ရှေးထုံးကို ပယ်မိရာဝယ်



ကျွန်တော်ဆယ်တန်းဖြေတဲ့နှစ် (၂၀၀၄- ၂၀၀၅) ပညာသင်နှစ်မှာပေါ့။ ကျွန်တော်နေတဲ့ ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်မှာ အထက(၁)နဲ့ အထက(၂) ဆိုပြီး အထက်တန်းကျောင်း နှစ်ကျောင်းရှိတယ်ဗျ။ ကျွန်တော်ကတော့ အထက(၁)မှာ ကျောင်းတက်ခဲ့တာ။ခုပြောပြမယ့်အကြောင်းအရာကို ခုနှစ်နဲ့တွဲမှတ်မိတယ်ဆိုတာကလည်း ဆယ်တန်းတက်တဲ့နှစ်မှာ ကြုံခဲ့တာမို့ပါ။ ကျွန်တော်တို့မိသားစုက ကွမ်းခြံကုန်းမြို့နယ်၊ စ,လုံး (၂) လမ်းထဲမှာ နေကြတယ်။ စလုံး (၂)လမ်းဆိုတာ စင်ကာပူကို အတိုခေါက် ကင်ပွန်းတပ်တာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ဆီမှာက အက္ခရာစဉ်နဲ့ လမ်းနာမည်တွေ ပေးထားလို့ အခုလို ဂဂျိုးဂဂျောင် နာမည်ဖြစ်နေတာ။ ကျွန်တော်တို့နေတဲ့နေရာက တောပိုင်းလို့မဆိုနိုင်ပေမယ့် မြို့လယ်ပိုင်းတော့လည်း မကျပြန်ဘူး။ နည်းနည်း ဆင်ခြေဖုန်းဆန်တယ်လို့ ပြောရင်တော့ မှန်လေမလားပဲ။ မွေးကတည်းက အဲ့ဒီလမ်းမှာနေခဲ့တာ ကျွန်တော် ဆယ်တန်းရောက်ချိန်အထိ တစ္ဆေသရဲနဲ့ပတ်သက်လို့ လမ်းထဲမှာ ဘာဘာညာညာ တခါမှ မကြုံ၊ မကြားခဲ့ရဘူး။

 ကြုံဆုံဖို့ ဖြစ်လာပြန်တော့လည်း တလမ်းလုံး အုံးအုံးကျွက်ကျွက် ဖြစ်ခဲ့ရတဲ့ အဖြစ်ကတော့ လမ်းထဲက ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက် ဆေးရုံတက်မီးဖွားရာကနေ စခဲ့တာပါပဲ။ ဖြစ်ပုံကတော့...........။ အဲ့ဒီ အမျိုးသမီးက ဆေးရုံမှာမီးဖွားရင်းကနေ ကလေးအသက်ပဲ ရလိုက်တယ်။ မိခင်အသက်ကိုတော့ ဆရာဝန်တွေ စွန့်လွှတ်လိုက်ရတယ်ဗျာ။ အဲ့ဒီအမျိုးသမီးရဲ့နာရေးသတင်းကို သူ့မိသားစုဝင်တွေကလွဲလို့ ကျွန်တော်တို့လမ်းထဲမှာနေတဲ့လူတွေ အဲ့ဒီအချိန်မှာ ဘယ်သူမှ မသိကြသေးဘူး။ သူတို့မိသားစုအချင်းချင်း တိုးတိုးတိတ်တိတ်တိုင်ပင်ပြီးတော့ ကွယ်လွန်သူရဲ့ ကျန်ရစ်တဲ့ ခန္ဓာကိုယ်ကို အိမ်ပြန်သယ်ဖို့ လုပ်ကြတယ်ဗျ။

