ချောင်းခြား မြောင်းခြား စုန်းများ မလိုက်နိုင် (ကြောက်မက်ဖွယ်ရာ စုန်းမအစွမ်း ဖြစ်ရပ်မှန် ဇာတ်လမ်း )
ကျနော်ငယ်ငယ် အဖိုးအဖွားတွေက စုန်းကြောင်းပြောတော့မယ်ဆို ”ချောင်းခြားပါစေ မြောင်းခြားပါစေ လို့ အရင်ပြောပြီးမှ စုန်းအကြောင်းကို ပြောကြသည် အဘယ့်ကြောင့်ဆိုသော် စုန်းတွေဟာ တစ်အိမ်လျှင်နားတဖက်နဲ့ နားထောင်လျှက်ရှိကြတယ်တဲ့ ။
ဘယ်လောက်ဝေးဝေးကနေဖြစ်ပါစေ သူ့တို့အကြောင်းပြောတာကို ကြားနိုင်ကြတယ်တဲ့ ဒါပေမယ့် ချောင်း/မြောင်း ခြားလျှင်တော့ မကြားနိုင်ကြဘူးတဲ့ ဒါကြောင့် သူတို့အကြောင်းပြောတော့မယ်ဆိုရင် ချောင်းခြား/မြောင်းခြားပါစေလို့ စကားပလ္လင်ခံရတယ်တဲ့
အခုလည်း ချောင်းခြား၍ စုန်းမ လိုက်မသတ်နိုင်တော့တဲ့အကြောင်းလေး ပြောပြပါ့မယ်
တခါတုန်းကပေါ့ ကိုသာပု နဲ့ မနှင်းဝေဆိုတဲ့ လင်မယားနှစ်ယောက်ရှိသတဲ့ကွယ်။ ကိုသာပု ကဆင်းရဲတယ် နှင်းဝေတို့အိမ်မှာ စာရင်းငှါးလုပ်ရင်းနဲ့ သူတို့နှစ်ယောက်မေတ္တာမျှကြပြီး
မိဘတွေကလည်း ကိုသာပုရဲ့ ရိုးသားမှုကြိုးစားမှုကြောင့် သဘောတူလက်ထပ်ပေးခဲ့ကြတယ် ။
နှင်းဝေနဲ့မချစ်ကြိုက်ခင်က ရွာမြောက်ပိုင်းက မေခင် ဆိုတဲ့မိန်းကလေးကလည်း ကိုသာပုကို တဖက်သတ်ကြိုက်ခဲ့ဖူးတယ် ကိုသာပုကလည်း မေခင်အကြောင်းမသိခင်ကတော့ မေခင်ကိုစိတ်ဝင်စားခဲ့ဖူးတယ်။
မေခင်ကခေသူမဟုတ် ရွာမှာအလှဆုံးမိန်းကလေး ဆံပင်နက်နက်ရှည်ရှည် မျက်နှာသွယ်သွယ် နှုတ်ခမ်းကလည်း ပုရိသမှန်သမျှကိုကြွေကျစေလောက်တဲ့ နှုတ်ခမ်းမျိုး ဒါပေမယ့် ရွာသားများက သူတို့မျိုးရိုးသူတို့အစွမ်းကိုသိကြတော့ မေခင်အလှကို အသေချာပင်မကြည့်ရဲကြ အနားကပ်ဖို့ဆိုဝေး။
ကိုသာပုကတော့ အကြောင်းမသိ၍ မေခင်နဲ့တော်တော်ရင်းနှီးကျွမ်းနေပြီလေ။ တနေ့မှာတော့ ပတ်ဝန်းကျင်တချို့က
”ဟေ့ သာပု မင်းမေခင်ကို သွားမကြိုက်နဲ့နော် သူတို့က မျိုးနဲ့ရိုးနဲ့ စွမ်းကြတာနော်”
ကိုသာပုက နားမလည်ဟန်ဖြင့် ”ဘာစွမ်းတာလဲဗျ”
