နည်းတာမဟုတ်တဲ့ ကောင်ကြီး


ကိုယ်တွေ့ ဖြစ်ရပ်လေးကို ပြောပြပေးသော ကို Yar Zar Ko Ko အား ကျွန်တော်တို့ Admin များမှ ကျေးဇူးအထူးတင်ရှိပါတယ်။

အဖြစ်အပျက်က ဒီလိုဗျ။ လွန်ခဲ့တဲ့ ၆ နှစ်လောက်ကပေါ့။ ကျွန်တော်နေတာက မြောက်ဥက္ကလာမှာပါ။ တစ်နေ့ပေါ့ဗျာ ည ၇:၀၀ လောက်ပေါ့ ကျွန်တော်တို့ လမ်းထဲက (ဒီနေရာမှာ နာမည်လွှဲပါရစေ ) ဦးအေးပေါ့ သူကအရက်ဆို ဘာအရက်လာလာ အကုန် ကြိုက် အကုန်သောက်ဆိုတဲ့ လူစားမျိုးဗျ။

ဖြစ်ချင်တော့ အဲ့နေ့မတိုင်မီ ၂ ရက် ၃ ရက်လောက်ထဲက အောင့်တယ် အောင့်တယ်ဆိုပြီး ဆေးခန်းသွားပြထားရတာ ဆရာဝန်ကတော့ ပြောတာပေါ့ အရက်ဆက်မသောက်ဖို့ ဒါလည်း ဒီလူက မရပါဘူး။ ဖြစ်တဲ့နေ့က သူ့ဘော်ဒါတွေကလည်း နယ်ကပြန်လာတော့ လူစုံတုန်းဆိုပြီး ဆိုင်သွားကြပါရော။ အပြန် အိမ်လည်းရောက်ကော ဆရာသမားက အောင့်ရုံတင်မကတော့ဘူး အန်ပါအန်တော့တာ။

အန်တာမှ သွေးတွေချည်းပဲ အဲ့ဒါနဲ့ အိမ်နီးနားချင်းတွေ ဆေးရုံပို့မှရမယ်ဆိုပြီး ဆေးရုံပို့ဖို့ လုပ်ကြတာပေါ့။ လမ်းထဲက လူငယ်တွေ ကျွန်တော်အပါအဝင်ပေါ့။ သူ့ကိုဆေးရုံပို့ ဆိုက္ကားခေါ်ပြီး ပို့ကျတာပေါ့။ အဲ့မှာကျွန်တော်ရယ် ကျန်တဲ့လမ်းထဲက ကိုကျော်ကြီးနဲ့ နောက် ၂ ယောက်က နောက်မှ ထမင်းပို့ရင်းနဲ့ လိုက်ခဲ့မယ်ဆိုပြီး နေခဲ့ကြတာပေါ့။

င်္ဒီလိုနဲ့ ည ၉:၃၀ လောက်မှ ၄ ယောက်သား ဆေးရုံလိုက်သွားတဲ့ လူတွေအတွက် ထမင်းထုပ်တွေထုပ်ပြီး ဆိုက်ကား ၁ စီးနဲ့ လိုက်သွားကြတာပေါ့။ ဆိုက်ကားကို ကိုကျော်ကြီးက နင်းတာပါ။ ကျွန်တော်ကတော့ အနောက်ခုံ မှာ ထိုင်လာတာပေါ့။ ဆေးရုံနားနီးတော့မှ သတိထားမိတာ ထည့်လာတဲ့ ထမင်းထုပ်တွေက ဝက်သား အမဲကြော် နဲ့ ဝက်အူချောင်းတွေ ဒါနဲ့ သတိရပြီး ကိုကျော်ကြီးကို ပြောလိုက်သေးတယ်။

ဟင်းတွေက ရှယ်တွေဆိုတော့ ဖြစ်ပါ့မလားလို့ပေါ့။ အဲ့မှာစတာပဲ ဇာတ်လမ်းက သွားပြောမိတဲ့ ကျွန်တော်ကိုက မှားတာပါ ပြောလိုက်မှပဲ ဆရာသမားက ဘာလည်း မင်းကကြောက်လို့လားတဲ့။ ဒါနဲ့ကျွန်တော်ကလည်း မကြောက်ပါဘူးလို့ ပြောလိုက်တာပေါ့ ဟုတ်တယ်လေ ဆိုက်ကားမှာက လူ ၄ ယောက်တောင် ပါတာကိုး။

