ပရလောက တကယ်ရှိတယ် မကြာသေးခင်က အဖြစ်အပျက်တစ်ခုပါ( ဖြစ်ရပ်မှန် )
မကြာသေးခင်က အဖြစ်အပျက်တစ်ခုပါ။ တိတိကျကျပြောရရင် ၂၀၁၇ ခုနှစ် ၁၀ လပိုင်းလောက်က အဖြစ်အပျက်လေးပေါ့။
ကျွန်တော့်ကိုလည်း အဲဒီအဖြစ်အပျက်နဲ့ ပတ်သက်တဲ့ ကျွန်တော့် စာဖတ်သူတစ်ဦးက အကြောင်းစုံပြောပြရင်း ပုံတွေပါပို့ပေးလို့ ပရလောကဆိုတာ တကယ်ရှိပါလားဆိုတဲ့ သက်သေပြချက်တစ်ခုကို ထပ်မံ ရရှိခဲ့တာပါ။
ပရလောက ဆိုတာရှိရင် နောက်ဘဝဆိုတာရှိတယ်ဆိုတာသည် သက်သေပြပြီးသားဖြစ်တာမို့ ဗုဒ္ဓရဲ့အဆုံးအမမှာ တည်မြဲကြဖို့ သတိပေးရင်း မကောင်းမှုရှောင် ကောင်းမှုဆောင်ကြစေဖို့ ဒီစာကို ရေးပါတယ်။
နေရာနဲ့ဖြစ်ရပ်တွေကို အမှန်အတိုင်းရေးသားမှာဖြစ်ပေမယ့် ကာယကံရှင်တွေရဲ့ အမည်နာမတွေကိုတော့ ထည့်သွင်းရေးသားသွားမှာ မဟုတ်ပါဘူး။ တစ်စုံတစ်ဦးကို ထိခိုက်တယ်ဆိုရင်လည်း ဒီ Post ကိုအချိန်မရွေး ဖျက်ပေးသွားမှာပါ။ အဖြစ်အပျက်လေးက ဒီလိုပါ။
၂၀၁၇ ခုနှစ် ၁၀ လပိုင်းက ပုဂံကိုလာတဲ့ ဘုရားဖူးကားတစ်စီးက ကြက်ကြော်ကောင်းတယ်ဆိုပြီး နာမည်ကြီးတဲ့ လက်ပံပျားကိုကျော်ပြီး ကျောက်ပုံရွာမရောက်ခင် ၁ မိုင်လောက်အလိုမှာ ခရီးသည်တွေဆင်းပြီး အပေါ့အပါး သွားကြတာပေါ့။
ကားပေါ်အားလုံး ပြန်တက်အပြီး ကားမောင်းထွက်လာတုန်း ကားပေါ်က ခရီးသည် အမျိုးသမီးတစ်ဦးက မျက်ရည်တွေ စီးကျလာပြီး “ဗိုက်ဆာတယ် ငါ့ကို ငါ့အဖေဆီ ပြန်ပို့ပေးပါ” ဆိုပြီး ကမ္ဘာပျက်မတတ် အော်ဟစ်ငိုယိုနေသတဲ့။
အရမ်းကို သောင်းကျန်းလာလို့ ကားပေါ်ပါလာတဲ့ ယောကျာ်းကြီး ၄ ဦးလောက်က မနည်းကို ချုပ်ထားကြရတာပေါ့။ ကားသမားလည်း ဒါအပမှီတာပဲ ညောင်ဦးက သူကိုးကွယ်တဲ့ ဆရာတော်ဆီ ခေါ်သွားရမယ်ဆိုပြီး ညောင်းဦးကို အမြန်မောင်းခေါ်ခဲ့သတဲ့။
ညောင်ဦးက ဆရာတော်ရဲ့ ကျောင်းကိုရောက်တော့ ဆူဆူညံညံ အသံတွေကြောင့် ဆရာတော်က ကျောင်းပေါ်ကနေ ဆင်းလာပြီး ဘာဖြစ်လာတာလဲလို့မေးတာပေါ့။
ဖြစ်ကြောင်းကုန်စင် သိရချိန် အပမှီနေသူက ဗိုက်ဆာတယ်လို့ အော်ဟစ်နေတာနဲ့ ကျောင်းက ထမင်းဟင်းတွေ ချကျွေးလိုက်တော့ ပြောင်နေအောင် စားလိုက်ပါတယ်။
ပြီတော့မှ “ငါ့အဖေ လိုက်ရှာနေလောက်ပြီ ပြန်ပို့ပေး” လို့ ပြောပါတော့တယ်။
ဆရာတော်က “ဘယ်သူလဲ? ဘယ်ကလိုက်လာတာလဲ? လို့မေးတော့မှသူမဘယ်သူဖြစ်ကြောင်း၊ ဘုရားဖူးတွေ အပေါ့ဆင်းသွားတဲ့ ကျောက်ပုံရွာအနီးက လိုက်လာတာဖြစ်ကြောင်း…..
