၉ လောင်းကွေ့



ရေးသားသူ - ဇော်ထက်

ကျွန်တော်တာဝန်ကျတာက ရခိုင်ပြည်နယ်ရဲ့ အစွန်ဆုံးမြို့လေး တစ်မြို့မှာပေါ့။ ကျွှန်တော်တို့တပ် တည်နေရာကတော့ မြို့ထဲနဲ့ ခပ်လှမ်းလှမ်းမှာပါ။ မြို့ပြင်အထွက်နားလောက်မှာ ရှိပါတယ်။ မြို့ထဲကို လမ်းလျှောက် သွားမယ်ဆိုရင် သိပ်တော့မဝေးပါဘူး။ မှတ်မှတ်ရရ (၂၀၀၆) ခုနှစ် (၁၂)လပိုင်းအချိန်မှာ တပ်ကိုစရောက်တာ။ လူ့စိတ်ဆိုတာကလည်း ဘာမှမသိရင် ဘာမှမဖြစ်ဘူးလေ။ အဲ့ဒီတော့ စရောက်တဲ့အချိန် မသွားရဲ မလုပ်ရဲတာ ဘာတစ်ခုမှ မရှိဘူး။

တပ်ကိုရောက်ပြီး သိပ်မကြာဘူး။ တပ်ကနေပြီး လမ်းလျှောက်သွားမယ်ဆိုရင် (၂) နာရီခွဲလောက် လမ်းလျှောက်သွားရမယ့် ရွာတစ်ရွာမှာ အငြိမ့်ပွဲရှိတယ်ဆိုတဲ့ သတင်းရထားတော့ ဆိုင်းသံဗုံသံကြားရင် မနေနိုင်တဲ့ ကျွန်တော့်ဝါသနာကြောင့်ရယ်၊ ပြီးတော့ ပြီးတော့ ကိုယ်ခုမှစရောက်တဲ့ နေရာဒေသရဲ့ အလေ့အထလေး တွေကိုလည်း စနည်းနာချင်တာကြောင့်ရယ်ကြောင့် သူငယ်ချင်းတစ်ယောက်ကိုပါ အဖော်ခေါ်လိုက်ပြီး ပွဲသွားကြည့်ကြဖို့ ပြင်ဆင်လိုက်ကြတယ်။ ကျွန်တော့်သူငယ်ချင်းကလည်း ကျွန်တော်သာပါမယ်ဆိုရင် ဘယ်နေရာဘယ်ဒေသကိုပဲသွားသွား လိုက်ဖို့ အဆင်သင့် ဖြစ်နေတဲ့ လူစားလေ။ ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက်သား ပွဲသွားကြည့်ဖို့ ပြင်နေတဲ့အချိန်မှာ တပ်ကြပ်ကြီးတစ်ယောက်က လာပြောတယ်။

"ဗိုလ်ကြီးတို့ ဒီကအသွားမှာ ကားကြုံ လိုက်လို့ရတယ်... အပြန်တော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပြန်ရမယ်တဲ့"

ဟုတ်ပြီပေါ့။ ကားကြုံဆိုလို့ တစ်ချက်ပြောရအုံးမယ်။ ကျွှန်တော်တာဝန်ကျတဲ့ မြို့ကနေ ရန်ကုန်ကို သွားတဲ့ကားတွေ ရှိတယ်။ ည (၉) နာရီခွဲလောက်ကနေ စပြီးထွက်တယ်။ နောက်နေ့မနက် (၈) နာရီခွဲလောက်ဆို ရန်ကုန်ကို ရောက်ပြီ။ စထွက်ရင် ကျွှန်တော်တို့တပ်ရှေ့ကနေ ဖြတ်ပြီးသွားရတာ။ ကျွှန်တော်တို့တပ်ရှေ့ကနေ ကျော်ပြီး ဆက်သွားရင် စုပေါင်းဂိတ်တစ်ခုရှိတယ်။ အဲ့ဒီဂိတ်မှာ လိုင်းကားတွေ အကုန်ရပ်ရတယ်။ ကျွှန်တော်တို့ကလည်း အဲ့ဂိတ်မှာကြိုစောင့်ပြီး ကားလာတာနဲ့ တက်လိုက်ပြီး အငြိမ့်ပွဲရှိတဲ့ရွာလည်း ရောက်ရော ဆင်းလိုက်ကြတာပေါ့။ ပွဲဈေးတန်းကလည်း သိပ်တော့ မစည်ပါဘူး။ ခဏလောက် လမ်းလျှောက်ပြီး အငြိမ့်ကနေတာကို ထိုင်ကြည့်နေလိုက်တာပေါ့။ ကြည့်နေရင်းနဲ့ မနက်၎နာရီ လောက်ဖြစ်သွားတော့ တစ်ချို့ပြန်တဲ့သူတွေလည်း ပြန်ကုန်ကြပြီ။ ကျွှန်တော်တို့လည်း မနက် ၇ နာရီခွဲမှာ တန်းစီရှိတာနဲ့ အဖော်လေးတွေရှိတုန်း ပြန်ကြမယ်ဆိုပြီး ထပြန်လာကြတာ။