အဲ့ဒါကို အပြင်ဘေးခုံမှာ ထိုင်တဲ့တစ်ယောက်က အေးမကြောက်ရင် ထမင်းထုပ်ကို မင်းကိုင်ဆိုပြီး ကျွန်တော့် လာပေးရော။ ကိုကျော်ကြီးကလည်း ဆိုက်ကားကို ဆေးရုံဝင်ပေါက်က မဝင်ပဲ ရေခဲတိုက်လမ်းက ဝင်ပါလေရော။ ဘာဖြစ်လို့လည်း မေးတော့ မြန်အောင်လို့တဲ့ အဝင်ပေါက်ကဝင်ရင် အပေါက်စောင့်တွေက ရစ်ချင်တယ်ဗျ ဒါနဲ့အဲ့ ရေခဲတိုက်လမ်းကဝင်တာပေါ့။

စဝင်လိုက်ပြီဆိုကတည်းက နှာခေါင်းထဲ အနံ့အသက်က သိပ်မကောင်းချင်ဘူး ဆိုက်ကားကလည်း ကိုကျော်ကြီး တမင်လုပ်နင်းနေလား အောက်မေ့ရတယ်။ အိပဲ့အိပဲ့နဲ့ အဲ့အချိန်မှာဗျာ အူလိုက်တဲ့ ခွေးတွေ ဘာကိုတွေ့လို့ အူမှန်းကိုမသိတာ လူတောင် ကြက်သီး နည်းနည်းထသွားတယ်။ ဆိုက်ကားကလည်း နှေးချက် ဒါနဲ့ကျွန်တော်က ကိုကျော်ကြီးကို ဟေ့လူ မြန်မြန်နင်းပါဟ လို့ပြောတော့ သူကလည်း ငါလည်းနင်းနေတာပဲတဲ့ ဆိုက်ကားက အနောက်က တစ်ယောက်ယောက် ဆွဲထားသလိုပဲတဲ့ လေးတယ်ဟ လို့ပြောပြီး အံကျိတ်နင်းနေတယ်။

ကျန်တဲ့ ၂ ယောက်ကတော့ မျက်စိမျက်နာ ပျက်နေပြီ။ ကျွန်တော်ဆို မပြောနဲ့ ထမင်းထုပ်ကို လက်နှစ်ဖက်နဲ့ပိုက်ပြီး အရှေ့ကို လှည့်နေတာ နောက်ကိုမကြည့်ရဲဘူး။ အဲ့မှာဘေးက တစ်ယောက်က ထအော်ပါလေရော အောင်မလေးဗျ သရဲဆိုပြီး။ အော်လည်းအော် ဆင်းလည်းပြေးတာ တန်းနေတာပဲ။ ဆေးရုံဝင်းထဲကို ကျွန်တော့်မှာတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ အရှေ့ကလူကို ဖမ်းဆွဲထားရတယ်။

ပါးစပ်ကလည်း ကိုကျော်ကြီးနင်းဟ နင်းဆိုပြီး ဇွတ်ကို နင်းခိုင်းတော့ ဒီလူကလည်း နင်းချက်ကချိန်းပျက်မထွက်ပဲ ရှယ်ကိုနင်းတာ ဝီခေါ်နေတာပဲ။ ဒါပေမယ့် ဆိုက်ကားက ထင်သလောက် မသွားဘူးဗျ။ အခုမှသတိထားမိတာ ကျွန်တော့်လက်တစ်ဖက်က ရှေ့ကလူကို ဆွဲထားတော့ ကျန်လက်တစ်ဖက်ကကော ဘယ်မှာလည်း ငါ့လက်ဆိုပြီး ကြည့်လိုက်မိမှ ဟိုက် ကျွန်တော့်လက်ကြီးက လေထဲမှာ တန်းလန်းကြီး ထမင်းထုတ်ကြီးကိုင်လို့ လူကလည်း တချက်တချက် ကြွကြွသွားတာများ။

အမလေး ရေးရင်းနဲ့တောင် ဒူးတုန်တယ်။ ဒါနဲ့ကျွန်တော်လည်း အော်ပါလေရော လုပ်ကြပါဦး။ ဘာတုံးဟ ဘာလည်းဟဆိုပြီး အရှေ့က လူတွေကိုပြောတော့ သူတို့လှည့်အကြည့် အားလားလား အဲ့ဒါမှ ပိုကြမ်းတော့တာ လေထဲက လက်က ဘယ်ညာကို ရမ်းပြီးတော့ ဆွဲခါနေတော့တာ ကျွန်တော်ကြောက်ချက်က 9 လောက်ရှိတယ် မလွှတ်ဘူး။ မျက်စိစုံမှိတ်ပြီးတော့ကို ပြန်လုနေတာ ကြားထဲက ကိုကျော်ကြီးက ကျွန်တော့်လက်ကိုအတင်းပြေးပြီး ဆောင့်ဆွှဲလိုက်တော့မှ လူကောထမင်းထုတ်ကော ဆိုက်ကားပေါ်ကျတာ ခါးကိုကျိုးပြီမှတ်တယ်။

