အရုပ်မနှင့် တစ်ညတာ
တစ်ထပ်ခွဲပါတဲ့ ဆိုင်ခန်းရဲ့ အပေါ်ထပ်မှာ ကျွန်မတို့ ၃ ယောက် ထမင်းစားနေကြချိန်က ည ၁၀ နာရီဝန်းကျင်သာ ရှိဦးမှာပါ။ ဆိုင်ရှေ့ ဘက် ထောင့်တစ်နေရာကနေ အထုတ်ကြီးကြီး တစ်ထုတ် ပြုတ်ကျသွားသလို အသံမျိုးး ဗုန်းကနဲ အသံတစ်ခုကြားရတော့ ဗီရိုထဲမှာ စက္ကူ ဗူးတွေနဲ့ ထောင်ပြီးထည့်ထားတဲ့ ချိတ်လုံချည်တွေ ပြုတ်ကျသွားတယ်ပဲ ထင်မိကြတယ်။ အပြေးအလွှား အောက်ကို ဆင်းပြေးကြည့်တော့ ဘာပစ္စည်းမှ ခြေရာလက်ရာ ပျက်မနေ။ သေချာအောင် တစ်ကြိမ်ပြန်စစ်ပြီးမှ လှေကားပေါ်တက် လှေကားနှင့် တည့်တည့်နေရာမှာ ရှိတဲ့ အပေါ်ထပ် အခန်းငယ်ထဲမှာ အိပ်ယာမဝင်ကြခင် သော့တွေ တံခါးတွေ သေချာစစ်ရပါတယ်။ အားလုံးပြီးတော့မှ လှေကား ဘယ်ဘက်ခြမ်းလေးမှာ အခန်းငယ်လေးလို ဖြစ်နေတဲ့ ဧည့်ခန်းပေါက်စလေးထဲ သမီးလေးနဲ့ သူ့ သူငယ်ချင်းမလေး အိပ်ယာလေးခင်းနေကြတာကို တချက်ကြည့်ရင်း စိတ်ပူတဲ့အတွေး တစ်ခုပေါက်လာတာနဲ့ သမီးလေးတို့ ဒီညတော့မေမေနဲ့ လာအိပ်ကြတော့လို့ ခေါ်အိပ်လိုက်ပါတယ်။
အောက်ထပ်မှာ လူမရှိတာမို့  အိပ်ခန်းရဲ့ ခြေရင်းမှန် တံခါးချပ်ကြီးကို ဟင်းလင်းဖွင့်ပြီး အိပ်ဖို့ ပြင်ကြပါတယ်။ ထုံးစံအတိုင်း မအိပ်ခင် laptop ကိုသုံးရင်း တဝါးဝါး သမ်းဝေလာကြတဲ့အခါ တော်ပြီ အားလုံး အိပ်ကြတော့လို့ ပြောရင်း တပါတည်း ကိုယ်ပါ အိပ်ဖို့ ပြင်ပါတယ်။ ကလေး ၂ ယောက် စောင်ကို ကွေးနေအောင် ခြုံလို့ အိပ်ကြတော့မှ ကိုယ်လည်း အိပ်မယ်လုပ်တုန်း လှေကားကြီးပေါ် ပြေးတက်လာတဲ့ ခြေသံတဖတ်ဖတ်ကြောင့် မီးတွေပြန်ကာဖွင့်ရင်း ထကြည့်ရပါတော့တယ်။
ဘယ်သူမှရှိမနေပါ။ အပြင်မှာလည်း ဘာမှရှိမနေပါ။ မကြောက်တတ်တာတော့ မဟုတ်ပေမယ့် စပ်စုစူးစမ်းတာက ပိုများတဲ့သူမို့  အခြေအနေကို CCTV ကနေ တချက်ကြည့်နေတုံး ခြေရင်း ဘက်လှေကား အတက်က အလှချထားတဲ့ ပန်းအိုးနံဘေးမှာ မိန်းမ ခပ်ရွယ်ရွယ်တစ်ယောက် ရပ့်နေတာကို ဖြတ်ကနဲ မြင်လိုက်ရတယ်။ မဟုတ်သေးပါဘူးဟ ငါလည်းဒီနေ့ ဘာဖြစ်နေတယ် မသိဘူးလို့ တတွတ်တွတ် မြည်တွန်ရင်း ကလေးတွေမြင်ရင် လန့် ပြုသွားမှာစိုးတာကြောင့် အခန်းတံခါး မှန်ချပ်ကြီးကို ဆွဲစေ့ပိတ်ရင်း အိပ်မပျော်ပဲ ကင်းစောင့်လိုက်ရတယ်။
