မြောက်ဒဂုံကိုသွား ပုံမှားရိုက်လေသူ
ဇာတ်လမ်းကဒီလိုပါ။ ကျွန်မတို့ သူငယ်ချင်းတစ်စုက ဒဂုံတက္ကသိုလ် မှာ နောက်ဆုံးနှစ် E-major တက်နေပါတယ်။ ကျွန်မတို့ သူငယ်ချင်းတွေထဲမှာ ဇာခြည်မ ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ကတော့ မြို့ထဲက သူတို့အိမ်ပြန်ပြင်နေတာကြောင့် ကျောင်းနဲ့နီးတဲ့ မြောက်ဒဂုံမှာ အိမ်လာငှားနေပါတယ်။ သူ့အဖေ နဲ့ အမေကလည်း အိမ်ပြင်တဲ့နေရာမှာ သွားကြီးကြပ်နေတာမို့ ညနေစောင်းလောက်ထိ သူတစ်ယောက်တည်းနေရရှာပါတယ်။
တစ်နေ့မှာတော့...ကျွန်မတို့ သူ့ အိမ်မှာထမင်းစုချက်စားဖို့ စီစဉ်ကြပါတယ်။ ပြီးတော့ ဖျာလိပ်နတ်လည်း မေးကြမယ်ဆိုတဲ့ စိတ်ကူးနဲ့ပေါ့ရှင်။ ဖျာလိပ်နတ်ဟာ အလွန်အရှက်ကြီးတဲ့ အမျိုးသမီးနတ်ပါ။့ မေးမယ့်နေရာမှာ ယောက်ျားလေး အသံတို့ ဓာတ်ပုံတိုရှိနေရင်တောင် မဝင်တတ်ဘူးရယ်လို့ ကြားဘူးပါတယ်။ မိန်းကလေးတွေကိုပဲ သီးသန့်ဟောတဲ့နတ်လို့တောင် ပြောနိုင်ပါတယ်ရှင်။ အချစ်ရေးများဟောရင် အလွန်မှန်ကန်တယ်လို့လည်း သက်ကြီးစကား သက်ငယ်ကြား မှတ်သားရပါတယ်။ ဒီလိုနဲ့ ချက်ပြုတ်စားပြီးကြတဲ့နောက် ပါလာတဲ့ သူငယ်ချင်းယောက်ျားလေးတွေကို အပြင်မှာ သွားနေကြဖို့ နှင်လွှတ်လိုက်ပါတယ်။ ပြီးတော့ ဖျာလိပ်နတ်ခေါ်ဖို့ စိုင်းပြင်းကြတော့တာပေါ့ရှင်။
ဖျာလိပ်နတ် ခေါ်ပုံခေါ်နည်းကတော့ အရင်ဆုံး ဖျာကိုလိပ်ပြီးထောင်ထားရပါတယ်။ ပြီးတော့ ဖျာကို အလှပြင်ပေးရပါတယ်။လူတွေအလှပြင်သလို ဖျာရဲ့ အပေါ်ပိုင်းနေရာမှာ နှုတ်ခမ်းနီနဲ့ နှုတ်ခမ်းပုံဆိုးပေးတာပါ။ ပြီးတော့ ပါးနေရာလောက်ကိုမှန်းပြီး ပေါင်ဒါရိုက်ပေးရပါတယ်။ ခါးလည်လောက်မှာ ပုဝါစည်းပေးရပါတယ်။ နတ်ကတော်တွေ စည်းသလိုပါ။ ပန်းတစ်ပွင့်လည်း ပန်ပေးရပါသေးတယ်။ ဘေးနားမှာလည်း ရေတစ်ခွက်နဲ့ ကြည့်မှန်တစ်ချပ်ချပေးထားရပါတယ်။ အစစ အရာရာ ပြင်ဆင်ပြီးတဲ့နောက် ကျွနိမတို့ ငါးပါးသီလခံကြပါတယ်။ ဖျာလိပ်နတ်ပင့်ဖို့ ပြင်ဆင်ရေးကိစ္စတွေ ပြီးတာနဲ့ နတ်မေးကြတာပေါ့။ အဲ့မှာစတွေ့တာပါပဲ။ ကျွန်မ တို့ခေါ်တဲ့ ဖျာလိတ်နတ် ရောက်လာသလားတော့ မသိဘူး။ ဖျာကြီးက နဂိုရှိရင်းစွဲ အလေးချိန်ထက် ပိုလေးလံပြီး လှုပ်ယိမ်းလာတာပါပဲ။ ဖျာလိပ်ကိုမေးမယ့်သူ ၄ ယောက်လောက် လက်ပေါ်တင်ရုံတင်ထားတာပါ။
ကျွန်မတို့လက်ပေါ်က လှုပ်နေတဲ့ဖျာကြီးကို မေးပါတယ်။ အမေ ဒီထဲက တနလာင်္သမီးကိုပြပါ ပေါ့။ မေးဖူးတဲ့သူတွေရဲ့ အပြောအရဆိုရင် ဖျာလိပ်နတ်တကယ် ဝင်လာတာ မှန်ရင် မေးနိုင်တဲ့ လူစုထဲက တင်္နလာသမီးရှိနေတဲ့ဘက်ကို ဖျာကို ယိမ်းပြတတ်ပါသတဲ့။ ဒါမှ မှန်တယ်ဆို ဆက်ပြီးမေးပေတော့ပေါ့။ ဒါပေမယ့် ကျွန်မတို့ ဆီဝင်လာတဲ့နတ်ကတော့ ဟောလိုက်သမျှ အကုန်လုံး အမှားတွေချည်း သက်သက်ပါပဲ။ တနလာင်္သမီးပြပါဆို သောကြာသမီးကိုပြတယ်။ ထူးတာကတော့ မေးလိုက်ရင် ဖျာကို တရမ်းရမ်းနဲ့ဖြေတာပါပဲ ( ဖြေတဲ့ အဖြေတွေကတော့ အမှားတွေပေါ့ရှင်)။ ပြီးတော့ တဖြည်းဖြည်းကြမ်းလာပါတယ်။ ဒီလိုဆိုတော့ ကျွန်မတို့လည်းအချင်းချင်း မျက်ရိပ်ပြရပြီပေါ့။
ဘာလဲဟ မှန်လည်း မမှန်ဘူး ဘာတွေလဲပေါ့။ ဒါနဲ့ ခဏနားပြီး အမေ မှန်ကြည့်ပါ ရေသောက်ပါပြောတော့လည်း မှန်ဘက်ယိုင်ကျလိုက် ရေခွက်ဘက်ယိုင်ကျလိုက်လုပ်သား။ ဆက်မေးမယ်ပြင်နေတုန်းမှာ အိမ်ရှေ့ကနေ ကျွန်မသူငယ်ချင်းကောင်လေး ၂ ယောာက်အိမ်ထဲကို မပြောမဆို ဝင်ချလာပါတယ်။ကျွန်မတို့ကတော့ သွားပြီး ပျက်ပြီလို့ စိတ်ထဲက တထစ်ချ ထင်လိုက်ကြပါတယ်။ ဟုတ်တယ်လေ အရှင်လတ်လတ် ယောက်ျား ၂ ယောက်ဝင်လာမှတော့ နတ်က ပြန်ပို့စရာတောင်မလိုတော့ပဲ အော်တိုငုတ်တုတ် Go ပြီပေါ့။
ဒါနဲ့ ဖျာလိပ်ကိုချ ဝင်လာတဲ့ ၂ ကောင်ကို ပယ်ပယ်နယ်နယ် ကလော်တုတ်မယ်ပေါ့။ သူတို့က ကျွန်မတို့ မိန်းကလေးတွေ သူတို့ကို ဘတ်ပြီး ဘာလုပ်မလဲ လာချောင်းတာတဲ့လေ။ အဲမှဒီအချိန်မှာပဲ လက်ထဲကချမယ့် ဖျာလိပ်ကြီးဟာ လေပွေမွှေ့သလို ရမ်းတော့တာပဲ။ တကယ်ပါ။ အောက်က မ,ထားတဲ့လက်တွေ ရဲတွတ်နေတဲ့ အထိပါပဲ။ အဆိုးဆုံးက အဲ့ဖျာလိတ်ကြီး ဟာ ကျွန်မဘက် ယိုင်ယိုင်လာပြီး ကျွန်မခေါင်းကို ခဏ ခဏ လာရိုတ်နေတာပါပဲ။ ဘာလဲပေါ့။ ယောက်ျားလေး ဝင်လာတာတောင် ပွဲမပျက်တဲ့အပြင် ပိုပြီးရမ်းခါနေတာ ဘာလဲပေါ့။ အဲလို ရမ်းခါ ရိုတ်ပုတ်အဆင့်နဲ့ မိနစ်၂၀ လောက်ကြာသွားပါတယ်။ လူတွေကလည်း ဘာလုပ်ရမှန်းမသိ ကြောင်နေကြတာပေါ့။
ထူးခြားတာတော့ ကျွန်မတို့ လုံးဝကြောက်မနေတာပါပဲ။ ကျွန်မ ခဏ ခဏ သရဲ အခြောက်ခံရဖူးပါတယ်။ အခြောက်ခံနေရတဲ့အချိန်မှာ လုံးဝကြောက်စိတ် ဝင်မနေတတ်ပါဘူး။ ပြီးရင်တော့ အဖေ ကယ်ပါ အမေကယ်ပါ အော်ရတော့တာပဲ (မွေးသမိခင် မွေးသဖခင် ကျေးဇူးရှင်နှစ်ပါးကို သူတောင်းစားနှင့် နှိုင်းခြင်းမဟုတ်ရပါရှင်)။ ဆက်ပြောပါမယ်။ အဲဒီ သရမ်းနေတဲ့ဖျာကြီးကို ခပ်တည်တည်ပဲမေးလိုက်ပါတယ်။
ဟဲ့ နင်နတ်မဟုတ်ဘူးမလား...??? ဘာလဲ..??? ဘာဖြစ်ချင်တာလဲ???
အဲလိုမေးတော့ ဖျာက ခဏလောက်တော့ ရမ်းတာနှေးသွားတယ်။ ဒီအချိန်မှာ ကျွန်မသူငယ်ချင်းက
နင် သရဲလား......???
လို့မေးလိုက်ပါတယ်။ အမယ်လေး ရမ်းရမ်းပြီးပြလိုက်တာ ဒါနဲ့ ကျွန်မ သတိရပြီး လက်ပတ်နာရီကို ငုံ့ကြည့်မိတယ်။ သွားပြီ။ အချိန်က နေ့လည် ၁ နာရီဆိုတော့ မွန်းလွဲ ကျော်ပြီ။ ဒါအပုပ်ချိန်ပဲဆိုတာ စိတ်ထဲမှာ သိလိုက်တယ်။ ပြီးတော့ ခုန ဟင်းချက်တုန်းကလည်း သားစိမ်းငါးစိမ်းတွေနဲ့ ဆေးထားတဲ့ သွေးညှီရေတွေကလည်း အိမ်နောက်ဖေးမှာ ဒီတိုင်း။ ဒါပေမယ့် ဟန်ကိုယ့်ဖို့မလား အသံမာမာနဲ့မေးရတာပေါ့။
ဟဲ့ !!! နင်ဘာကောင်ဖြစ်ဖြစ် ဂရုမစိုက်ဘူး။ ရာရာစစ လူတွေ ဒီလောက်များနေတာ ဝင်ရဲတာ အံ့ပါရဲ့ အခုထွက်စမ်း။
လို့ ပြောတာတောင် မဆုံးသေးဘူး။ ကျွန်မခေါင်းပေါ်ဖျာကြီး ယိုင်ကျလာတယ်။ နာလိုက်တာ။ ကျွန်မသူငယ်ချင်းက ထပြီး အိမ်ရှေ့ခန်းကို ပြေးထွက်သွားပါတယ်။ အိမ်ရှေ့ဘုရားကျောင်းဆောင်က ဘုရားသောက်တော် ရေခွက်ကို ပြေးယူပြီး ဖျာကိုလောင်းချလိုက်ပါတယ်။ ပြီးတော့ ကျွန်မတို့ ဖျာကို