ဒီကိစ္စတွေကလည်း နောက်ပိုင်း ရပ်ကွက်ထဲမှာ ပြဿနာတွေကြုံလာချိန်မှာမှ ကာယကံရှင်မိသားစုတွေက ဝန်ခံလို့ သိကြရတာ။ ကျွန်တော်တို့ဆီမှာက ရပ်ရွာပြင်ပမှာ အဖိတ်အစင်ဖြစ်ရင် အလောင်းကို အရပ်ထဲ၊ လမ်းထဲ ပြန်သယ်လာတာမျိုးကို လက်သင့်မခံချင်ကြဘူးလေ။ ရွာနာတယ်၊ လာဘ်တိတ်တယ်ဆိုပြီး အယူအစွဲတွေရှိကြတယ် မဟုတ်လား။ ဒါပေမယ့် သူတို့မိသားစုတွေမှာလည်း ရပ်ရွာကို ထိခိုက်စေချင်တဲ့ စိတ်မျိုးမရှိကြလောက်ပေမယ့် သူ့အကြောင်းနဲ့သူမို့ အလောင်းကို ပြန်သယ်ဖို့ စီစဉ်ကြပါလေရော။ ဆုံးတဲ့လူက ညနေခင်းလောက်မှာ ဆုံးသွားပြီ။ ဒါပေမယ့် ကျွန်တော်တို့လမ်းထဲက လူတွေကို အဲ့ဒီသတင်းကို လုံးဝမပေါက်ကြားအောင် သူတို့က လျှို့ဝှက်ထားတာ။ ညသန်းခေါင် လူခြေတိတ်ပြီဆိုတော့မှ ကွယ်လွန်သူရဲ့ ခန္ဓာကိုယ်ကြီးကို ဆိုက်ကားပေါ်မှာတင်ပြီး ဆေးရုံကနေဆင်းလာတဲ့ စတိုင်နဲ့ ပြန်သယ်လာကြတာ။ အိမ်ရောက်ပြီဆိုတော့မှ အမလေး အစ်မရဲ့ ၊ ညီမလေးရဲ့ အဖြစ်ဆိုးလှချည့်လား ဆိုပြီး အိမ်မှာဆုံးသလိုပုံစံဖမ်းပြီး ဝိုင်းငိုကြတော့တာပဲဗျို့။

အဲ့ဒီတုန်းကတော့ ကျွန်တော်တို့လမ်းထဲက လူတွေကတော့ ဘာဘာညာညာလည်း မမေး၊ မတွေးပဲ ကူညီစရာ ဝိုင်းကူညီရင်း အလောင်းမြေကျ၊ အသုဘကိစ္စတွေ ပြီးခဲ့ရော ဆိုပါတော့။ အဲ့ဒီအိမ်က အသုဘ ရက်မလည်ခင်ကတည်းက ကျွန်တော်တို့လမ်းထဲမှာ ခါတိုင်းနဲမတူတာတခု ဖြစ်လာတယ်။ အဲ့ဒါကတော့ လမ်းထဲက ခွေးတွေ ညနေစောင်း နေဝင်ချိန်ရောက်ပြီဆိုတာနဲ့ ပယ်ပယ်နယ်နယ် အူကြတော့တာပဲ။ အူချက်ကလည်း ခါတိုင်းလို မဟုတ်ဘူး။ ဆွဲဆွဲငင်ငင်နဲ့ အူတယ်။ ပြီးရင် တခုခုကို တွေ့တဲ့ပုံစံမျိုးနဲ့ ထိုးဟောင်ကြတယ်။ ရက်မလည်ခင်အထိတော့ သူ့ကလေးကို အစွဲရှိနေလို့ လာတာပဲဖြစ်မှာပါလေဆိုပြီး အရပ်ထဲကလူတွေက နားလည်ပေးကြပါသေးတယ်။

ရက်လည်ပြီးနောက်နေ့တွေမှာလည်း ခွေးအူသံတွေကို သူတို့အိမ်ပတ်ဝန်းကျင်မှာတင်မဟုတ်တော့ပဲ တလမ်းလုံးမှာ ဆက်တိုက်ကြားနေရတော့ တခုခုတော့ အမှားအယွင်းရှိနေပြီဆိုတာ သတိထားမိလာကြရော။ သူတို့သတိထားမိလာတဲ့ အမှားအယွင်းကို ပိုပြီးသေချာသွားစေခဲ့တာကတော့ စပါးဒိုင်မှာ အလုပ်လုပ်နေတဲ့ ကျွန်တော့်ယောက်ဖကြောင့်ပါပဲ။ ကျွန်တော့်အစ်မလတ်ရဲ့ ယောက်ျား အလုပ်က စပါးအဝယ်ဒိုင်ဗျ။ သူ့အလုပ်က အမြဲတမ်းနီးပါး အိမ်ပြန်နောက်ကျတတ်တယ်။ ပြန်လာပြီဆိုရင်လည်း ဆရာသမားက တခွက်တဖလားတော့ ညတိုင်းနီးပါး မော့လာတတ်တယ်။ ဒါပေမယ့် လူစိတ်ပျောက်အောင် သောက်တာမျိုးတော့လည်း မဟုတ်ဘူး။ ရေချိန်ကိုက်ပြီး စက်ဘီးနင်းလို့ကောင်းရုံလောက်ပဲ သောက်လာတတ်တာ။ သူစီးတဲ့ စက်ဘီးက ဆိုက်ကားတွေမှာ တွဲတဲ့ မောင်ဗမာ ယောက်ျားစီး စက်ဘီးပါ။