”ဟာ မင်းကလည်း ညံ့တန်ကာရော ၁၂ ကြိုးစုန်းမျိုးတွေလို့ပြောတာကွ”
ကိုသာပု အဲဒိအကြောင်းသိပြီးကတည်းက မေခင်ကို ရှောင်နေတော့သည် မေခင်အိမ်ဘက်လည်းမလှည့်လာတော့။ မေခင်ကတော့ ကိုသာပုကိုအရမ်းကြိုက်နေတော့ မျှော်နေတာပေါ့ ။တခါတလေ လမ်းလျှောက်လာရင်း ကိုသာပုအလုပ်လုပ်တဲ့နှင်းဝေတို့အိမ်ကို ခိုးခိုးပြီး ရှိုးသွားတတ်တယ်။
ဒါပေမယ့် ယောက်ျားလေးတယောက်ကရှောင်လိုက်ပီဆိုတော့ သူလိုမိန်းခလေးအတွက် ဆုံတွေ့ဖို့အခွင့်အလမ်း ဘယ်ဖန်တီးနိုင်ပါ့မလဲ။ဒီလိုနဲ့ပဲနေသွားရင်းက ကိုသာပုတယောက် အနေနီးတဲ့ နှင်းဝေနဲ့ပဲ ညားသွားတော့တာပေါ့။
စုန်းဆိုတဲ့အမျိုးဟာ အငြိုးကြီးတယ် ပြီးတော့ အချစ်ကြီးလည်းတယ် အခုကြည့် မေခင်တယောက် သူအရမ်းစွဲလမ်းနှစ်သက်နေတဲ့ယောက်ျားတယောက်ကို အခြားမိန်းခလေးနဲ့ လက်ထပ်ပြီးတာတောင် သူ့ကို မမေ့နိုင်မမုန်းနိုင်ပဲ ချစ်မြဲချစ်နေတုန်းပဲလေ။ သူ့ပိုင်ဆိုင်ရမယ့် ကိုသာပုကို နှင်းဝေကဖြတ်အနီးကပ်ဖြတ်ခုတ်သွားတာကို စိတ်ထဲမခံချိမခံသာဖြစ်ပြီး နှင်းဝေအပေါ် အငြိုးတွေတေးထားလိုက်တာ အခုဆိုရင် ကိုသာပုတို့ အိမ်ထောင်သက်တမ်း တစ်နှစ်ကျော်ခဲ့ပေပြီ။
ကိုသာပုတို့လည်း အတော်အသင့်ပိုက်ဆံလေးစုမိတော့ အိမ်ဝိုင်းဝယ်ပြီး ကိုယ့်ဝင်းကိုယ်ခြံနဲ့ နေကြရတော့သည်။ အိမ်ခွဲပြီးကတည်းက နှင်းဝေတယောက် တရှောင်ရှောင်နဲ့ဖျားနေတော့တာပဲ။ တစ်လနေလည်းမပျောက်နှစ်လနေလည်းမပျောက် ဆေးဆရာခေါ်ကုလည်းခဏ ပြီးရင်ပြန်ပြန်ဖျားတာပဲ။
အဖျားကြီးတာမဟုတ်ပဲ စားချင်သောက်ချင်စိတ်မရှိပဲ အမြဲ အိပ်လို့ပဲနေတတ်သည်။ နောက်တော့ နှင်းဝေတယောက်အရိုးပေါ် အရေတင်ဖြစ်ကာနေတော့သည်
တနေ့တော့ ညနေစောင်းအချိန်ပေါ့ ကိုသာပုယာတောကပြန်မရောက်သေးခင် အိမ်မှာနှင်းဝေတစ်ယောက်ထဲ အိမ်ယာထဲအိပ်ရင်းက နှလုံးပျို့လာလို့ တံတွေးကို ကြမ်းပေါက်ကြားထဲထွေးမယ်ပြင်တော့