ကိုကျော်ကြီးကလည်း ကျွန်တော့်လက်ထဲက ထမင်းထုတ်ယူပြီး လမ်းဘေး တစ်နေရာချပေးကာ မင်းတို့စားချင်တာ ဒီမှာစားပြီး နေခဲ့တော့ လိုက်မနှောင့်ယှက်နဲ့ဆိုတော့မှ နည်းနည်းငြိမ်သွားတော့တယ်။ ကျွန်တော်လည်း နာသွားတော့ ကိုယ့်များထူမလားဆိုပြီး အရှေ့ကလူကိုကြည့်လိုက်တော့ အောင်မာ ငနဲသားက မတ်တပ်ရပ်ပြီး ကြောင်ကြည့်နေတာ။ ကျွန်တော့်ကို လှုပ်လည်း မလှုပ်ဘူး ကိုကျော်ကြီးပါး ၂ ချက်လောက် ရိုက်ပေးလိုက်မှ ဟမ်ဟမ်ဆိုပြီး သတိပြန်လည်လာတာဗျ။

မတ်တပ်မေ့တာ ဒီတစ်ခါပဲ မြင်ဘူးသေးတယ်။ ဒါနဲ့ကိုကျော်ကြီးလည်း ကျွန်တော်တို့ ၂ ယောက်ကို ဆိုက်ကားပေါ်တင်ပြီး တွန်းပြေးခဲ့ရပါလေရော။ ကျွန်တော်တို့လည်း အဲ့ထဲက မှတ်ပြီး နောက်ဆို ဆေးရုံဘက်ကို ညနေစောင်းတောင် ခြေဦးမလှည့်ကြတော့ဘူး။

နောက်နေ့ကြတော့ ကျွန်တော်ဖျားပါလေရော။ ကြောက်တာရော နာတာရော ပေါင်းပြီးဖျားလိုက်တာ ၅ ရက်လောက် ကြာမယ်ထင်တယ်။ မမှတ်မိတော့ဘူး ကိုကျော်ကြီးကတော့ လန့်ရုံတင် ဟို ၂ ရောက်ကတော့ ပထမဆုံးပြေးတဲ့ ငနဲကဟဆေးရုံထဲရောက်မှ ချော်လဲပြီး ထိပ်ပေါက်သွားတယ်။ နောက်တစ်ယောက် မတ်တပ်မေ့တဲ့ တစ်ယောက်က သူ့အိမ်ပြန်ရောက်တာတောင် စကားပြန်မပြောနိုင်ဘူးဗျာ။

ဟမ်ဟမ်နဲ့ ကြောင်တောင်တောင်ဖြစ်နေတာ ဘုရားစင်က ရေမန်း ယူတိုက်လိုက်မှပဲ သက်သာသွားတယ်တဲ့။ နောက်နေ့တွေမှ သူပြန်ပြောပြတာက အဲ့ညက ကျွန်တော်နဲ့အပြိုင် သူဆွဲကိုယ်ဆွဲလုနေတဲ့ အကောင်က အားလားလား လက်ကြီးမှ မည်းနက်နေတာပဲတဲ့ နည်းတဲ့အကောင်ကြီး မဟုတ်ဘူးတဲ့ဗျာ အမွှေးတွေနဲ့တဲ့။

ပြန်ပြောရင်းနဲ့တောင် ကျောချမ်းတယ်ဗျ။ အဲ့ဒါတကယ့်ဖြစ်ရပ်ဗျ။ မယုံရင် ကိုယ်တိုင် သွားကြည့်လို့ရတယ်။ အဲထမင်းထုတ်တော့ မမေ့နဲ့နော်။ ဒါမှအဆွဲခံရမှာ မြောက်ဥက္ကလာ ဆေးရုံဘေးက ရေခဲတိုက်လမ်းဗျ ။ နေရပ်လိပ်စာနဲ့ လူနာမည်တွေ မဖော်ပြရတာတော့ ဆောရီးပါ.....။ ။ ။

Credit : Yar Zar Ko Ko
Powered by Blogger.