တညတော့ ခါတိုင်းလိုပဲ သူလည်း အလုပ်ကနေ ညအတော်မှောင်မှ စက်ဘီးလေးနင်းပြီး အိမ်ပြန်လာတယ်။ ခါတိုင်းညထက် ထူးခြားတာတခုကတော့ အဲ့ဒီနေ့က နွားပေါ်တဲ့နေရာကနေ ရလာတဲ့ အမဲသားအစိမ်းတွေကို ငါးဆင့်ချိုင့်ထဲမှာထည့်ပြီး စက်ဘီးလက်ကိုင်မှာ ချိတ်ရင်း အိမ်ကို ပြန်လာတာ။ ညည့်အချိန်မတော်ဆိုပေမယ့် ကိုယ့်အားကိုယ့်ကိုးစနစ်နဲ့ ထွန်းထားတဲ့ လမ်းမီးတိုင်တွေရဲ့ အလင်းရောင်လေးရှိနေတော့ လမ်းပေါ်မှာ အရမ်းတော့ မမှောင်နေပါဘူး။ သူစက်ဘီးနင်းလာရင်းနဲ့ ကျွန်တော်တို့ စလုံး (၂) လမ်းထိပ်က ကုက္ကိုပင်ကြီးအောက်ကိုရောက်လာတယ်။ အဲ့ဒီက္ကိုပင်ကြီးကလည်း ကျွန်တော်တို့ ယောက်ျားသုံးဖက်လောက်ရှိတယ်ဗျ။ နေ့ခင်းနေ့လည်ပိုင်းတွေတောင် တယောက်တည်း အပင်အောက်က ဖြတ်သွားတဲ့အခါကျရင် တယောက်ယောက်က အပင်ပေါ်ကနေ ကိုယ့်ကို လှမ်းကြည့်နေသလိုမျိုး ခံစားရတယ်။ ခုတော့ အဲ့အပင်ကြီးလည်း မရှိတော့ပါဘူး။

နာဂစ်ဒဏ်ကြောင့် ထင်းဘဝကို ပြောင်းသွားပြီ။ ကုက္ကိုပင်အောက်လည်း ရောက်ရော သူ့စက်ဘီးကို အနောက်ကနေ ရုတ်တရက် အားနဲ့ ဆောင့်ဆွဲတာကို ခံလိုက်ရပြီး စက်ဘီးရော၊ လူပါ ပစ်လဲကျသွားတော့တာပဲ။ ကျွန်တော့်ယောက်ဖရဲ့ အလုပ်က စပါးအဝယ်ဒိုင်အလုပ်ဆိုတော့ ငွေတွေကိုင်ပြီး သွားလာနေရလို့ သူ့လုံခြုံရေးအတွက် သွားလေရာ ဆောင်သွားတတ်တဲ့ ဓါးမြှောင်တချောင်းရှိတယ်ဗျ။ စက်ဘီးပေါ်ကနေ အောက်ကို ပြုတ်ကျကျချင်းပဲ သူ့ခါးကြားထဲက ဓါးမြှောင်ကို ဆွဲထုတ်ပြီး သူ့စက်ဘီးကို နောက်ကနေဆောင့်ဆွဲတဲ့ကောင်ကို ပြန်သမဖို့အတွက် ကုန်းထပြီး လှည့်အကြည့်မှာ သူမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်တော့်ယောက်ဖခမျာ ကျွတ်ကျနေတဲ့ သူ့ပုဆိုးတောင် ပြန်ကောက်ဝတ်မအားပဲ အသံကုန်အော်ဟစ်ပြီး ချာခနဲ နေအောင် ကျွန်တော်တို့အိမ်ဖက်ကို လှည့်ပြေးလာတော့တယ်။

