ရဟန်းပျိုနဲ့ ငုတ်တုပ်ကြီး
ရေးသားသူ - ကိုရဲနိုင်ဦး
ကျွန်တော် ကိုယ်တွေ့လေးပါ။ ကျွန်တော် ရဟန်းဝတ်တုန်းက နေခဲ့ရတဲ့ ကျောင်းရဲ့ခေါင်းရင်းမှာ တောပိတောက် ပင်ကြီးရှိတယ်။ သက်တမ်းက ဘယ်လောက်ကြာပြီလဲ မသိပေမယ့် အသက်တော့ တော်တော်ကြီးလောက်တယ်။ ဘာလို့လဲဆိုတော့ အပင်ကြီးက အပွေးတွေ အတော်ကို တက်နေပြီဖြစ်တဲ့အပြင် လုံးပတ်ကြီးဟာလည်း သာမန် တောပိတောက်ပင်တွေရဲ့ နှစ်ဆလောက်ရှိပါတယ်..။
အဲ့ဒီအပင်ကြီး အနားရောက်ရင် တစ်ခါတစ်လေဆိုရင် ကြက်သီးတွေထ ခေါင်းနားပန်းတွေကြီးနဲ့ တစ်စုံတစ်ယောက်က ကိုယ့်ကို ကြည့်နေသလို ခံစားရတယ်ဗျ..။ အဲ့ဒါတောင် သင်္ကန်းဝတ်ကြီးနဲ့နော်..။ ရပ်ကွက်ထဲမှာတို့ သူငယ်ချင်းတို့ ပြောစကား အရကတော့ ဒီလိုခေါင်းနားပန်း တွေကြီး လာရင် မကောင်းဆိုးဝါး အနားကို ရောက်နေတယ်လို့ ပြောကြတယ်ဗျ..။ ဒါပေမယ့် ကျွန်တော်က အခုဘုရားရဲ့သားတော်အဖြစ်ခံယူပြီး သင်္ကန်းဝတ်နဲ့ဆိုတော့ ဒီလိုမကောင်းဆိုးဝါးတွေ အနှောက်အယှက် မပေးနိုင်ဘူးဆိုတာ သိပြီးသားမို့ ကြောက်ရွံမှု့တော့ သိပ်မရှိပါဘူး...။
ကျွန်တော်က နေ့တိုင်းနီးပါး အဲ့ဒီအပင်နဲ့ကပ်လျှက် ၀ရန်တာမှာ ပက်လက်ကုလားထိုင်နဲ ပုတီးစိတ်ဖြစ်တယ်..။ အဲ့ဒီလိုနဲ့ ရိပ်သာလည်းစရော ညဆယ်နာရီလောက်မှ သိမ်းတော့ မစိတ်ဖြစ်ဘူး.။ ဒီလိုနဲ့ သုံးလေးရက်လောက် ကြာသွားတာပေါ့ဗျာ..။ တစ်ရက်ကျတော့ ကျွန်တော် တရားသိမ်းပြီးတော့ ကျောင်းပေါ်တက်ပြီး အပင်နားက ၀ရန်တာမှာ သွားတိုက်နေရင်း အပင်ကို ကြည့်လိုက်မိတယ်။ အပင်နားမှာက မှောင်တယ်ဗျ. အောက်က မီးဖွင့်ထားတော့ အပင်အောက်မှာ အရိပ်တစ်ခုကို တွေ့ရတယ်..။ ခါတိုင်းလည်း ဒီလိုမီးဖွင့်ထားရင် ကျွန်တော့်အရိပ်က အဲ့ဒီအပင်အောက်မှာ ပေါ်နေကျလေဗျာ...။ ဒါနဲ့ ကျွန်တော်လည်း အရိပ်ကိုကြည့်ပြီး သွားတိုက်နေတယ်ဗျ...။ အဲ့ဒီမှာပဲ ထူးဆန်းတာ စတွေ့ပါတော့တယ်...။
ကျွန်တော်ကသာ လှုပ်နေတာ အဲ့ဒီအပင်အောက်က အရိပ်ကြီးက မလှုပ်ဘူးဗျ။ ရုတ်တရက် အရိပ်ကြီးက ပုံစံပြောင်းသွားတယ်။ အစက အရိပ်ပုံစံက ထနေတဲ့ ပုံကနေ ငုတ်တုပ်ကြီးဗျ..။ တကယ့်ကို ငုတ်တုပ်တုပ်ကြီး ထိုင်ပြီး ကြည့်နေတာဗျာ...။ အရိပ်နဲ့ကိုယ်က တစ်ကိုက်လောက်ပဲ ကွာတယ်...။ အဲ့ဒါနဲ့ ကျွန်တော်လည်း ရုတ်တရက်ကြီးဆိုတော့ ကိုရင်တွေကိုခေါ်ပြီး အကူအညီ တောင်းလိုက်ရတယ်..။ အဲ့ဒီ့တော့မှပဲ ငုတ်တုပ်အရိပ်ကြီး ပျောက်သွားပြီး ကျွန်တော့်အရိပ်လေး ပြန်ပေါ်တော့တယ်..။
ဒါနဲ့ မနက်ရောက်တော့ အမြဲနေ သံဃာကို မေးကြည့်တော့မှ အဲ့ဒီပိတောက်ပင်အိုကြီးမှာ အစောင့်ရှိမှန်း သိရတော့တယ်..။ ထင်ထင်ရှားရှား သိကြရတာဆိုလို့ တစ်ခါက ပန်းရံလာလုပ်တဲ့ အလုပ်သမား သမီးရည်းစား နှစ်ယောက် အဲ့ဒီဘေးက ဆင်းလာတာ ဘာမဟုတ်တာလုပ်လဲ မသိဘူး.. အဲ့ဒီအပင်အောက်လဲ ရောက်ရော နှစ်ယောက်လုံး တွန်းလဲခံရတယ်တဲ့ဗျ....။
ပြီးပါပြီ........
