယာ… ရေသန့်.. အေးအေးလေးတွေရမယ် ”

” ဟာ.. ငသစ်… သစ်လွင်… မင်း.. ဘယ်လိုလုပ် ဒါတွေ… လုပ်နေတာ…. ”

” ဟာ… သူငယ်ချင်း အာကာကြီး.. ငါကျောင်းပိတ်တုန်း အဖေ့အလုပ်တွေ ငါကူလုပ်ပေးနေတာကွ… ”

” ဟေ… မင်းမလို့ ဒီလိုအလုပ်ကိုကွာ… ”

” ဟေ့.. ဟေ့… နေဦးသားကြီး.. ငါပြောမယ် ဒီအလုပ်က ဘာဖြစ်လို့လဲကွာ.. သူများပစ္စည်းခိုးတဲ့ အလုပ်လည်းမဟုတ်ဘူး… သူတပါးမျက်ရည် ပေါက်ပေါက်ကျမှ ပိုက်ဆံရတဲ့ အလုပ်လည်း မဟုတ်ဘူးကွာ.. ငါ့အလုပ်က ဖြူစင်တယ်… သမာအာဇီဝကျကျ ရှာပြီးရတဲ့ ငွေကို ငါတန်ဖိုးထားတယ်… ပြီးတော့ ဒီအလုပ်နဲ့ ငါ့အဖေဟာ… ငါ့ကို ကောင်းကောင်းမွန်မွန် ကျောင်းပြီးသည်အထိ ကျောင်းထားနိုင်ခဲ့တယ်… ဘယ်လောက်တန်ဖိုးရှိတဲ့ အလုပ်လဲကွာ… ငါဒီအလုပ် လုပ်ရလို့ ဂုဏ်ယူတယ် သားကြီးရာ”

” အေးပါ… မင်းက ဂုဏ်ယူနေ.. မင်းဆော် ချယ်ရီမ… စေ့စပ်လိုက်ပြီလို့ ငါကြားတယ် ”

ငသစ်မျက်နှာလေး ချက်ချင်းညှိုးငယ်သွားတယ် ပြီးမှ အားယူပြုံးကာ…

” ငါတွေးပြီးသားပါ သူငယ်ချင်းရာ… ငါ ချယ်ရီ့ရဲ့ အချစ်ကို လိမ်ညာပြီးယူခဲ့မိတာကိုး… ပြီးတော့ ချယ်ရီကလည်း ငါ့ကို တကယ်မချစ်ခဲ့ပါဘူး… ငါ့ရဲ့အကြောင်း အဖြစ်မှန်ကို သိကတည်းက ငါ့ကိုရှောင်နေခဲ့တာ ငါသိတာပေါ့… ဒါပေမယ့် ငါဝမ်းမနည်းပါဘူး… ငါ့ဘဝကို ငါတန်ဖိုးထားတယ် သူငယ်ချင်း.. ”

” လေးစားတယ်.. သူငယ်ချင်းရာ… ”

” စကားကောင်းနေတာနဲ့ ပွိုင့်ကျော်သွားပြီ… ငါဆင်းပြီသားကြီးရေ… ” လို့ပြောပြီး ထွက်ကာနီး YBS ကားကြီးပေါ် အတင်းတိုးပြီး ဆင်းသွားလေတော့တယ် ။

…………………..

ငသစ်တစ်ယောက် ဆိုက်ကားလေး တဂုတ်ဂုတ်မြည်အောင် နင်းပြီး အိမ်ထဲကို ချွေးသံတရွှဲရွှဲနဲ့ ဝင်လာတယ်

” အဖေ… အဖေရေ… ဦးလေး… ”

” အမလေး အဖြစ်သည်းနေလိုက်တာ… မင်းအဖေကို ငါ ခုနက ထမင်းကျွေးထားပါတယ်ကွာ ဝှီးချဲပေါ်မှာထိုင်ပြီး မင်းကိုစောင့်နေလေရဲ့ ”

” ဦးလေး… သားနောက်ဆုံးနှစ်စာမေးပွဲ လွတ်လွတ်ကျွတ်ကျွတ်အောင်တယ် ”

” ဟုတ်လား… ဝမ်းသာစရာသတင်းပဲဟေ့.. မင်းအဖေကို သွားပြောလိုက်ဦး ”