သူမြင်လိုက်ရတဲ့ မြင်ကွင်းကတော့ သူ့စက်ဘီးလက်ကိုင်မှာ ချိတ်ထားတဲ့ အမဲသားထည့်ထားတဲ့ ငါးဆင့်ချိုင့်ကြီးကို လူအကောင်အထည်မမြင်ရပဲ လက်တဖက်တည်းက လေထဲကို ဆွဲမြှောက်သွားပြီး ကုက္ကိုပင်ကြီးဆီကို ရွေ့သွားတာ။ ခွေးတွေဟောင်ချက်၊ အူချက်ဆိုတာလည်း တလမ်းလုံး ဝက်ဝက်ကို ကွဲရောဗျို့။ ကျွန်တော့်ယောက်ဖရဲ့ မရှုမလှ မြင်ကွင်းကိုပဲ ဟောင်တာလား ၊ တခြားဘာကို ဟောင်တယ်ဆိုတာတော့ သူတို့အချင်းချင်းကလွဲရင် ဘယ်သူမှ သိမှာမဟုတ်ဘူး။ အိမ်ပေါ်ရောက်တော့ ကျွန်တော့်ယောက်ဖခမျာ ဘုရားကျောင်းဆောင်ဆီအတင်းပြေးသွားပြီး ဘုရားသောက်တော်ရေတခွက် ကပျာကသီစွန့်ပြီး သောက်ချလိုက်ပြီးမှ သူကြုံလာတဲ့ အကြောင်းတွေ ပြန်ပြောပြလို့ ကျွန်တော်လည်း ခုလို ပြောပြနိုင်တာပါ။

 ရွှေယောက်ဖလည်း လန့်ဖျား ဖျားသွားလိုက်တာ တလလောက်နေမှ အဖျားပျောက်တော့တယ်။ ကျွန်တော့်ယောက်ဖရဲ့ သတင်းက တလမ်းလုံး ပျံ့သွားပြီးကတည်းက ညနေစောင်းပြီဆိုတာနဲ့ လမ်းပေါ်မှာ လူသွားလူလာ မရှိတော့လောက်တဲ့အထိကို ဖြစ်ကုန်တယ်။ နေပူပူမိုးရွာရွာ လမ်းတကာလှည့်ပြီး သူများအတင်းတုတ်တတ်တဲ့ အဒေါ်ကြီးတွေလည်း ညနေငါးနာရီမထိုးခင် ကိုယ့်အိမ်ကို မြန်မြန်ရောက်အောင်ပြန်ကြတယ်။ မိမနိုင်၊ ဖမနိုင် မျောက်လက်မှိုင်ချရလောက်အောင် ဆော့တဲ့ လမ်းထဲက မျောက်လွှဲကျော် ကလေးတွေလည်း ခါတိုင်းလို နေဝင်မိုးချုပ်ထိ လမ်းပေါ်မှာ မဆော့ရဲကြတော့ဘူး။ ပြောရမယ်ဆိုရင် ညနေစောင်းတာနဲ့ ကျွန်တော်တို့နေတဲ့ စလုံး(၂)လမ်းကြီးက တိတ်ဆိတ်ခြောက်သွေ့သွားလိုက်တာများ စိတ်ချောက်ချားဖို့တောင် ကောင်းလာတယ်။ ပိုပြီးတော့ မှောင်လာပြီဆိုရင်တော့ လမ်းထဲက ခွေးတွေက ကုက္ကိုပင်ကြီးဆီကနေ စ ပြီးတော့ ခွေးဆင့်ကမ်း အူလိုက်တာ လမ်းဆုံးတဲ့အထိ။ အဲ့လို တညလုံး အူသံပေးတာ မနက် ဘုန်းကြီးကျောင်းက အာရုံတက် တုံးမောင်း (အုံးမောင်း) ခေါက်တော့မှပဲ အသံတွေ တိတ်သွားတော့တယ်။

