သိမ်တိုင် သိမ်ပျဉ်နဲ့ ဆောက်လေတဲ့အိမ်



ကျနော်က ပုသိမ်ဇာတိပါ။ ၁၀ တန်းအောင်ပြီး တက္ကသိုလ်တက်တော့ မှ သရဲဆိုတာ နဖူးတွေ့ ဒူးတွေ့ပဲဗျ။ စတွေ့တာက အသိကို ကူညီရင်းဗျို့။

ဖြစ်ပုံက... ပုသိမ်မှာ ၂၀၀၂-၂၀၀၃ လောက်က ကျောင်းပတ်ဝန်းကျင်မှာ နာမည်ကြီး ကွမ်းယာဆိုင်ရှိတယ်ဗျ။ ဆိုင်နာမည်က မင်းသားကြီး တဲ့။ ကျနော်တို့ကလည်း အလွယ်ပဲ ကိုမင်းသားကြီးလို့ပဲ ခေါ်ကြတာပေါ့။ သူတို့ လင်မယားနေတာက ဇကားဝါ လမ်းထဲမှာနေကြတာ။ အိမ်းကလည်း ငှားထားတာ မကြာသေးဘူးဗျို့။ ( အဲဒီအိမ်အကြောင်း Save the Children က လူတွေသိပါသည် )
တစ်ရက်ကျတော့ ကျနော်ကလည်း ညကများထားလို့ Class မမှီတာနဲ့ သူ့ဆိုင်ဝင်ပြီး လေပန်းတာပေါ့။ ကိုမင်းသားကြီးကပြောလာတယ်။ တစ်ခုလောက်ကူညီပါကွာ ဆိုတော့ OK ပြောပေါ့နော။
ညကျ သူ့အိမ်လိုက်အိပ်ပေးလို့ ရမလားတဲ့။ ကျနော်ကလည်း ခင်ဗျားက ကျုပ်ကိုခေါ်တိုင်းလိုက်တဲ့ အစားထဲကလို့ ထင်နေလားဆိုပြီး နောက်လိုက်သေးတယ် ဟီးးး။ သူက ငါတစ်ကယ် ပြောတာပါဆိုပြီး ပြောလာတော့မှ ကျနော်လည်း စိတ်ဝင်စားသွားတယ်။ သူ့ကိုသေချာကြည့်မှ အရင်ထက်ပိုပြီး မျက်တွင်းတွေ ကျနေတာတွေ့ရတယ်။ ဒါနဲ့ ကျနော်လည်း ကဲ... ပြောပြပါဦး ဘာတွေများဖြစ်နေလဲ။

ဒီလိုကွ....

ငါတို့အိမ်ငှားနေတာမင်းသိတယ်နော်။ မကြာသေးဘူးလေ။

အင်း... သိတယ်လေ။

အေး အခုအဲဒီအိမ်ကဒုက္ခပေးနေပြီကွာ။

ဘယ်လိုဖြစ်တာတုန်း ဆိုတော့

ညဆိုကောင်းကောင်း မအိပ်ရဘူးကွာ။ ( သြော် မေ့နေလို့။ သူ့မိန်းမက စနွင်းမကင်း၊ ရွှေကြည် နဲ့ ထမင်းနှဲ တို့ကို ဖောက်သည်ပေးတယ်) ငါ့မိန်းမက သူဈေးရောင်းဖို့ မနက်အတွက် ညကတည်းက ပြင်ဆင်ထားတာကွ။ ၁၂ နာရီလောက်ဆို ဆန်ပုံးထဲက ကောက်ညှင်းဆန်တွေကို လူတစ်ယောက်က လက်နဲ့ထိုးဖွနေတဲ့ အတိုင်းပဲတဲ့ဗျ။ ပြီးတော့ မြေပဲဆံ၊ နှမ်းလှော်နဲ့ အုန်းသီးဆံ ကြော်ဗူးတွေဆိုလည်း မနက်ဆို နောက်ဖေး ကနေ အိမ်ရှေ့ထိ တန်းစီချထားတာတဲ့။

ကျနော်ကလည်း ဒီလောက်က ဘာရှိသေးလို့တုန်းပေါ့။

မဟုတ်ဘူးကွ။ မင်းအစ်မလည်း အရမ်းကြောက်နေပြီ။ အခုငါ ဆိုင်လာဖွင့်ချိန်ဆို ဘေးအိမ်မှာ သွားထိုင်နေတော့တာကွာ။ မင်းပိုသိချင်ရင် ညကျလိုက်အိပ်ကြည့်တဲ့။