အိမ်အောက်မှာ ဆံပင်ဖားလျားချထားသော မိန်းမတစ်ယောက် ဆန်ဆေးတောင်းနဲ့ငရုပ်ကျည်ပွေ့ကိုင်ကာ သူ့ကိုကြည့်နေတဲ့စုန်းမကို ကြမ်းပေါက်ကြားကနေ မြင်လိုက်ရတော့ နှင်းဝေသွေးပျက်မတတ် ထိတ်လန့်သွားသည်
”ဘုရားဘုရား အပေါ်တော့ မတက်လာပါစေနဲ့ ”လို့ စိတ်ထဲကဆုတောင်းနေမိသည်
ဘာကြောင့်ရယ်တော့မသိ စုန်းမက အပေါ်သို့တက်မလာနိုင်ဘူးဖြစ်နေတယ် အိမ်အောက်ကနေပဲ အပေါ်ကိုမျှော်ကြည့်နေရတယ်။နှင်းဝေ မျက်လုံးတွေမှိတ်ထားပြီး ရတဲ့တရားစာလေး ရွတ်နေမိသည် ခဏအကြာမှာ အိမ်အောက်ကို ထပ်ငုံ့ကြည့်ပြန်သည် စုန်းမကမသွားသေး ရှိနေပြန်သည် ။
”ကိုသာပုရေ မြန်မြန်လာပါတော့”
ပါးစပ်ကလည်း တိုးတိုးရေရွတ်မိသည်။ သူအိမ်အောက်ဆင်းရင်တော့ စုန်းမကသူ့ကိုတခုခုလုပ်မှာသေချာသည် ဒါကြောင့်မို့အောက်မှာစောင့်နေတာဖြစ်သည်။ အိမ်ဝင်းပေါက်မှာ နွားသံကြားရတော့မှ ကိုသာပုရောက်ပီဆိုပြီး အားရှိသွားတော့သည်။
ကိုသာပုကတော့ ဘာမှမမြင်ပဲ နွားချည်ပြီးအိမ်ပေါ်တက်လာခဲ့သည် နှင်းဝေကတော့ အားကိုးတကြီး ကိုသာပုကိုပြေးဖက်ကာ ငိုယိုပြီး အကြောင်းစုံကို ပြောပြတော့သည်။ ကိုသာပုအိမ်အောက်ကိုကြည့်သည် ဘာမျှမတွေ့
”မိန်းမ နေမကောင်းလို့ ကယောင်ခြောက်ချားပြောတယ်လို့ သူထင်နေတယ် ထမင်းစားပြီးလို့ ကိုသာပု စားကြွင်းအရိုးတွေကို ကြမ်းပေါက်ကြားချမယ်လုပ်တော့ အိမ်အောက်မှာ ဆံပင်ဖားလျားချကာ ဆန်ဆေးတောင်းနဲ့ငရုပ်ကျည်ပွေကိုထားသော မိန်းကိုမြင်လိုက်ရသည် ။
မျက်နှာသေချာကြည့်တော့ မေခင်နဲ့တူသယောင်ယောင် ခုတော့ ကိုသာပုသူ့မိန်းမပြောတာယုံရတော့မည်။
”နှင်းဝေငါနဲ့ရလို့ သူနှင်းဝေကိုပြုစားဖို့ လုပ်နေတာဖြစ်မယ်လို့” ကိုသာကိုပုတွေးတောပြီး သူ့မိန်းမနှင်းဝေကို စောင်နဲ့ထွေးပွေ့ကာ အိမ်ကနေထွက်သွားတော့သည်။