တချို့လူကြီးတွေဆီကနေ တိုးတိုးတိတ်တိတ်ကြားရတာတခုရှိသေးတယ်။ တချို့ညတွေဆိုရင် လမ်းပေါ်မှာ မိန်းမအရိပ်တခုကို မပီမသနဲ့ တွေ့တွေ့နေရတယ်တဲ့ဗျ။ အဲ့လိုအခြေအနေတွေအတိုင်း ရေရှည်ဆက်သွားနေရင် မသင့်တော်ဘူးဆိုပြီး လမ်းလူကြီးတွေက တခုခုလုပ်ဖို့ စဉ်းစားကြတယ်။ ကျွန်တော်တို့ ကွမ်းခြံကုန်းနဲ့ ငါးမိုင်လောက်ကွာတဲ့ တရုတ်ကုန်းမှာ နာမည်ကြီး အထက်လမ်းပယောဂဆရာတယောက်ရှိတယ်ဆိုတဲ့ သတင်းကြားတော့ ကျွန်တော်တို့လမ်းထဲက လူကြီးတွေ အဲဒီကိုသွားပြီး လမ်းထဲမှာ ကြုံနေရတဲ့ အကျိုးအကြောင်းတွေကို သွားပြောကြရော။ လမ်းထဲမှာ ဟိုနေရာလည်းပါ၊ သည်နေရာလည်းပါတတ်တဲ့ ငပွကြီး ကျွန်တော်လည်း တရုတ်ကုန်းကိုလိုက်သွားတာပေါ့။ ဟိုရောက်တော့ ပယောဂဆရာကို အကြောင်းစုံပြောတဲ့အခါကျတော့ လမ်းလူကြီးတွေကို ဆရာပြောလိုက်တာက ..... လမ်းထဲကို အသုဘအလောင်းတခုကို သွင်းလာတာရှိလိမ့်မယ်.. အဲ့ဒီအလောင်းသယ်လာချိန်မှာ ပရလောကသားတယောက်ကပ်ပါလာတာ.....တဲ့။ အဲ့ အမျိုးသမီးက ကျွန်တော်တို့လမ်းထိပ်က ကုက္ကိုပင်ကြီးမှာ နေနေတာတဲ့။

ပြီးတော့ ထပ်ပြောတာရှိသေးတယ်။ အဲ့ဒီကပ်ပါလာတဲ့ ပရလောကသားက အမျိုးသမီးတယောက်ပဲ ... တဲ့။ သူ့လက်မှာလည်း အနှီးနဲ့ထုပ်ထားတဲ့ကလေးတယောက်ပါသေးတယ်... ဆိုပဲ။ ကျွန်တော်တို့လမ်းထဲမှာ လောလောလတ်လတ် သေထားတဲ့ ကလေးတယောက်ကလည်း မကျွတ်မလွတ်နဲ့ ရှိနေတယ် လို့ သေချာတပ်အပ်ပြောတာဗျ။ အရပ်လူကြီးတွေက ... မရှိပါဘူး.. ဆိုပြီး ပြန်ပြောတော့ ဆရာက .... သူပြောတာ မယုံရင် ကျွန်တော်တို့လမ်းထဲမှာ မကြာသေးခင်က နောက်ဆုံးအသုဘလုပ်ခဲ့တဲ့ အိမ်ကို သေချာပြန်သွားမေးကြည့်လိုက်....ဆိုလို့ အသုဘအိမ်ရှင်ကိုပါ လူလွှတ်ပြီးတော့ တရုတ်ကုန်းကို ဆင့်ခေါ်လိုက်ရတယ်။ အသုဘအိမ်က လူတွေ ရောက်လာတော့ ဆရာက.... မင်းတို့ လုပ်တာ မင်းတို့ အသိဆုံးပဲနော်. ကိုယ်လုပ်တဲ့ကိစ္စကြောင့် မင်းတို့လမ်းထဲမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာ မင်းတို့လည်း သိမှာပဲ.... ကိုယ့်အပြစ်ကို ဖုံးမထားချင်စမ်းနဲ့ ......ဆိုတော့မှ ဒုတိယစာပိုဒ်မှာ ရေးခဲ့ပြီးသားဖြစ်တဲ့ အကြောင်းအရာတွေကို ကျွန်တော်တို့အားလုံး သိလိုက်ကြရတာ။ ပယောဂဆရာက ကျွန်တော်တို့လမ်းထဲက လူတွေအားလုံး အိမ်တိုင်းအိမ်တိုင်း လုပ်ရမယ့် အစီအစဉ်တွေကို တခါတည်း ပြောပြပေးလိုက်တယ်။