တစ်လမ်းလုံးကလည်း မှောင်မဲနေတာဘဲ။ ရိုးမနဲ့နီးနေတာဆိုတော့ တစ်ဖက်မှာကချောက် တစ်ဖက်မှာက ကမ်းပါးယံတွေနဲ့ သစ်ကြီးဝါးကြီးတွေ ပေါက်နေတာပေါ့။ တော်တော်လေးလည်း လျှောက်လာပြီးရော လမ်းပေါ်မှာ ကျွန်တော်တို့ သူငယ်ချင်း ၂ ယောက်ပဲ ရှိတော့တယ်။ နှစ်ယောက်သား စကားလေး တပြောပြောနဲ့ အေးအေးဆေးဆေး လမ်းလျှောက်လာတာ ၂ နာရီလောက် လျှောက်လိုက်ရတယ်။ ၆ နာရီ ခွဲလောက်ကျတော့ တပ်ကိုရောက်ရော။ ရေမိုးချိုးပြီး တန်းသွားစီတော့မှ ပြဿနာကစတာပဲ။

တန်းစီကွင်းထဲမှာ ကျွန်တော်တို့ နှစ်ယောက်ကို ၀ိုင်းမေးကြတာ " ဗိုလ်ကြီးတို့ ဘာနဲ့ဘယ်လို ပြန်လာကြတာလဲ???? "တဲ့။

ကျွှန်တော်တို့ကလည်း ကုန်းကြောင်း ပြန်လာတယ်လို့ အမှန်အတိုင်း ပြန်ဖြေလိုက်ကြတော့ အဲ့မှာတင် သူတို့က ဟာ..ဟင်..နဲ့ဘာတွေ ဖြစ်ကုန်မှန်းကို မသိတော့တာ။ ကျွန်တော်တို့ထက် အရင်စောပြီး အဲ့ဒီတပ်မှာ တာဝန်ကျနေတဲ့ စီနီယာအစ်ကိုကြီး တစ်ယောက်ဆိုရင် ကျွန်တော်တို့ နှစ်ယောက်လုံးကို စိတ်တိုနေတာများ အာဠာဝက ဘီလူးကြီး အီအီးပုံတက်နေမိထားတဲ့ အတိုင်းပဲ။ သူကပြောသေးတယ်။

"တပ်ကို ခုမှ စရောက်လာကြပြီး ဒီဒေသအကြောင်း ဘာမှမသိသေးပဲနဲ့ လျှောက်လုပ်တာ မင်းတို့ နှစ်ကောင် ကြပ်ကြပ်သတိထား.... " တဲ့ဗျာ။ တန်းစီလည်းပြီးရော သူကခေါ်ပြီး ဆူပါလေရော။ ပြီးတော့မှ အကြောင်းစုံကို ပြောပြတာ။ အဖြစ်အပျက်က ဒီလိုပါ....

ခုန ကျွှန်တော်ပြောခဲ့တဲ့ ကျွှန်တော်တို့ တပ်ဘေးနားမှာ စုပေါင်းဂိတ် တစ်ခုရှိတယ်။ အဲ့ဒီဂိတ်ကနေ ၅ မိနစ်လောက် လမ်းဆက်လျှောက်လိုက်ရင် လမ်းကနည်းနည်း ကုန်းမြင့် ဖြစ်သွားတယ်။ ပြီးတော့ကွေ့ပတ်ပြီး သွားရတာ...။ အဲ့ဒီကွေ့က အဲ့ဒီဒေသမှာ နာမည်ကြီးနေတဲ့ ၉ လောင်းကွေ့ပါတဲ့...။ လူ ၉ ယောက် တစ်ပြိုင်နက်တည်း ကားပေါ်က ပြုတ်ကျပြီး သေသွားတာ။ သေသွားတဲ့ အကြောင်းက ဒီလို...။

