လွန်ခဲ့သော ၃ နှစ်လောက်က ကျွန်တော့်ရဲ့ ကိုယ်တွေ့ အဖြစ်အပျက်ပါ



ရေးသားသူ - ရဲဖြိုး

ကျွန်တော့်ရဲ့သူငယ်ချင်းတစ်ယောက်အိမ်မှာ Home studio လေးဖွင့်ထားပါတယ်... တည်နေရာကတော့ ရွှေတောင်ကြား အပိုင်း ဗဟန်းမြို့နယ် မှာပေါ့ ခြံအမှတ်ကိုတော့ မပြောပြတာက ဘော်ဒ
ါတို့လည်း နားလည်မှာပါ။ ထားပါတော့ အဲဒီသူငယ်ချင်းနဲ့က ငယ်ပေါင်းတော့ မဟုတ်ပေမယ့် ညီအစ်ကိုလိုပဲ ခင်ပါတယ်။ သူငယ်ချင်း studio လေးက သူ့တို့အိမ်လေးပါပဲ ဆိုလိုချင်တာက studio သီးသန့်သက်သက် ခွဲထားတာမဟုတ်ပဲ သူငယ်ချင်းအဖေနဲ့ အမေက အပေါ်ထပ် studio လေးက အောက်ထပ်မှာပေါ့။ သူငယ်ချင်းတို့ နေထိုင်ပုံက နွေးနွေးထွေးထွေး ရှိပါတယ်။ ဘာလို့လဲဆိုတော့ သူငယ်ချင်းးရဲ့ အဖိုးအဖွားတွေနေတဲ့ အိမ်ရော ဦးလေးတွေ အဒေါ်တွေနေတဲ့ အိမ်ရော သူတို့နေတဲ့ အိမ်ရော ကုန်းပေါ်ကခြံဝန်း အကျယ်ကြီးထဲမှာ စုပြီးဆောက်ထားကြတာလေ။ အတိအကျပြောရရင်တော့ မိသားစု ၄ စုနဲ့အိမ် ၄ လုံးက တစ်ခြံတည်းမှာပဲ အတူရှိတယ်ပေါ့ဗျာ။

အဲဒီ့အချိန်တုန်းက ကျွန်တော်ဟာ အိမ်မှာနေတယ်လို့ကိုမရှိတာ တစ်ပတ်မှာ ၆ ရက်လောက်က ဘော်ဒါရဲ့ studio မှာအိပ် studio မှာစားပဲ များသောအားဖြင့် တစ်ခြားဘော်ဒါတွေပါ ရှိနေတတ် တာများပါတယ်။ အဲ... တစ်နေ့ပေါ့ဗျာ မိုးကလဲအေး Studio မှာကလည်း ဘော်ဒါနဲ့ ကျွန်တော်နှစ်ယောက်ထဲရယ် တခြားဘော်ဒါတွေလဲ မလာကြဘူး။ ဒါပေမယ့် ကျွန်တော်တို့က နှစ်ယောက်ထဲလဲ ပျင်းစရာမရှိဘူး သီချင်းတွေဖွင့်လိုက် MTV တွေကြည့်လိုက် အချင်းချင်း နောက်လိုက်ပြောင်လိုက် ရယ်လိုက် ခြံထဲဆင်းပြီး ဆေးလိပ်သောက်လိုက်နဲ့ နေလာလိုက်တာ ညဘက်ကို ရောက်မှန်းမသိ ရောက်ပါလေရော ညအိပ်တော့ Studio အောက်ထပ်မှာ ကျွန်တော်တို့ နှစ်ယောက်ထဲအိပ်တယ် အိမ်အပေါ်ထပ်မှာတော့ ဘော်ဒါရဲ့အဖေနဲ့အမေ အိပ်တယ်ပေါ့ဗျာ။

အဲဒီ့မှာဇာတ်လမ်းက စတာပဲ ကျွန်တော်တို့နှစ်ယောက်က Engineer Room မှာ အခင်းခင်းပြီး အိပ်ကြတာ မီးတွေလဲ အားလုံးပိတ်ထားတယ်ဆိုပေမယ့် လှေခါးမှာ ထွန်းထားတဲ့ မီးရောင်နဲ့က ကောင်းကောင်းတော့ အခန်းတွင်းမှာမြင်ရတယ်။ အိပ်ခါနီးထိ စကားပြောပြီး အိပ်ရာထဲမှာ ဟီးဟီးဟားဟားလုပ်နေရင်း ကျွန်တော်လဲ အိပ်ချင်လာတာနဲ့ ဘေးတစ်ဖက်ကို စောင်းလိုက်တယ် ဘာမှတောင် မကြာလိုက်ဘူး ဘော်ဒါက အနောက်ကနေ ကျောကို လက်တို့ပြီးတော့ ပြောတယ် လေသံကတိုးတိုးနဲ့။