ရတယ်။ ကျနော်လည်း သေဖော်ညှိလို့ရတဲ့ ဘော်ဒါတစ်ယောက်ခေါ်ပြီး ညကျတော့ ကိုမင်းသားကြီးအိမ် သွားတာပေါ့။ သူဆိုင်သိမ်းမှဆိုတော့ ၉ နာရီခွဲလောက်ရှိပြီဗျ။ သူ့အိမ်က သုံးပင် နှစ်ခန်းဗျ။ အိပ်ခန်းရယ်လို့တော့ မရှိဘူး။ သင့်တဲ့ဈေးနဲ့ ငှားတာဆိုတော့ ဖြစ်သလိုပေါ့။ တံခါးကလည်း သံဘာဂျာ ဆိုတော့ တံခါးပိတ်ပေမယ့် အပြင်က အကုန်မြင်နေရတာဗျို့။ ကျနော်တို့လည်း ရောက်တော့ သူ့မိန်းမက မုန့်တွေကျွေးတာပေါ့။ ခက်တာက ထမင်းနှဲ နဲ့ ဘယ်လိုလုပ် မြည်းမလဲ။ မထူးဘူး။ မသောက်တော့ဘူးဆိုပြီး စကားထိုင်ပြောနေကြတာပေါ့နော်။

မကြာဘူး ဇာတ်လမ်းစတော့တာပဲ။ ရေနွေးကြမ်းအိုးကို လူတစ်ယောက် ဝင်တိုက်လိုက်သလို ဖြစ်ပြီး ရွေ့သွားတာဗျ။ ဟေး ဟေး တွေ့ပြီပေါ့။ ဘော်ဒါကလည်း ဒါမျိုးအားကိုးရတယ်ဗျ။

ဟေ့ကောင်.... ငါတို့ပြန်လို့ရသေးတယ်တဲ့ :D။ ကျနော်ကလည်း ကျွတ်ပေမယ့် ဟန် ကိုယ့်ဖို့လေ။

မင်းကွာ ယောက်ျားဖြစ်ပြီး။

ဒီလိုနဲ့ဆက်ပြီး စကားပြောကြရင်း ညဥ့်နက်လာတော့ အိပ်ကြမယ်ပေါ့။ အပေါ့အပါးသွားတော့လည်း တစ်လှည့်စီပေါ့။ ကိုမင်းသားကြီးတို့က အတွင်းဖက်မှာအိပ်ပြီး ကျနော်နဲ့ ဘော်ဘော်က အပြင်ဖက်ပေါ့။ အဲ အိပ်မပျော်ပါဘူးဗျာ။ သိချင်လို့ လာတာဆိုတော့ မျက်လုံးကို မှေးထားတာပေါ့။ မကြားပါခင်ဗျ။ ကျေးဇူးရှင် ကြွမြန်းလာပါတော့တယ်။ မိန်းမဗျ။ ထဘီရင်ရှားနဲ့။ ခေါင်းမှာလည်း ရေတွေ စိုနေတယ်လေ။ လက်ထဲမှာလည်း အကြော်ပုလင်းတွေနဲ့။ တန်းစီပြီး လိုက်ချနေတာ။ ဟေး ဟေး အစကတော့ တွေ့တာနဲ့ ဝုန်းခနဲထပြီး ပြေးကန်မယ်ပေါ့။ ဝေးသေးးးး
တစ်ကိုယ်လုံး အကြောသေသွားသလားထင်ရတယ်။ မသေခံနိုင်မလား။ ကျနော်တို့ အိပ်တဲ့ခြေရင်းနဲ့ ၂ ပေလောက်ပဲ ကွာတာကို။ မကြာဘူးဗျို့ ယောက်ျားတစ်ယောက် ပေါ်လာတယ်။ ခါးထောက်ပြီး တစ်အိမ်လုံးကို ကြည့်နေတာ။ ဝါးးးးးးး မအော်မိအောင် အံကြိတ်ထားရတာ သွားတောင်ပဲ့တယ်။ တစ်ကယ်ဗျာ။ ဆိုးချက်။ တော်သေးတာက မကြာဘူး အိမ်နောက်ထဲ ဝင်သွားတယ်။ ထုံးစံအတိုင်း ဆန်အိုးကို သွားဖွတဲ့အသံ ကြားရတာပဲ။ အိပ်မပျော်ပါဘူးဗျာ။ မနက် ၅ နာရီကြတော့ ကိုမင်းသားကြီးနဲ့သူ့မိန်းမ ထပြီး ရွှေကြည်နဲ့ ထမင်းနှဲ ထထိုးတော့ ကျနောလည်း ထတော့တာပေါ့။ ဘော်ဘော်လည်း ထပေါ့။

