ရင်ဖုံးအင်္ကျီလေးနဲ့ ကောင်မလေး
ဇာတ်လမ်းပေးပို့ပေးသူ - မခေတ္တာမွန်
ကျနော် 1991 ခုနှစ် အထက်တန်းကျောင်းသားအရွယ်က ကြုံရတာပါ။ စစ်ကိုင်းတိုင်း၊ကောလင်းမြို့၊(.....)ရပ်ကွက်က အမျိုးအိမ် မှာနေပြီး ကျူရှင်တက်ခဲ့ပါတယ်။ 1991ခုနှစ် ဒီဇင်ဘာလ ဆောင်းတွင်း ချမ်းအေးတဲ့ အခါသမယမှာပေါ့။ အိမ်ရှင်တွေကတော့ အိမ်ရှေ့ဘက်အခန်းမှာ အိပ်ကြပါတယ်။ မိုးကောင်းမြို့က ကိုလှဝင်းက ကျနော်နဲ့အတူ အိပ်ကြတယ်။ လျှပ်စစ်မီးအလင်းရောင် အားကောင်းကောင်းဖွင့်ထားပါတယ်။ အခန်းကြမ်းပြင်မှာ နှစ်ယောက်သား စောင်ခြုံလဲလျောင်းပြီးစကားပြောနေကြတဲ့အချိန် ခေါင်းရင်းပြတင်းပေါက် သံဇကာကွက်တွေကနေတဆင့် အဖြူရောင်ရှည်မျှောမျှောလေး ၀င်လာတယ်။
သံဇကာတစ်ကွက်ကို 2 လက်မလောက် ကျယ်တယ်။ အခန်းအကျယ်က 7 ပေပတ်လည်လောက်ပဲရှိတာ။ အခန်းထဲရောက်တော့ လူပုံစံအရွယ်အစားအတိုင်း ဖြစ်သွားတယ်။ ကျနော်တို့က ပက်လက်အနေအထားကနေ မြင်နေရတာ။ ပုံစံက တရုတ်သိုင်းကားထဲကလို တရုတ်မလေးလို ဆံပင်နောက်ထုံး၊ မျက်နှာပြည့်ပြည့်၊ အကျီ င်္ရင်ဖုံးအဖြူရောင်လက်ရှည်၊ ပုဝါအဖြူ၊၊ အရပ် 5ပေ3လက်မ လောက်ရှိတယ်။
သူမလက်ကလေးနဲ့ မေးကလေးကိုထောက်ပြီး ကျနော်တို့နှစ်ယောက်ရဲ့ ခြေရင်းနားမှာ လှုပ်လီလှုပ်လဲ့ ပတ်သွားနေတယ်။ ကျနော်တို့ကို ပြုံးပြုံးလေးစိုက်ကြည့်ပြီး ခြေရင်းမှာ ပတ်သွားနေတာကလွှဲလို့ အန္တရာယ်တော့မပြုဘူး။ နှစ်ယောက်သား အော်လည်းမအော်ရဲဘဲ ပက်လက်ကလေးတွေအိပ်ရင်း သူမကိုပဲ လိုက်ကြည့်နေရတယ်။ ကိုလှဝင်းကတော့ ကျနော့်လက်ကို အသေဆုပ်ကိုင်ရင်း ကြောက်နေရှာတယ်။
အိပ်ယာခြေရင်းမှာ ဆယ်ခေါက်မြောက်အရောက် ပတ်သွားလို့အပြီးမှာ ၀င်လာစတုန်းကလိုပဲ ကြီးရာကသေး ရှည်မျှောမျှောအဖြူရောင်လေး သံဇကာကွက်ပေါက်လေးထဲက ထွက်သွားပါတယ်။ သူထွက်သွားမှ နှစ်ယောက်သား ပြတင်းပေါက်တောင် ထမပိတ်ရဲဘဲ ငုတ်တိုင်ထိုင်ရင်း မနက်မိုးလင်းအောင် စောင့်ခဲ့ရတယ်။ နောက်ပိုင်းမေးမြန်းကြည့်တော့ အိမ်ရှင်အဘွားကြီးလည်း အဲဒီအခန်းမှာ နေသွားဖူးတယ်။
အဘွားကြီးရှိတုန်းကဆိုရင် ရေအိုးတွေမှာ သောက်ရေသုံးရေ မနက်တိုင်းအပြည် ခပ်ထည့်ပေးတဲ့ ညီအစ်မလေးတွေ ၃ယောက်လောက် ရှိခဲ့ဖူးတယ်တဲ့။ ညနေပိုင်းထင်းလှည်းတွေ ထင်းလာချရင် မနက်ဆိုရင် ထင်းချောင်းတွေ ထင်းပုံပေါ်မှာ စီထားပေးတတ်တယ်တဲ့။ နေ့လည်ခင်း အဲဒီအခန်းမှာပဲ ကျနော်တစ်ဦးထည်း စာဖတ်နေရင်းနဲ့ ကောင်မလေးတစ်ယောက် ခန်းဆီးလိုက်ကာစကို တွန်းဖယ်ပြီး ချောင်းကြည့်တာကို တစ်ကြိမ်ကြုံရဖူးပါတယ်။
ကျနော့်အစ်မလည်း အဲဒီအိမ်ဘုရားစင်မှာ ဘုရားရှိခိုးပြီး ပုတီးစိတ်မယ်အလုပ်မှာ ဘုရားစင်တည်ထားတဲ့ အိမ်တိုင်ကြားထဲကနေ ၀တ်ဖြူစင်ကြယ်နဲ့ ပုဂ္ဂိုလ်တစ်ဦး ထွက်လာပြီး ငါ့သမီး ဆက်လုပ်ပါလို့ပြောပြီး အဲဒီအပေါက်လေးထဲ ပြန်ဝင်သွားဖူးတယ်။
နောက်တော့ အိမ်ရှင်တွေလည်း ရွာမှာပြောင်းနေမှာကြောင့် အဲဒီအိမ်ကို ရောင်းလိုက်တယ်။ နောက်ဝယ်တဲ့အိမ်ရှင်ကလည်း ပထမအိမ်ရှင်ကို ဟဲ့..မ(....)ရေ၊ နင်တို့အိမ်မှာ ဘာတွေမှန်းမသိဘူး၊ ခဏခဏပဲ တွေ့နေရတယ် လို့ပြောပါတယ်။
(ဒါတွေကတော့ မယုံသူများလည်း ရှိနိုင်ပါတယ်။ ကျနော်ကတော့ ကိုယ်တွေ့ကိုပဲ တင်ပြတာပါ။ နောက်ထပ်ကိုယ်တွေ့တွေ ကျနော့မှာ အများကြီးရှိပါတယ်။ ဆက်တင်ပြပါမယ်။)