''သားကြီးရေ ငါတို့ခြေရင်းမှာ ဘာကြီးလဲမသိဘူး တို့နှစ်ယောက်ကို မတ်တပ်ကြီး ရပ်ကြည့်နေတယ်'' တဲ့ ကျွန်တော်က မျက်လုံးဖွင့်မကြည့်သေးပဲ ပြန်ပြောလိုက်တယ်။ ဒီကောင် အိပ်ခါနီးတောင် လာနောက်နေတယ်ပေါ့ ''သားကြီး မနောက်နဲ့တော့ကွာ ငါအိပ်ချင်နေပြီ'' လို့လဲပြောလိုက်ရော ခြေရင်းကနေ သက်ပြင်းချတဲ့ အသံကြီးကို နားနဲ့ဆက်ဆက်ကြားလိုက်ရတယ်။ ဘော်ဒါကထပ်ပြီး ''သားကြီးငါမနောက်ဘူး အတည်ပြောနေတာ'' ဆိုတော့ သဘောတော့ပေါက်သွားပြီ မရဲတရဲနဲ့ ခြေရင်းကို ကြည့်လိုက်တော့ ''အမလေး သောက်ကျိုးနည်း ဘာကောင်ကြီးလဲ'' ဆိုပြီး စိတ်ထဲကအော်ရင်း တစ်ကိုယ်လုံး ကြက်သီးတွေ ဖျင်းကနဲထပြီး ခေါင်းနားပန်း အတော်ကိုကြီးသွားတယ်။

ကျွန်တော်မြင်နေရတာက Studio ရဲ့မျက်နှာကျက်အထိ ခေါင်းကတိုက်နေပြီး ဆံပင်အကြေကောက် ဖားလားကြီး ချထားတဲ့ဖြူဖြူကြီးဗျ လူပုံတော့ လူပုံပဲ မှောင်နေတော့ မျက်နှာမမြင်ရဘူး။ သူဖြူတဲ့ အဖြူက မီးခိုးငွေ့အဖြူလိုမျိုး ဖြူဖျော့တဲ့ အရောင်မျိုး။ ကျွန်တော်လဲ ဘယ်ရမလဲ စောင်ကိုခေါင်းမြှီးခြုံပြီးတော့ ရတဲ့ ဘုရားစာကို ရွတ်တော့တာပဲ။ ဒါပေမယ့် ဘော်ဒါပြောလိုက်တဲ့စကားကြောင့် ကျွန်တော်အတော်ကို အားတက်သွားတယ် သူပြောတာက ''သားကြီး ဘုရားစာမရွတ်နဲ့ သူတို့မကြိုက်ဘူး'' တဲ့။ ပြီးပါလေရော ဟိုပု ဂ္လိုလ် ကတော့ ဘာတွေတင်းနေလဲမသိဘူး အသက်ရှူသံပြင်းပြင်းနဲ့ ရပ်ကြည့်နေတုန်း ကျွန်တော်က မေးလိုက်တယ် ''ဘယ်လိုလုပ်ရမလဲ'' လို့။

ဘော်ဒါက ပြောတယ် ''ဒီအတိုင်းမေတ္တာပို့ပြီး ငြိမ်နေလိုက်'' တဲ့ ဘယ်တတ်နိုင်မလဲ ငြိမ်နေရတော့တာပေါ့ (မငြိမ်လို့လဲရဘူးလေ ဟိုကနည်းတာကြီးမှမဟုတ်တာ) ဒီလိုနဲ့ အတော်ကြာတဲ့အထိ ရပ်နေပြီး မျက်လုံးကို ဖွင့်ကြည့်လိုက် ပြန်မှိတ်လိုက်နဲ့ ၃ ခါတိတိမှာ ပျောက်သွားတယ်။ ဘာပြောကောင်းမလဲ ရှိသမျှ မီးတွေအားလုံးဖွင့်ပြီး အိပ်ပြစ်လိုက်တယ်။

နောက်မှသိရတာက ဘော်ဒါတို့အိမ်နဲ့ သူ့ဦးလေးအိမ်နဲ့ကြားမှာ အရင်က သစ်ပင်တစ်ပင်ရှိတယ်။ အဲဒီ့အပင်မှာ နေတာတဲ့ အိမ်နှစ်လုံး ညပ်ဆောက်တော့ အပင်ကိုခုတ်လိုက်ရော သူတို့အိမ်ပေါ် ရောက်လာတာတဲ့ လူမျိုးခြားတွေ အိမ်လာလည်ရင် မကြိုက်ဘူးတဲ့ ကိုယ်ကလူမျိုး မခြားပေမယ့် အဲဒီ့နေ့က ဘာများမှားပြောမိလဲ မသိပါဘူး။ အဲဒီဘော်ဒါအိမ်မှာ ကျွန်တော်တို့ သွားလည် သွားအိပ်လုပ်တာ ကြာပါပြီ။ အဲဒီ့တစ်ခါပဲ မျက်ဝါးထင်ထင် တွေ့ခဲ့ရတယ်။

ကျွန်တော်ရပ်ကွက်ထဲ ပြန်ရောက်တော့မှ ဘော်ဒါတစ်ယောက် ထပ်ပြောပြတာက ''မင်းကမှတော်သေးတယ် ငါ့တုန်းက Recording Room ထဲမှာ အိပ်နေတုန်း စောင်ကို လာဆွဲတာ'' တဲ့။ အဲလိုပြောတဲ့ သူငယ်ချင်းက အိန္ဒိယ ဟိန္ဒူစပ်တယ်လေ။

ဒါပါပဲဗျာ ခုနောက်ပိုင်းတော့ အဲဒီ့ဘော်ဒါဆီ အကြောင်းအမျိုးမျိုးကြောင့် လုံးဝ မရောက်ဖြစ်တော့ပါဘူး။ စာဖတ်ပရိတ်သတ်ကိုရော ခုလိုကိုယ်တွေ့ဖြစ်ရပ်လေးကို ပြောပြခွင့်ရတဲ့အတွက် ကျေးဇူးအထူး တင်ရှိပါတယ်ဗျားးးးးးးးး
Powered by Blogger.