ကျွှန်တော်တို့ တပ်မြို့မှာ အဲ့တုန်းက အငြိမ့်ပွဲ ရှိရောတဲ့...။ အဲ့အချိန်မှာ ရွာဘက်ကလူတွေက မြို့ပေါ်ကို အငြိမ့်ပွဲ လာကြည့်ကြတာ...။ သေသွားတဲ့ လူ ၉ ယောက်ကလည်း မြို့ပေါ်ကို အငြိမ့်လာကြည့်ချင်လို့ ဆိုပြီး ကားကြုံစောင့်နေတာ...။ အဲ့အချိန်မှာ သစ်လုံးအကြီးကြီး တွေကို သံကြိုးကြီး တွေနဲ့ပတ်ပြီး တင်လာတဲ့ သစ်လုံးတင် ကားတစ်စီးကို တွေ့တော့ သူတို့က လိုက်ချင်ကြောင်း ပြောတယ်..။ ကားသမားကလည်း လိုက်လို့ အဆင်မပြေ လောက်ဘူး..။ ထိုင်စရာမရှိဘူးလို့ ပြောတယ်...။ သူတို့ကလည်း အငြိမ့်တအားကြည့်ချင် နေတော့ သစ်လုံးတွေပေါ်ကပဲ ထိုင်လိုက်ပါ့မယ်လို့ ပြောပြီးလိုက်လာကြတာပေါ့...။ အဲ့လိုနဲ့ အဲ့ဒီကွေ့လည်း ရောက်ရော သစ်လုံးကားက အရှည်ကြီးဆိုတော့ ကွေ့တဲ့အချိန်မှာ သစ်လုံးတင်ထားတဲ့ နောက်တွဲက ရမ်းခါပြီး သံကြိုးတွေပြေပြီးတော့ သစ်လုံးတွေ အကုန်ပြုတ်ကျတာ..။ သစ်လုံးပေါ်ထိုင်လိုက်လာတဲ့ လူ ၉ ယောက်လုံး အဲ့နေရာမှာတင် သစ်လုံးတွေပိပြီးတော့ ပွဲချင်းပြီး ဆုံးသွားကြတာ။

အဲ့လိုလည်း ဖြစ်ပြီးရော သောင်းကျန်းလိုက်တာ... နောက်ဆုံး ဘုန်းကြီးပင့်ပြီး အဲ့နေရာမှာ ပရိတ်ရွတ်ရတယ်။ အဲ့ဒါလည်း ခုထိမကျွှတ်သေးဘူးတဲ့။ အကိုကြီးကတော့ ကျွှန်တော်တို့ကို အဲ့လောက်ပဲ ပြောပြတာပေါ့နော်။ နောက်ပိုင်း မြို့ထဲကလူတွေနဲ့ ရင်းနှီးလာတော့မှ သူတို့ပြောပြလို့ သိရတာက ကျွှန်တော်တို့ကို စိတ်ဆိုးတဲ့အကိုကြီးက သူကိုယ်တိုင် အခြောက်ခံခဲ့ရတော့ ကျွှန်တော်တို့ကို သူ့လိုဖြစ်မှာဆိုးပြီး ဆူမှန်းသိတော့တယ်။ သူ့တုန်းကဆိုရင် ၂ ရက်လောက် ဖျားသွားတယ်တဲ့။ ဒါကြောင့်မို့လို့ သူအခြောက်ခံရတာကို ထည့်မပြောတာနေမှာ။

သူအခြောက်ခံရပုံက ကျွှန်တော်တို့ တပ်ကနေ ဆိုင်ကယ်နဲ့သွားမယ် ဆိုရင် ၃ နာရီလောက် မောင်းရတဲ့ ရခိုင်ရိုးမပေါ်က ရွာတစ်ရွာမှာ အဲ့ဒီအစ်ကိုကြီးက စခန်းထိုင်ဖို့ တာဝန်ကျတယ်။ တစ်နေ့ကျတော့ သူကဆိုင်ကယ် အသစ်တစ်စီး ၀ယ်လာပြီး တပ်ကိုပြန်ချ လာပါရော။ ဆိုင်ကယ်လာကြွားတာနဲ့ တူပါတယ်။ ပြန်လာတဲ့အချိန်ကလည်း ညနေဘက် ၅ နာရီလောက် စထွက်လာတာတဲ့။ ၆ ခွဲလောက်ဆို ပတ်ဝန်းကျင်က မှောင်နေပြီ။ ဆောင်းတွင်း ဘက်ကလည်း ဖြစ်ပြန်တော့ပိုဆိုးတာပေါ့။ လရောင်လေးကတော့ နည်းနည်းရှိတယ်တဲ့။ သူဆိုင်ကယ်မောင်းလာရင်းနဲ့ ကျွှန်တော်တို့ အငြိမ့်ပွဲသွားတဲ့ ရွာကိုလည်း ကျော်လာပြီးရော.........အမှတ်မထင် ဘေးဘက်ကိုကြည့်လိုက်တာ...