လွှတ်ချလိုက်ကြပါတယ်။ အဲ့လိုလုပ်နေတဲ့အချိန်မှာ ဘေးမှာထောင်ထားတဲ့မှန်က အလိုလို မှောက်လဲပြီး ကွဲသွားပါတယ်။ ကျွန်မတို့လည်း ကိုယ့်လွယ်အိတ် ကိုယ်ဆွဲပြီး အိမ်ရှင် ဇာခြည်မ နဲ့အတူ အိမ်အပြင်ကို ပြေးထွက်ခဲ့ကြပါတယ်။ အိမ်ကြီးကိုတော့ ဒီအတိုင်း ထားခဲ့ကြတာပေါ့ရှင်။
ပြေးထွက်လာရင်း ကျွန်မ ပထမဆုံး ခံစားမိတာက ငိုချင်လာတာပါပဲ။ ရင်ထဲကလှိုက်ပြီး ချုံးပွဲချ ငိုချင်လာတာ။ နောက်မှ လူကြီးတွေပြောပြတာတော့ လိပ်ပြာငယ်သွားတာတဲ့။ ဟုတ်မှာပေါ့ သရဲက ခဏ ခဏ ဖျာလိပ်နဲ့ရိုက်တာကိုး။ ဒါနဲ့ မငိုဘူးလို့ စိတ်အားတင်းရင်းကနေ လမ်းမကြီးမှာ ထိုင်ပြီး ငိုချမိတော့တာပါပဲ။ ငိုလို့ကောင်းလိုက်တာမှ ရုပ်ရှင်မင်းသမီးတွေနဲ့ နင်လားငါလားပဲ ။ ဒီလိုနဲ့ အိမ်ရှင်သူငယ်ချင်းမကလည်း သူ့အိမ်မပြန်ရဲတော့ပဲ မြို့ထဲကအိမ်ကို လိုက်သွားပါတယ်။ အဲဒီနေ့အတွက်တော့ လူစုခွဲလိုက်ကြပါတော့တယ်။
နောက်နေ့ ကျောင်းရောက်တဲ့ အချိန်မှာတော့ ပြဿနာတစ်ခုက စောင့်နေပါတော့တယ်။ မနေ့က ဖျာလိပ်နတ်ခေါ်တဲ့ အိမ်ရှင် ဇာခြည်မကို အိမ်မှာကောင်းကောင်းမနေပဲ ပေါက်တတ်ကရတွေ လုပ်ရပါ့မလားဆိုပြီး သူ့အမေ ဒေါသူပုန်ထနေတယ်ဆိုတဲ့ သတင်းနဲ့ ညနေပြန်တဲ့အခါ ဇာခြည်မ တစ်ယောက်တည်းဖြစ်နေလို့ သူ့ မိဘတွေပြန်လာမယ့်အချိန်အထိ ဝိုင်းပြီးအိမ်စောင့်နေပေးကြဖို့ အစရှိသဖြင့်ပေါ့။
ကျွန်မ ကပဲ ဟေ့ ဒီသရဲက ပရိတ်ဒဏ်ခံနိုင်မလား လာဟေ့..... ဒီနေ့ အတန်းလစ်မယ်။ ခုပဲ ဇာခြည် နင့်အိမ်သွားပြီး ပရိတ်ရွတ်မယ် ငါက State ကျောင်းမှာတုန်းက ဝတ်အဖွဲ့ခေါင်းဆောင်ဟ.. ဆိုပြီး ကျွန်မတို့ အမျိုးသမီးတသိုက် ဇာခြည်မအိမ်ကို ချီတက်သွားပါတယ်။ လိုရမယ်ရ ယောက်ျားလေးတော့ ခေါ်သွားမှလို့ စိတ်ကူးပြီး သူငယ်ချင်း ယောက်ျားလေးတွေကို သေဖော်ညှိကြည့်တော့ နင်တို့ အစလုပ်တဲ့ ကိစ္စ နင်တို့ဘာသာရှင်းကြဆိုတဲ့ သဘောလား၊ ကြောက်လို့ပဲလားတော့ မသိပါဘူး။ တစ်ယောက်မှ လိုက်မယ့်လူမပေါ်ဘူး။ လိုက်ခဲ့မယ်ဆိုတဲ့ တယောက်ကလည်း နင်တို့ရွတ်နေရင်ငါ လက်ဖက်ရည်ဆိုင်ကနေ စောင့်မယ်နော် ဆိုတာက ပါသေး။ဒီလိုနဲ့ အိမ်ပြန်လာကြပြီး ပရိတ်ရွတ်ကြတော့တာပါပဲ။ ဘုရားပင့် နတ်ပင့် အမွှန်း အစုံစုံနဲ့ သံနေသံထားနဲ့ရွတ်တာ။ ရွတ်နေတုန်း ဘုရားခန်းအပြင်ဘက်ကနေ တချွတ်ချွတ်နဲ့ လမ်းလျှောက်သံကြားရော စိတ်ထဲတော့ ဟို လက်ဖက်ရည်သောက်တဲ့ကောင် စိတ်ကောင်းဝင်ပြီး လာစောင့်ပေးနေတယ် ထင်မိသေးတယ်။ ဘယ်သူမှလဲ ထမကြည့်ဖြစ်ဘူးလေ။
ဒါပေမယ့် ကျွန်မတို့ သူတော်စင်လည်းမဟုတ်၊ အားထုတ်ထားတဲ့ တရားကလည်း မရှိတာမို့ ကျွန်မတို့ရဲ့ အားထုတ်မှုဟာ အရာမရောက်မှန်း မသိခဲ့ပါဘူး။ ပရိတ်ရွတ်ပြီးတဲ့ အခါ အပြင်လည်းထွက်ရော လက်ဖက်ရည်ဆိုင်မှာ ရုပ်ရှင်ထိုင်ကြည့်နေတဲ့ သူငယ်ချင်းကိုတွေ့တာပါပဲ။
သူက အရင်..... လာဟ ငါလိုက်လာမလို့။ ဒီမှာရုပ်ရှင်က ဖြတ်မရလို့ ချောတီး တဲ့...
သေပြီ။ ဒါဆို အပြင်က ခြေသံက???......ဒါနဲ့ ကျွန်မတို့ ဒီအိမ်ကို ငှားပေးတဲ့ ပွဲစားဆီလိုက်ကြပါတယ်။
ကျွန်မတို့ သူငယ်ချင်းတသိုက် မရမက ဇွတ်အတင်းမေးတော့မှ ပွဲစားက ဖြေရမှာ စိတ်မပါသလို မအီမသာမျက်နှာပေးနဲ့ ပြန်ဖြေပါတယ်။ ဒီအိမ်မှာ လူသေဖူးကြောင်း၊ ငှားနေတာဖြစ်လို့ သေချာ သပိတ် မသွပ်ဖြစ်ကြောင်း၊ ပစ်ထားတာ ၃ နှစ်လောက်ရှိပြီ ဖြစ်ကြောင်းနဲ့ ဒီအိမ်မှာ တစ်ခါမှ အိမ်တက် တရားနာ မလုပ်ဖူးကြောင်းတွေ တန်းစီပြီး ပေါ်လာတော့တာပဲ။
မပေါ်လို့ ရနိုင်ရိုးလားရှင်။ ကျွန်မတို့က ပွဲစားကို လိမ်လည်တယ်ဆိုပြီး ရပ်ကွက်ရုံး တိုငိမယ်လို့ ခြောက်လိုက်တာကိုး။ ဒါနဲ့ပဲ ဇာခြည့် အမေကိုပြောပြီး အိမ်ပြောင်းဖို့ တိုက်တွန်းလိုက်ရတယ် ဘွားတော်ကတော့ ၂ ခါကုန်လို့ ပူညံလိုက်တာ ပြောမနေနဲ့ ။ ဒါကတော့ ကျွန်မရဲ့ တကယ့်ကိုယ်တွေ့ အဖြစ်အပျက်ပါ။
ကိုယ်တွေ့အဖြစ်အပျက်လေးကို ပြောပြပေးတဲ့ မ Eain Dray ကို ကျေးဇူးတင်ကြောင်း ပြောပါရစေ.....။ ။ ။
Credit - ရွာတော်ရှင်