ဘယ်လိုလည်းညက။

တော်ဗျို့။ လေဖြတ်ပြီထင်တာ။

ကျနော့ ဘော်ဒါက လုံးဝကို စကားမပြောတော့ဘူး။ ကျနော့ကိုလည်း ကလိန်ကကျစ်တဲ့။ ပြောမှာပေါ့။ ကျနော်ကသူ့ကို ဘာညာကား အသစ်ပြမယ်ဆိုပြီး လိမ်ခေါ်လာတာလေ :D။ အိမ်ရောက်တော့ ပြန်အိပ်တာပေါ့။ ညနေစောင်းမှ နိုးတော့တာ။ ရေချိုး အပြင်ထွက်တော့။ ကိုမင်းသားကြီးဆိုင် ပိတ်ထားတယ်ဗျ။ ကျနော်လည်း သစ္စာတည်မှာ ထမင်းစားပြီး သူ့အိမ်လိုက်သွားတော့ ကိုမင်းသားကြီးက အိမ်ရှေ့မှာ ဆန်ဆေးနေတာတွေ့တာနဲ့ အကျိုးအကြောင်းမေးရင်း ကျနော်လည်း ရပ်ပြီးစကားပြောနေတာပေါ့။

သူတို့အိမ်ရဲ့ ရေတွင်းက ခြံစည်းရိုးနားဆိုတော့ အိမ်နဲ့ ၁၅ ပေလောက် ကွာတာပေါ့။ သူ့မိန်းမက အုတ်ဖိနပ်ပေါ်မှာ စပါးလုံးရွေးနေတာ။ မကြာဘူးဗျ။ ရှိလှမှ ၃ မိနစ်ဗျ။ အမလေးလို့ အော်သံကြားလို့ လှည့်ကြည့်တော့ ကိုမင်းသားကြီးမိန်းမ စကောရော လူရော အောက်ကို ပြုတ်ကျတာ။ ညနေကလည်း စောင်းနေတော့ အိမ်ပေါက်ဝကို သဲသဲကွဲကွဲ မမြင်ရဘူး။ ကျနော် မြင်လိုက်တာတော့ မနေ့ညက ကျနော်တွေ့တဲ့ အမျိုးသမီးဗျို့။ ကျနော်နဲ့ ကိုမင်းသားကြီးလည်း အတင်းပြေးထူတာပေါ့။ တော်တော်လေး ပွန်းသွားတယ်ဗျ။ အစ်မကလည်း ငိုတော့တာပေါ့။ ဘေးအိမ်ကလည်း လာကြတယ်လေ။ အကျိုးအကြောင်း ပြောပြတော့

ဒီညကစပြီး သူတို့အိမ်မှာ နေတော့တဲ့။ ပြီးမှ အိမ်တစ်လုံး ထပ်ရှာပေါ့တဲ့။ အဲဒါနဲ့ အကြော်ပုလင်းတွေနဲ့ လိုအပ်တာတွေယူပြီး တစ်ဖက်အိမ် ပြောင်းနေကြတာ။ မနက်ဖြန် လည်း မုန့်တွေက အော်ဒါရှိတော့ လုပ်မှဖြစ်မှာလေ။ ကျနော်လည်း ကိုမင်းသားကြီးကို ကျနော့အိမ်လာပြီး အမေ့ကိုပြောကြည့်ပါ။ ကျနော်တို့ မနေဖြစ်သေးတဲ့ အိမ်ကို ငှားပါလို့ သင်ပေးခဲ့တာပေါ့။ အဲ  မနက်ကျမှ အကြီးအကျယ် ကွိုင်တာ။

မုန့်အော်ဒါမှာတာက ပုသိမ် GE တပ်က ဗိုလ်မှူးဗျို့။ နာမည်တော့ မပြောတော့ပါဘူး။ ကိုမင်းသားကြီးတို့ အိမ်ပြောင်းနေတာ သူကမသိသေးဘူးလေ။ ( အခုက ဗိုလ်မှူး ကိုယ်တိုင် ပြန်ပြောတာကို သိရတဲ့အပိုင်းပါ) သူက ကိုမင်းသားကြီးနဲ့ တော်တော်ရင်းနှီးပါတယ်။ ကွမ်းဖောက်သည်ပေါ့ဗျာ။ ဒီတော့ အိမ်အဝထိသွားပြီး အထဲကိုကြည့်တော့