ညနေ (၆) နာရီထိုးမှာ အိမ်တိုင်း ဖယောင်းတိုင်ထွန်း ပြီး သံပုံးတီးရမယ်။ ပြီးတော့ သမ္ဗုဒ္ဓေဂါထာတော်ကိုလည်း ရွတ်ကြပါလို့ မှာလိုက်တယ်။ နောက်ပြီးတော့ ဆက်မှာလိုက်တာ တခုရှိနေသေးတယ်။ အဲ့ဒါကတော့ လမ်းထဲမှာ နေထိုင်မကောင်းတဲ့လူတွေ အထူးသဖြင့်တော့ လေဖြတ်ထားတဲ့ လူမမာတွေ ရှိနေရင် အထူးဂရုစိုက်စောင့်ကြည့်ပါတဲ့။ ကျွန်တော်တို့လမ်းထဲမှာ လူတွေ အဖိတ်အစင်ထပ်ဖြစ်လိမ့်ဦးမယ် သတိထားနေကြ ... လို့လည်း သေချာမှာလိုက်သေးတယ်ဗျ။ လမ်းထဲကို အလောင်းပြန်သယ်တဲ့ကိစ္စကိုတော့ ကာယကံရှင်မိသားစုက ဝန်ခံလိုက်လို့ ပြဿနာတခုရှင်းသွားပေမယ့် မရှင်းနိုင်သေးတဲ့ ကိစ္စတခုတော့ ကျန်နေသေးတယ်။ အဲ့ဒါကတော့ ကျွန်တော်သိသလောက်ကတော့ ကျွန်တော်တို့လမ်းထဲမှာ ကလေးအသေအပျောက်ရှိတယ်ဆိုတာ ကျွန်တော်လုံးဝမကြားမိသေးတာပဲ။

ဒါကြောင့်ပဲ ကျွန်တော်က အဲ့ဒီပယောဂဆရာကို ကလေးသေတာမရှိပါဘူးလို့ ဝင်ငြင်းလိုက်မိပါသေး။ အဲ့ဒီဆရာကလည်း သူပြောတာဟုတ်မဟုတ် သေချာပြန်စုံစမ်းကြည့်လိုက်။ မဟုတ်ဘူးဆိုရင် သူနေတဲ့အိမ်ကို ကျွန်တော်အပိုင်ယူလိုက်ဆိုပြီးတော့ ပြန်ပြောပါလေရော။ သူ့ဘက်ကလည်း တကယ့်သေချာပေါက်ပြောနေတာဆိုတော့ ကျွန်တော်လည်း စိတ်ထဲကနေပြီး နေနှင့်ဦးပေါ့။ သူပြောတာမှားနေလို့ကတော့ လမ်းထဲကလူတွေကို ခေါ်လာပြီး သူ့အိမ်ကို အပိုင်သိမ်းပြီး အရှက်ခွဲပစ်ဦးမယ် လို့ ကျိန်းဝါးရင်းနဲ့ ကွမ်းခြံကုန်းကို ပြန်လာခဲ့ကြပါလေရော။ အိမ်ပြန်ရောက်တာနဲ့ ကျွန်တော့်မှာ မသာစစ်တမ်းကောက်ယူရေးစီမံချက်ကို တကိုယ်တော်ရေးဆွဲပြီး လမ်းထဲက သိသမျှအိမ်တွေကို လိုက်မေးတော့တာပေါ့ဗျာ။ ဟိုအိမ်မေးလည်း ကလေးသေထားတဲ့အိမ်မရှိ၊ သည်အိမ်မေးလည်း ကလေးမသာမရှိဆိုတာတွေနဲ့ပဲ တွေ့နေတော့ ဒီတချီတော့ ကျွန်တော်တော့ သေချာပေါက် အိမ်ပိုင်တလုံးရပဟဲ့လို့ စိတ်ထဲက တွေးရင်းနဲ့ ကျွန်တော့်အဒေါ်အရင်းခေါက်ခေါက်ရဲ့ အိမ်ကိုရောက်ရော။ သူတို့အိမ်ရောက်လို့ အကျိုးအကြောင်းပြောရုံရှိသေးတယ်။