ကမ်းပါးယံတွေပေါ်ကို ကုတ်ကပ်ပြီး တွယ်တက်လာနေတဲ့ အရိပ်တွေကို တစ်နေရာမှာ ၁ ယောက်မြင်လိုက် နောက်တစ်နေရာမှာ ၂ ယောက်တွဲမြင်လိုက်နဲ့တဲ့။ သူလည်းကြောက်လန့်ပြီး ဆိုင်ကယ်ကို မောင်းပြေးလာတာ... ၉ လောင်းကွေ့နားကို ရောက်လာရောတဲ့...။ အဲ့အချိန်မှာ ဆိုင်ကယ်မီးရောင်နဲ့ လှမ်းမြင်ရတာက ကျောက်တုံးပေါ်မှာထိုင်ပြီး သူ့ကိုကြည့်နေကြတဲ့ လူတအုပ်။ အဲ့ဒီလူအုပ်ထဲမှာ မိန်းမတစ်ယောက်ပါတယ်။ ကျန်တဲ့သူတွေကိုတော့ သေချာမသိဘူ့း။ အများကြီးပဲတဲ့...။ သူလည်းတအား ကြောက်နေပြီ ။ဘာလုပ်ရမှန်းလည်းမသိတော့ဘူးပေါ့...။ တဖြည်းဖြည်းနဲ့ ကြောက်စိတ်ကနေ ဒေါသစိတ်ဖြစ်လာပြီးတော့ ဖြစ်ချင်ရာဖြစ်ကွာဆိုပြီး သူတို့ရှေ့ကနေ ဖြတ်မောင်းတာ..။ ကျောက်တုံးတွေက ဆိုင်ကယ်ရှေ့မှာ ရောက်ရောက်လာတယ်တဲ့..။

အဲ့အချိန်မှာ ကျောက်တုံးပေါ်မှာ ထိုင်နေတဲ့ အရိပ်တွေထဲက အမျိုးသမီးက သူ့နောက်ကနေ လိုက်လာတာတဲ့။ ကျောက်တုံးတစ်တုံး လည်းပါတယ်.. တရိပ်ရိပ်နဲ့ ပြေးလိုက်လာတာ။ ကျောက်တုံး ရော သရဲမရောပဲတဲ့....။ ကျန်တဲ့သူတွေကတော့ မလိုက်လာဘူး...။ ဒီတိုင်းပဲ ထိုင်နေတာပေါ့ ။ အဲ့အကိုကြီးလည်း ဆိုင်ကယ်ကို နင်းကန် မောင်းပြေးတာ နောက်ဆုံး ကျွှန်တော်တို့ တပ်ထိတောင် မရောက်လိုက်ဘူ့း။ တပ်မရောက်ခင် စုပေါင်းဂိတ် ထဲ အတင်းဝင်ပြေးရတယ်တဲ့။ အဲ့ကနေ တပ်ထဲကို အဖော်လေးငါးယောက်လောက် သူ့ကိုပြန်လိုက်ပို့ ရတယ်။ ပြီးတော့ ၂ ရက်လောက် ဖျားပါရောတဲ့။ တော်သေးတယ် ကိုယ်တွေ ၂ ယောက်တည်း လမ်းလျှောက်လာတုန်းက သရဲမ လိုက်မလာပေလို့ပေါ့...။ လိုက်လာလို့ကတော့ အသေပဲ (ကိုယ်သေမှာပြောပါတယ်...:P)....

နောက်ပိုင်းကျတော့ ဟိုနေရာမှာ ဘာရှိတယ် ဒီနေရာကဘယ်လို ခြောက်တာနဲ့ ကြားလာသိလာတော့ ဘယ်မှကိုမသွားရဲ လောက်အောင်ဖြစ် တော့တာပဲ...။ ဒါပေမယ့် နောက်တော့လည်း ကိုယ်မှအခြောက်မခံ ရတော့ မကြောက်တော့ပါဘူး...လျှောက်သွားတာပါပဲ.....

( မှတ်ချက်။ ။ ၉ လောင်းကွေ့ကိုတော့ မသွားရဲဘူး..... ).... အားလုံးကိုကျေးဇူးတင်ပါတယ်......။ ။
Powered by Blogger.