ဇာတ်လမ်းက အခုမှစမှာပါ။ ညက လုံးဝမအိပ်ပဲ ကင်းစောင့်ထားတာကြောင့် မူးတူးတူးဖြစ်နေတာနဲ့  မနက်လင်းတော့မှ ကော်ဖီလေး တစ်ခွက်သောက်ရင်း မနေ့ ညကဟာကို စကားစမယ်ကြံကာရှိသေး သမီးလေးက မိန်းမတစ်ယောက် ရပ်ကြည့်နေတာ အမေရယ် ကြောက်လိုက်တာ တဲ့။ သြော် သမီးလည်းတွေ့ တယ်လား။ ဆိုင်ဖွင့်တာ တစ်နှစ်ကျော်ပြီ တစ်ခါမှ ဒါမျိုး မကြုံဖူးဘူးလို့ နှစ်သိမ့်ရပါတယ်။ တကယ်လည်း ဒီနေရာမှာ ဒီလိုမသိုးမသန့် ဖြစ်ရတာက ဒီတစ်ခါ ပထမဆုံးပါ။
ဒီလိုနဲ့ ဒုတိယညပေါ့.....။ သေချာစည်းချ အမျှဝေပြီး အိပ်လိုက်တယ်။ ဘာသံမှမကြားတော့ သေချာပါတယ်။ လမ်းသွားလမ်းလာ ဝင်နှောင့်ယှက်တာမျိုး ဖြစ်မှာပါလို့ ယုံကြည်လိုက်မိတယ်။
ကဲ တတိယည....? ဘော်ဒါတို့ရေ ည ၇ နာရီလောက် အရောင်းဝန်ထမ်း ကလေးမလေးတွေက ပြန်တော့မယ်ဆိုပြီး လာသတင်းပို့တာနဲ့ ကိုယ်တိုင်အောက်ကို လိုက်ဆင်းပြီးမှ မှန်တံခါး lock ကို သေချာချပြီး ပြန်အလည့် ဘာရယ်တော့မဟုတ်ပါဘူး။ မှန်ချပ်ကြီးတွေနားမှာ ထားတဲ့ အရုပ်မလေး ဖျတ်ကနဲ လှုပ်ရှားမှုတစ်ခု လုပ်လိုက်တယ်လို့ ထင်လိုက်မိတယ်။ ခေါင်းက ဆံပင်တွေ ဖြုန်းကနဲ ထောင်ထလာသလိုပဲ ထင်မိပါတယ်။ ဒီအချိန်မှာ ချိန်ကိုက်လေး အပေါ်ထပ်ဘားက ဆင်းလာတဲ့ ကလေးတစ်အုပ် ကျွက်ကျွက်ညံအောင် အော်ဟစ်ရယ်မော ပြောဆိုပြီး ဆိုင်ရှေ့ကနေ ဖြတ်တယ်။
ဪ... ငါ့နှယ်အလကား ရှာကြံစိတ်ထင်တတ်တာပဲလို့ ကိုယ့်ကိုကိုယ် အပြစ်တင်ရင်း အရုပ်မစီ အကြည့်တစ်ချက်အရောက် အောင်မလေး အမေရေလို့ အော်လည်းအော်၊ သူ့နားလည်း ဖျက်ကနဲ ရောက်သွားမိတယ်လေ။ ဘာလုပ်ပြတယ် ထင်သလဲ ဆံပင်ရှည်ဖားလျားနဲ့ ချစ်ဖွယ် အရုပ်လေး ပျောက်နေပြီးမှ မျက်လုံး သူငယ်အိမ်ကို အပေါ်ကပ်ပြသဗျို။း။ ဘာလုပ်ရမှန်း မသိတာကို ထွက်မပြေးပဲ တစ်ခုခု ပြန်လုပ်မယ်ဆိုတဲ့ စိတ်နဲ အရုပ်မနားကို ပြေးသွားမိတယ်။ အနားရောက်တော့ အရုပ်ကို တွန်းလှဲဖို့ ကြံလိုက်မိပြီးမှ ခုနဖြတ်သွားတဲ့ အုပ်စုထဲက ကလေးတွေရဲ့ ကားတစ်စီးက ထွက်ဖို့ စက်နှိုးပြီး မီးကြီး တည့်တည့် ကိုယ်ဖက်ကို ထိုးထားတာကြောင့် ငါ့ကလေးဆိုင်မှာ ငါ့ကိုလည်း သိနေကြတာလေ အရှက်ကွဲပါတယ်ဆိုပြီး မတွန်းလှဲဖြစ်တော့ဘူး။
သူ့ကိုကျောပေးပြီး ပြန်ထွက်လာတဲ့အခါ ဝူးခနဲ သိသိသာသာ လေနဲ့လှမ်းမှုတ်လိုက်သလို ခံစားလိုက်ရတာကြောင့် နောက်ကျတဲ့ ခြေထောက် သစ္စ္စာဖောက် ဆိုပြီး ဆိုင်အပေါ်ထပ် တက်ပြေးရပြန်ပါတယ်။ မှတ်လောက်သားလောက် ထိထားတာမို့ အရင်ညတွေလောက် အရဲမကိုးတော့ပဲ CCTV ကို တကြည့်ကြည့် ကြည့်နေနေတာကို သမီးကြီးက မေးတာမို့ "သမီး... မေမေ့ကို ဆိုင်ထဲက အရုပ်မ" လို့ပဲပြောရသေးတယ်။ ဟိုဘက်က အရုပ်မ မဟုတ်လား။ အမေ မပြောပါနဲ့၊ သမီးကြောက်လို့ မပြောတာ ညနေက ခံရပြီးပြီတဲ့ ငိုသံပါကြီးနဲ့  ပြောပါလေရော။
သူ့ သူငယ်ချင်းမလေးကလည်း ဆိုင်မှာ ဘာတွေဖြစ်နေတာလဲ တီတီ သမီးကြောက်တယ်တဲ့ ကြောက်ရွံ့ တကြီး ပြောလာပါတယ်။ ဪ... ခဏနေဦး တီတီတို့ စိတ်ချောက်ခြား နေတာမျိုးပဲ ဖြစ်မှာပါဆိုပြီး အားလုံး ဘုရား သောက်တော်ရေကပ် ဆီမီးပူဇော် မိမိကိုယ်ကိုယ်ဘုရားလှူ စသည်ဖြင့် သေချာစွာ လုပ်ကြပါတယ်။ အားလုံးပြီးလို့ အိပ်တော့မယ်ဆိုတော့ မီးအားလုံးကို ပိတ်လိုက်ပြီးမှ မွေ့ယာပေါ် အသာလှဲလို့ CCTV ဘက်လှမ်းလို့ကြည့်တော့မှ ငါးပါးမှောက်တော့တာပါ။ စိန်ပုံးနဲ့ မှန်နံရံထောင့်ကို ရိုက်ပြထားတဲ့ camer 3 မှာမိန်းမတစ်ယောက် လှေကားဘက်ကို လက်ကိုဆန့်တန်းလို့ မတ်မတ်အနေအထားနဲ့ ရပ်နေတာ ဆံပင်ဖရိုဖရဲကြီးက ပုခုံးနှစ်ဖက်ပေါ်ကနေ ရင်ညွန့်ပေါ်ထိ ကျနေတာလည်း အထင်းသား တစ်ယောက်တည်း မဟုတ်ဘူး သုံးယောက်စလုံး မြင်တာနော်။ အိမ်မက်မက်နေတာ မဟုတ်ဘူး။ အိပ်ကိုမအိပ်ရသေးတာ။ ကြောက်လွန်းတော့ ဘာစကားကိုမှ အသံထွက်ပြီး မပြောနိုင်။ PH msg လေးနဲ့ တီတီကစပြီး သမီးလေး phone ကိုပို့တယ် "မြင်လား" တစ်လုံးတည်း။ သမီးက အေးစက်နေတဲ့ လက်ကလေးနဲ့ အမေကို ကိုင်ထားရင်း တုန်နေတယ်။