လွန်ခဲ့တဲ့ ၅ နှစ်က သေဆုံးခဲ့တာဖြစ်ကြောင်း၊ ပုဂံကို သားအဖ ၂ ယောက် ဘုရားဖူးလာရင်း ကားမတော်တဆမှုဖြစ်လို့ ၂ ယောက်လုံးသေဆုံးခဲ့ပြီး မကျွတ်မလွတ်တဲ့ ဘဝရောက်နေတာဖြစ်ကြောင်း၊
သူမကတော့ ကားမတော်တဆဖြစ်ချိန် ကားပေါ်ကနေ ပြုတ်ကျဆုံးပါးခဲ့ပြီး အဖေကတော့ သစ်ပင်နဲ့ တိုက်မိပြီး ဆုံးပါးခဲ့ကြောင်း၊ အဖေက ဘုရားဖူးတွေ အပေါ့အပါးဆင်းသွားတဲ့ လမ်းဘေး မလှမ်းမကမ်းက ရေပိုက်ပြွန်တစ်ခုအနီးမှာ နေကြောင်း ပြောပြပါတော့တယ်။
ဆရာတော်က အမျှပေးမယ်လုပ်တော့ ငိုယိုပြီး အဖေ စိတ်ပူနေလောက်ပြီမို့ သူမနေရာကိုသာ ပြန်ပို့ပေးဖို့ ပြောပါတယ်။ အမျှပေးမယ်ဆိုလည်း အဖေနဲ့ အတူသာ သာဓုခေါ်မယ်လို့ ပြောနေပါတော့တယ်။
ဒါနဲ့ လက်ပံပျား ရဲစခန်းကို ဖုန်းဆက်ပြီးမေးတော့ အပူးခံရတဲ့သူ ပြောတာသည် အမှန်တွေဖြစ်ကြောင်း၊ လွန်ခဲ့တဲ့ ၅ နှစ်က ကားတိုက်မှု တစ်ခုမှာ သားအဖ ၂ ယောက် သေဆုံးခဲ့ကြောင်း…..
အဲဒီအခင်းဖြစ်ပွားရာနေရာ အနီးမှာ သေဆုံးသူ သားအဖ ၂ ယောက်ရဲ့ ဝိဉာဉ်ကို စခန်းက တာဝန်ရှိသူတွေလည်း မကြာခဏ ဝိုးတဝါးမြင်ဖူးကြောင်း စိတ်ရှည်လက်ရှည်နဲ့ ပြန်လည် ဖြေကြားခဲ့ပါတယ်။
ဒါ့ကြောင့် ချက်ချင်းပဲညောင်ဦးက နာရေးကူညီမှုအသင်း (ကျွန်တော့်ကို အခုဇာတ်လမ်းထဲက ပုံတွေသုံးခွင့်ပေးတဲ့အဖွဲ့) တစ်ခုကို အကူအညီတောင်းပြီး ဆရာတော်ဦးဆောင်ကာ အခင်းဖြစ်ပွားရာနေရာကိုသွားပြီး အမျှအတန်း ပေးဝေခဲ့ပါတယ်။
အခင်းဖြစ်ပွားရာ နေရာကိုရောက်တာနဲ့ အပူးခံရသူအမျိုးသမီးလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့ပါတယ်။ ဒေသခံတွေကတော့ အမျှအတန်း ပေးဝေပြီးချိန်ကနေ အခုထိ အဲဒီသားအဖ ၂ ယောက်ရဲ့ ဝိဉာဉ်ကို မတွေ့ရတော့ဘူးလို့ ဆိုပါတယ်။
သူတို့သားအဖ ၂ ယောက်သာ အမှန်တကယ် ကျွတ်လွတ်သွားကြပြီး ဘဝသစ်တစ်ခုကနေ မှတ်မိနေကြဦးမယ် ဆိုရင်တော့ သူတို့ ၅ နှစ်တာ ပရလောကသားဘဝနဲ့ နေထိုင်ခဲ့ရာ နေရာလေးအပါအဝင် ဆရာတော်နဲ့ ညောင်ဦးက နာရေးကူညီမှုအသင်းရဲ့ ကျေးဇူးကို လွမ်းလွမ်းဆွတ်ဆွတ် သတိရနေကြဦးမည်သာ…..
(ဘုရား တရား သံဃာကို မမေ့ကြပါနဲ့။ အခုစားနေတဲ့ ထမင်းသည် သင့်ရဲ့နောက်ဆုံး ထမင်း ဖြစ်သွားနိုင်ပါတယ်။ အသေဖြောင့်နိုင်ကြပါစေ)
Credit: လူမြန်မာ (Lu Myanmar)
