နေပြည်တော်မှာကွယ် ဘယ်ရေစက်ရယ်ကြောင့် ဒီလောက်တောင် ခြောက်ရသလဲ



ပေတပရိတ်သတ်ကြီး နန်းမြိုင်ဟော်တယ်မှ ကုလားမ သရဲကို ဖတ်ဖူးပြီးသားလို့ ထင်ပါတယ်။ မေမြို့ က နာမည်ကြီး ဟော်တယ်တစ်ခုရဲ့  အကြောင်းကို ဖေါ်ပြရာမှာ ကိုယ်တိုင်တွေ့ ကြုံခဲ့တဲ့ အဖြစ်ကို ဖေါ်ပြခဲ့တာမို့  အမည်နေရာ အတိအကျကို ဖေါ်ပြခဲ့သော်လည်း ဒီတစ်ခါရေးသားပေးမယ့် " နေပြည်တော်မှာကွယ်" ကိုတော့ ပြောပြတဲ့ မိတ်ဆွေလေးရဲ့  ခွင့်ပြုမိန့်ကို တပါတည်း တောင်းဆို မထားတာကြောင့် ဟော်တယ် အမည်လေး ချန်လှပ်ထားပြီး တော်ဝင်ဆိုတဲ့ အမည်ထိပ်စည်းလေးသာ ရေးသား ဖေါ်ပြပေးပါရစေလို့ ကြိုတင်တောင်းပန် အသိပေးပါရစေရှင့်။

သိပ်မကြာသေးမီက ဖြစ်ခဲ့တဲ့ အဖြစ်လေးပါ။ အလုပ်ကိစ္စလေး တချို့ ရှိလို့ လာခဲ့ကြတဲ့ ပိုင်ပိုင်တို့ သူငယ်ချင်းတစ်စုဟာ တော်ဝင်ဟော်တယ်မှာ တည်းခိုဖို့ စီစဉ်ထားတဲ့အတိုင်း ၂ ယောက်ခန်း ၂ ခန်းယူပြီး အဝတ်အစားအိတ်တွေ နေရာချထား အပြီးမှာ ရေချိုးဖို့ ပြင်ပါတယ်။ ကျွန်းသစ်ကို လှိုင်လှိုင်ကြီး သုံးထားတဲ့ တော်ဝင်ဟော်တယ်ဟာ နေပြည်တော်ရဲ့ ပထမတန်းစား ဟော်တယ် စားရင်းဝင်ပါ...။

နေပြည်တော်ဟာလဲ မီးအားပြည့်တာမို့ လျှပ်စစ်ပစ္စည်းတွေကို သေချာ အသုံးပြုလို့ အကောင်းဆုံးမြို့ တစ်မြို့ အနေနဲ့  မြန်မာပြည်တွင်းမှာတော့ နာမည်ကြီးမြို့ ပါရှင်။ ခုနစကားလေး ဆက်ပါရစေ။ ကြော်ငြာထိုးနေတာနဲ့ သရဲက မခြောက်ရဘူးဖြစ်မှာ စိုးလို့ ပါ။ ရောက်ရောက်ချင်း ရေလေးချိုးပြီး တစ်ခုခု ထွက်စားမယ်လို့ တိုင်ပင်ထားတာမို့  ရေချိုးခန်းထဲ ပိုင်ပိုင် ဝင်လိုက်တုံး အိမ်သာက မုတ်ဘေးက တစ်ရှုးလိပ်ကလေးက ကြွေပြားခင်းကြမ်းခင်းပေါ်ကို ဘတ်ကနဲ ပြုတ်ကျလာပါသတဲ့။

ပိုင်ပိုင်လဲလန့် သွားတာမို့ တီးတိုး ဆဲလိုက်ရင်း ခြေနဲ့ ပိတ်ကန်လိုက်မိပါတယ်။ ဒီအချိန်မှာဘဲ အပြင်ဘက်ခန်းက ချောက်ကနဲ မီးခလုတ် ပိတ်သံနဲ့ အတူ မီးတွေငြိမ်းသွားပါတယ်။ ပိုင်ပိုင် အနေနဲ တစ်ခုခုတော့ တစ်ခုခုပဲဆိုတာ စဉ်းစားပြီး မီးခလုတ်ကို သွားပြန်ဖွင့်လိုက်ပါတယ်တဲ့။ လူမရှိတဲ့အခန်းထဲက မီးခလုတ်ကို ဘယ်သူ လာပိတ်လိုက်နိုင်တာလဲဆိုတာ စဉ်းစားရင်း အပြင်မှာ ကျန်ခဲ့တဲ့ လက်ကိုင်ဖုန်းလေးကို ယူလာပြီး ရေချိုးခန်းထဲ ပြန်ဝင်လာလိုက်တုံး မီးက တဖြတ်ဖြတ် မြည်သံပြုပြီး ပျက်သွားပါတယ်။