ဟာ ဒီကောင်တွေ ချမ်းချမ်းစီးစီးကြီးကို အင်္ကျိမပါ အိပ်နေတာပဲ။ ခွေးကောင်တွေဆိုပြီး ဘာဂျာတံခါးကြားထဲကနေ ခဲလုံးနဲ့ ပေါက်လိုက်တယ်တဲ့။ သူပြောတာတော့ ယောက်ျားကို သွားထိတယ်ဆိုပဲ။ အဲဒါနဲ့ နှစ်ယောက်လုံး ထလာတော့ မှ မင်းသားကြီးတို့ လင်မယားမဟုတ်မှန်းသိပြီး အားတောင် နာသွားတယ်တဲ့။ အဲဒါနဲ့ အနားကပ်လာတော့ သူလည်းကြောင်ပြီး ကြည့်နေမိတယ်ပေါ့ ဗျာ။ တော်တော်နီးတော့ မှ သွားဖြဲပြတော့ အစွယ်ပါ ထွက်နေတာတဲ့။

ဘာပြောကောင်းမလည်း ဘိုကီး အဲလေ ဗိုလ်မှူးလည်း အား လို့ တစ်ချက်အော်ပြီး နောက်ကို ဂျွမ်းပစ်ကျတယ်ဆိုပဲ။ ကိုမင်းသားကြီး တို့လည်း အသံကြားလို့ ပြေးထွက်ပြီး မနည်း နှာ နှပ်ယူရတယ်တဲ့။ သတိလည်လာတော့ မအေ နှမ စုံအောင်ဆဲပြီး ပြန်ပြေးတော့တာပဲတဲ့။ ကျနော်ကရယ်လေ ဘိုကီး ဒေါသထွက်လေပဲ :D။

ကိုမင်းသားကြီးတို့ကို ခေါ်ထားတဲ့ အိမ်ရှင်အန်တီကြီးက သူ့တူလေးကို ခေါ်ပေးမယ်။ ယုံရင်ပေါ့တဲ့။ လာထား ဆရာသမားပေါ့။ ကျနော်လည်း နည်းနည်းချည်နေပြီ သရဲကို။ အဲဒီနေ့က ဘိုကီး လည်းလာတယ်။ ကောင်လေးက မျက်မမြင်လေးဗျ။ မွေးရာပါ အထက်လမ်း သဘောမျိုး ပညာလည်း ပါလာတာတဲ့။ ခြံစည်းရိုး အစပ်မှာ သူ့ရေမန်းကိုလောင်းပြီး အစ်ကိုတို့ မေးချင်တာကို မေးပါဆိုပြီး သူ့ကိုယ်သူ ဝင်အပူးခံတာဗျို့။ ပြောင်းလည်းသွားတာက တော်တော်ထူးဆန်းတယ်ဗျ။ အသံအနေအထား ရုပ်ပါပြောင်းသလိုလို ဖြစ်သွားတာ။ အဲဒါနဲ့ ကိုမင်းသားကြီးက စမေးတယ်။
ငါတို့ဒီမှာနေတာ မကြိုက်လို့လားပေါ့။ ဟုတ်တယ်တဲ့။ ဒါသူတို့အိမ်တဲ့။ ဘယ်သူမှ နေခွင့်မပေးနိုင်ဘူးတဲ့။

ဒါဆို နိုင်တဲ့ဆရာနဲ့ လုပ်မယ်ဆိုတော့

ကြိုက်တာနဲ့လုပ်ပေါ့ ဒီအိမ်ကိုက ငါတို့အတွက် သာနေပြီးသား။ သိမ်တိုင်သိမ်ပျဉ်တွေနဲ့ ဆောက်ထားတဲ့ဗျို့။ အဲဒါမှသေရော။ နင်တို့ဆက်နေရင် သေဖို့ပြင်ထားဆိုပြီး ထွက်သွားတယ်ဗျ။

ဝင်ပူးတာက မိန်းမပါ။ နောက်မှ စုံစမ်းကြည့်တာက အဲဒီလင်မယားက ညားပြီး မကြာဘူး ချောင်းသာလမ်းမှာ ကားမှောက်ပြီး နှစ်ယောက်လုံး သေသွားကြတာတဲ့။ အခု အဲဒီအိမ်ရှိသေးတယ်ဗျ။ ကျနော် ရန်ကုန်ရောက်တော့ Save the Children က လူတစ်ယောက်နဲ့ မိတ်ဆွေဖြစ်တော့ စကားစပ်မိရင်း အဲဒီအကြောင်းပြောပြတော့ သူလည်းသိတယ်တဲ့။ အဲဒီအိမ်မှာ ဧရာဝတီတိုင်းအတွက် Project ရှိလို့ ငှားပြီးတည်းတာ တစ်ညတောင်မနေဘူး အကုန်ပြောင်းပြေးရတာတဲ့လေ..........။ ။ ။

Credit : သက်လွင်
Powered by Blogger.