” အဖေ… အဖေ့… သား နောက်ဆုံးနှစ်စာမေးပွဲ အောင်တယ်.. သားဘွဲ့ယူရတော့မယ် ” ဆိုပြီး အဖေ့ကို ပြေးဖက်လိုက်တော့

“ဟေ… ဒါမှ ငါ့သားလေးကွာ…” ဆိုပြီး အဖေ မျက်ရည်တွေကျတယ် ဒါကို ငသစ်ကတွေ့တော့…

” အဖေ… မငိုပါနဲ့တော့နော်… သားလေ.. အဖေနဲ့ အမေတို့ ဖြစ်စေချင်တဲ့ ပညာတတ်ကြီး ဖြစ်ပြီနော်… အဖေသားအပေါ်မှာ တာဝန်ကျေလွန်း ပါတယ်အဖေ… ”

ဦးလူမောင်… မျက်ရည်တွေသုတ်ပြီး ငသစ်ကို ပီတိအပြုံးတွေဖြင့်ကြည့်ကာ… ” ငါ့သားကို အခုလိုတွေ့ရလို့ အဖေအရမ်းဝမ်းသားတယ် သား… အဖေ ပေါင်တစ်ချောင်းစွန့်လွှတ်ခဲ့ရလည်း
တန်တယ်သားရယ်… အဖေသေမယ်ဆိုရင်တောင် သေပျော်ပါပြီ.. ငါ့သားကို အဖေစိတ်ချပြီ… တစ်ခုပဲ အဖေတောင်းဆိုပါရစေ… ငါ့သားကို ပညာတတ်ကြီးဖြစ်အောင် လုပ်ပေးခဲ့တာ အဖေ့လို ဒီလိုအလုပ်ကြမ်းတွေ လုပ်ဖို့မဟုတ်ဘူးသား၊
သားကို အဖေ့လိုမဖြစ်စေချင်ဘူး ”

” သား နားလည်ပါတယ်အဖေ… ကျောင်းတော်ကြီးက သင်ပေးခဲ့တဲ့ ပညာတွေနဲ့ အများကောင်းကျိုးအတွက်၊ တိုင်းပြည်အတွက်၊ မိသားစုအတွက် သားကြိုးစားပြီး အလုပ်တွေလုပ်သွားမှာပါ… တစ်ခုတော့ ခွင့်ပြုပါ အဖေ…နော်…. ”

” ဘာများလဲသား”

” သားကို တစ်ခါတရံတော့ အဖေ့လုပ်ခဲ့ဖူးတဲ့ အလုပ်တွေ လုပ်ခွင့်ပေးပါ အဖေ.. သားဘဝမမေ့ပါဘူး သမာအာဇီဝကျပြီး ဖြူစင်တဲ့အလုပ်မို့လို့ သားဂုဏ်ယူတယ် အဖေ ”

” တစ်ခါတရံဆို အဖေခွင့်ပြုပါတယ်ကွာ… ”

” အော်… အဖေ… နောက်ပြီး ဘွဲ့ယူတဲ့နေ့ကျရင် အဖေနဲ့သား ဆင်တူဝတ်မယ်ပြီးသွားမယ် အဖေလိုက်ခဲ့ရမယ်နော်… ”

” _ _ _ ” ဒီတစ်ခါတော့ ဦးလူမောင် ပီတိအပြုံးတွေဖြင့်
စိတ်ကူးတွေ လွင့်မြောနေပါတော့တယ် အတွေးထဲမှာ ဘွဲ့ဝတ်စုံအပြည့်နှင့် သစ်လွင်က ဦးလူမောင်ကို ပွေ့ချီပြီး ပြုံးပျော်နေလေရဲ့ ။

ဘဝအမောများ ပြေပျောက်နိုင်ကြပါစေ

(ဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများ… လွဲမှားမှုများ… တိုက်ဆိုင်မှုများ… အမှားအယွင်းများရှိပါက စားရေးသူ ကျွန်တော် TXitPiN နှင့်သာ သက်ဆိုင်ပါသည်၊ အပြုသဘောဖြင့် ဝေဖန်မှုများကို ကြိုဆိုလျက်ပါ ခင်ဗျာ)
Powered by Blogger.