ပုံမှန်အားဖြင့်တော့ မီးပျက်နေကြ မြို့မဟုတ်တဲ့အတွက် ရုတ်တရက်မှာ အံ့သြမိရုံထက် ဘာမှ ပိုပြီး တွေးစရာမရှိပေမယ့် ကျောတလျောက် စိမ့်နေအောင် ကြောက်လာမိတာကြောင့် မျက်နှာသုတ်ပုဝါ ပတ်လျက်နဲ့ ပဲ အခန်းတံခါးကိုဖွင့်ပြီး ပြေးပါတယ်။ ဒီနောက်မှာတော့ တံခါးဝက အထွက်မှာဘဲ ချော်လဲကျပါတော့တယ်။ ကော်ရစ်ဒါမှာ ကော်ဇောထူတွေ ခင်းထားတဲ့ စင်္ကြန်လမ်းလေးပေါ် လဲကျသွားတဲ့ အရှိန်က မပြင်းပေမယ့် ဘာကြောင့် သွေးထွက်သံယိုတွေဖြစ်ပြီး တစ်ကိုယ်လုံး စုတ်ပြတ်ပဲ့ရွဲ့ ထွက်သွားအောင် ဘယ်လိုလဲခဲ့တာလဲဆိုတာ ပိုင်ပိုင်ကိုယ်တိုင်လဲ စဉ်းစားလို့ မရခဲ့ဘူးလို့ ဆိုပါတယ် ။ အလဲလဲအကွဲကွဲနဲ့  အခန်းတံခါးကို ပြင်းပြင်းထုရင်း ဖွင့်ခိုင်းတဲ့ ပိုင်ပိုင်ကို မောင်ဇော်နဲ့  ဖိုးရှိန်က ရီပါတယ်။ သရဲထင်တာဘဲလို့ ပြောပြမိတဲ့ စကားကို အူနာအောင် ရီပြီးတော့

ဟေ့ကောင် မင်းဒီလောက် သွေးထွက်သံယို ချော်လဲလာတာ ရေချိုးခန်းထဲမှာ ချော်လဲလာတာ မဟုတ်လားတဲ့ ။ အဖြစ်အပျက်ကို ပြန်ပြောပြတဲ့ ပိုင်ပိုင့်စကားကို တစ်ယောက်မှ လက်မခံကြဘူး မောင်ရှိန် အာချောင်ချက်ကတော့ ခောတ်စကားနဲ့ ပြောရင် 9 လောက်များ ရှိမလားပါဘဲ။ ဘယ်ကကောင်လဲ ဘာသရဲလဲ ထွက်ခဲ့စမ်း စသဖြင့် အော်ဟစ်ဆဲဆိုပါတယ်။ ပိုင်ပိုင်ကတော့ ဘာစကားကိုမှ ထပ်မံမပြောတော့ဘဲ မောင်ရှိန်တို့ အခန်းထဲက နားကျပ်တံ ဂွမ်းလိပ်လေးနဲ့  နားကိုအသာသန့် စင်ရင်း ကြမ်းကြမ်းတမ်းတမ်းကြီး သောင်းကျမ်းတဲ့ ဘာမှန်းမသိတဲ့ ပုဂ္ဂိုလ်ကို အာရုံညွတ်မိ နေစဉ်မှာ သော့ပိတ်တဲ့ နေရာက သံကြိုးတွဲလောင်းလေး ကျနေတဲ့ တံခါးအဖွင့်အပိတ် ခလုတ်ကလေးက သံကြိုးလေးက သိသိသာသာ ထင်ထင်ရှားရှား လွှဲယမ်းလို့ နေတာကိုတွေ့ ရပါပြီ။

အခန်းထဲလူကုန် မင်တက်မိလို့ ငေးကြည့်နေစဉ်မှာ အဝတ်ဗီရို တံခါးချပ်ကြီး ဝုန်းကနဲ မြည်သံပေးရင်း ပွင့်ထွက်လာပါတယ် ။ သွေးကြောင်တယ်ပဲ ပြောပြောပါ နားကျပ်တံလေးနဲ့ နားကို ကျပ်နေတဲ့ အချိန်မို့  အခန့် မသင့် ဆွဲထုတ်လိုက်မိသလို ဖြစ်သွားတဲ့အခါ ကော်ချောင်းလေးအဖျားက ဂွမ်းစလေးက နားထဲ ကျန်ခဲ့ပါတော့တယ် ။ နားကို တတ်နိုင်သလောက်လက်နဲ့ စမ်းပြီး ဂွမ်းစလေး ဆွဲထုတ်ရင်း ဟော်တယ်ပြောင်းကြမလားလို့ မေးတော့ မောင်ရှိန်ရော မောင်ဇော်ရောက အေး ကောင်းတယ် ပြောင်းကြတာပေါ့ဆိုပြီး ပစ္စည်းလေးတွေ သွက်သွက်လက်လက် သိမ်းပြီး ပြောင်းပြေးကြရပါတော့တယ် ။

ဇာတ်လမ်းက ဒီမှာဆုံးပြီးဆိုပြီး သက်ပြင်းမချလိုက်ပါနဲ့ ပေတ ပရိတ်သတ်ကြီးရေ။ နောက်ဟော်တယ် တစ်ခုရောက်မှ နားထဲက ဂွမ်းစလေးတွေကို သေချာ လက်တစ်ဖက်နဲ့ ဖြေးဖြေးချင်း ဆွဲထုတ်ယူရတဲ့ အခါမှာ ထွက်လာလို့ မဆုံးတဲ့ ဂွမ်းလိပ်အပုံကြီးဟာ ပိုင်ပိုင် လက်ခုတ်တစ်ခုလုံး အပြည့် ဆွဲထုတ်လို့ ထွက်လာကြောင်းပါ ပရိတ်သတ်ကြီးရေ....

ရန်ကုန်ပြန်မှ ပိုင်ပိုင်တို့ အိမ်ကကိုးကွယ်တဲ့ ဘုန်းဘုန်းစီ ပိုင်ပိုင် မေမေကိုခေါ်လို့ သွားပြီး ပရိတ်ရေမန်းများနဲ့ ဆေးကုယူရလောက်အောင် သောင်းကျန်းခဲ့တဲ့ တော်ဝင်ဟော်တယ်မှ ပုဂ္ဂိုလ်ကြီးအကြောင်း ဖျားနာနေတဲ့ကြားက ရေးသား တင်ပြပေးလိုက်ပါတယ် ။

Credit : တီတီ
Powered by Blogger.