ကိုယ့်စိတ်ထဲမှာတော့ သူတက်လာရင် ကလေးတွေလွတ်အောင် ဘယ်လို ကာကွယ်ရမလဲ တစ်ခုပဲ တွေးထားတော့တယ်။ လှေကားအတက်ကို ရိုက်ပြထားတာ camera4 ဒီ 4 ကိုပဲ သေချာကြည့်လိုက် 3 ဘက်ကို သေချာအောင်ကြည့်လိုက်နဲ့ ညတွေ တဖြည်းဖြည်းရွေ့နေတာ နာရီကိုကြည့်တော့ နှစ်နာရီထိုးနေပြီ။ စိတ်ထဲမှာတော့ အရုပ်မကို လက်ကြီးဆန့်တဲ့ပုံကို ဆိုင်ကဝန်ထမ်း ကလေးမလေးတွေ လုပ်ထားတာဖြစ်မှာ ပြီးတော့ဘာလို့များ လှေကားဘက်ကို လက်ညှိုး ညွှန်ခိုင်းထားတယ် မသိဘူးလို့  အားပေးစကားလေး ကိုယ့်ဟာကိုယ် ပြောနေရတာပေါ့လေ။ မနက်ကျရင် CCTV မှာ ပြန်ရစ်ကြည့်မယ်။ ငါတို့အရုပ်မကို မျက်စိမှားတာပါပေါ့။ တစ်ချက်တလေတော့ သူရပ်နေတာ လှုပ်လှုပ်လာတယ်။
ကျွန်မတို့ အရမ်းစိတ်ဆင်းရဲတာပဲ ပြေးပေါက်ကလည်း လှေကားကနေပဲ ဆင်းရမှာလေ။ သူတစ်ချက်လောက် လှုပ်သွားရင် camera 4 ကို မျက်တောင်မခတ် ကြည့်နေရတာ ၃ ယောက်လုံး။ တက်လာမှာတော့ တကယ်ကို ကြောက်မိပါတယ်။ ဒီလိုနဲ့ ကားသံတဝီဝီတွေကြား မနက်လင်းပိုင်းကို ရောက်လာတော့ ၃ ယောက်သား မေ့ကနဲ အိပ်ပျော်လို့သွားမိတာ မနက် ၈ နာရီမှာ ဝရုန်းသုန်းကားနိုးကြတော့ အပြင်မှာ မိုးထိန်ထိန်လင်းပြီ။ အခန်းထဲက အရင်ဆုံးပြေးထွက်ပြီး ကြည့်မိတာတော့ ဆိုင်ကအရုပ်မ ပေါ့လေ။ ကြည့်လိုက်တယ်ဆိုတာနဲ့ ဟာကနဲ ဖြစ်သွားရတာတော့ ရှင်းပါတယ်။
ဆိုင်က အရုပ်မဟာ ဟိုးရှေ့ဘက်မှန်နား ကပ်ထားတာ နံပါတ် 4 TV မှာပေါ်ဖို့ မရှိဘူးပဲဆိုပြီး CCTV ကို Click ခေါက် Playback ပြန်ကြည့်လိုက်တော့ ဘုရားရေ ညကဟာမကြီးပုံ လုံးဝ ရှိမနေတော့ရုံမက မိန်းမပုံမပြောနဲ့ လူပုံနဲ့ ဆင်တာနေတောင် TV ထဲမှာ ပြန်ရှာလို့ မရတော့ဘူး။ ဒီလိုကြောင့် ဆိုင်က အရုပ်မတိုင်းရဲ့ လည်ပင်းကို သိမ်ဝင်ပုတီးနဲ့ လူမြင်ကောင်းကောင်း မကောင်းကောင်း ချိတ်ဆွဲပြီးမှ သရဲအကြောင်း ဖတ်နေတဲ့ သူတွေအတွက် ကြောက်ကြောက်လန့်လန့် ဖော်ပြပေးလိုက်ရပါသည်ရှင်။
အားလုံးကို ချစ်ခင်လေးစားလျက် ....
Credit to ( ပေတအသံ )