အဒေါ့်ရဲ့သား ကျွန်တော့်အစ်ကိုဝမ်းကွဲဝင်ပြောလိုက်တဲ့ စကားသံကိုကြားလိုက်ရမှ ကျွန်တော်လည်း အဲ့ဒီပယောဂဆရာကို အထင်မသေးရဲတော့ဘူး။ ကျွန်တော့်အစ်ကိုပြောလိုက်တာက သူ့မိန်းမ မီးဖွားတော့ကလေးက အဖတ်မတင်လို့ ညတွင်းချင်း သဂြိင်္ုဟ်လိုက်ကြတာ ဘာမှတောင် မကြာသေးဘူးတဲ့ဗျို့။ ပယောဂဆရာပြောလိုက်တာတွေက အမှန်တွေချည်းပဲလို့ တထစ်ချ မယုံကြည်သေးပေမယ့် ယုံကြည်ရလောက်တဲ့ ဖြစ်ရပ်တွေက လမ်းထဲမှာ ဆက်တိုက်ဆိုသလို ဖြစ်လာတော့တာပါပဲ။ ဆရာမှာလိုက်တဲ့အတိုင်းပဲ ညနေစောင်းမှာ အိမ်တိုင်း အိမ်တိုင်း မီးတိုင်ထွန်း၊ သံပုံးတီး ၊ သမ္ဗုဒ္ဓေရွတ်လိုက်ကြလို့ ခါတိုင်းလို ခွေးတွေညလုံးပေါက် အူတဲ့အသံတွေကို မကြားရတော့ပေမယ့် သိပ်မကြာခင်မှာပဲ လမ်းထဲက လေဖြတ်ထားတဲ့ လူမမာတယောက် ဆုံးသွားတော့တာပဲ။ အဲ့ဒီလူပြီးတော့ နောက်တရက်လည်း ရှေ့ဆင့်နောက်ဆင့် ဆုံးသွားပြန်တယ်။ အဲ့ဒီဒုတိယအိမ်က အသုဘ ရက်မလည်သေးခင်မှာပဲ နောက်တအိမ်မှာ နောက်တယောက် ထပ်ဆုံးသွားပြန်တယ်။

ဒီလိုနဲ့ လမ်းထဲမှာ မသာအိမ်တွေ တအိမ်ပြီးတအိမ်တိုးပွားလာလိုက်တာ တချို့ဆို ကျွန်တော်တို့လမ်းထဲမှာ မနေရဲကြတော့လို့ အိမ်လုံးကျွတ်တခြားနေရာမှာ သွားနေကုန်တဲ့ အခြေဆိုက်ကုန်ပါလေရော။ နောက်ဆုံးတော့ ဘုရားကု ကုတဲ့နည်းကိုပဲ သုံးကြရတော့တယ်။ လမ်းထဲကို ဘုန်းကြီးတွေပင့် ပရိတ်တရားနာ၊ အမျှဝေ၊ ရေစက်ချ၊ အသံမစဲပဌာန်းပွဲတွေပါ လုပ်ကြတော့မှပဲ ကျွန်တော်တို့လမ်းလည်း အရင်အခြေအနေအတိုင်း ပုံမှန်ပြန်ဖြစ်သွားတော့တယ်။ အရာရာအရင်လို ပြန်ဖြစ်သွားခဲ့ပေမယ့် အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့တာ တခုတော့ရှိတယ်။ အဲ့ဒါကတော့ ကုက္ကိုပင်အောက်ကနေ ပုဆိုးမပါ အောက်ပိုင်းဗလာနဲ့ တကိုယ်တော်မာရသွန်ပွဲကို ဆင်နွှဲခဲ့ရှာတဲ့ ကျွန်တော့်ရွှေယောက်ဖကြီး အရက်ကို ရာသက်ပန် စွန့်လွှတ်သွားခြင်းသာ ဖြစ်ပါကြောင်း။

Credit : မူရင်းရေးသားသူ
Powered by Blogger.