အရိပ်လိုလို ဘာလိုလိုနဲ့ သူအနားကဖြတ်လိုက်နေတာ သူသိသည် ဒါပေမယ့် သူဂရုမစိုက် ဆက်သွားနေသည် သူတို့ရွာရဲ့တောင်ဘက်အထွက်မှာ ချောင်းရှိသည်။ ကိုသာပု ချောင်းကိုဖြတ်မည်လုပ်တော့ နောက်ကဆွဲသလိုလိုနဲ့ နှင်းဝေကိုပွေ့ချီထားရ သွားရတာလည်းအရမ်းလေးနေသည် သူကလည်းမရရအောင် သွားသည် ချောင်းတဘက်ကိုရောက်တော့ အလိုလိုပေါ့သွားသည်။
အရိပ်လိုလိုဘာလိုလိုလည်း လိုက်မလာတော့ ကိုသာပု သူ့ရွာရှိရာသို့ ဆက်သွားသည်။ သူ့ရွာက နှင်းဝေတို့ရွာနဲ့ အတော် လှမ်းသည်။ ကြားတွင် ၇-၈ရွာလောက်ကျော်ဖြတ်ရသည်။ ၃ ရွာကျော်လောက် ဖြတ်ရင်ကို သူတို့မိုးတော်တော်ချုပ်နေပြီ နောက်လာမယ့်ရွာကျမှ ကိုသာပုသူ့အသိအိမ်မှာ အိပ်လိုက်တော့သည် နံနက်လင်းမှ ခရီးထွက်တော့သည် ။
စုန်းမက ချုပ်နှောင်ခွင့်မရတော့ နှင်းဝေလည်း နေရထိုင်ရအတော်ကောင်းသွားသည် ကိုသာပုတို့ရွာရောက်တော့ ကိုသာပုအမေက ဝမ်းသာအားရသူသားကိုဆီးကြိုတော့သည်။ ကိုသာပုတို့အရမ်းဆင်းရဲကြသည်။ ကိုသာပုမှာအမေ တယောက်ပဲရှိတော့သည် အဖေက သူမွေးပြီးမကြားမီဆုံးသွားခဲ့သည်။
ကိုသာပုအမေက နှင်းဝေကို သမီးအရင်းတယောက်လို အရမ်းချစ်သည်။ နှင်းဝေတယောက် ကိုသာပုတို့ရွာမှာ နေရတာအလွန်ပျော်ပြီး ဒေါင်ဒေါင်မြည်အောင်ကျန်းမာလာတော့သည်။ ကိုသာပုကလည်း နှင်းဝေသဘောတူရင် သူ့အမေနဲ့တူတူနေဖို့ဆုံးဖြတ်ထားသည်နှင်းဝေကလည်း သဘောတူပါသည်။
ဒါပေမယ့် ကိုသာပုအမေက နင်တို့ နှင်းဝေမိဘတွေကို အကျိုးအကြောင်းပြောပြီးမှ နင်တို့နေကြဖို့ပြောသည်။ ကိုသာပုတို့လင်မယားနှစ်ယောက်လည်း နှင်းဝေမိဘတို့ရှိရာရွာသို့ပြန်လာခဲ့ကြသည်။ ရွာအဝင်ရောက်ရင်ပဲ သူတို့နှစ်ယောက်ကိုတွေ့တဲ့လူတိုင်းက အံ့သြတဲ့အကြည့်နဲ့ ပြူးတူးပြဲတဲကြည့်နေကြသည်။
အိမ်ရောက်သည်အထိ ရွာသားတွေသူတို့နောက်ကနေ လိုက်လာကြတယ်အိမ်ကိုရောက်တော့ ”ဟင် သမီးနှင်းဝေ နင်မသေဘူး သမီးဟုတ်ပါတယ်နော်” နှင်းဝေအမေက မျက်လုံးမျက်ရည်ရွှဲနဲ့ပြေးဖက်တော့သည်။
နှင်းဝေအဖေကလည်း ဝမ်းသာလွန်းလို့ သာပု မင်းတို့ဘယ်သွားနေကြတာလဲ တော်သေးတာပေါ့ ငါ့သမီးသေတာမဟုတ်လို့” ပြောပြီးဖက်ပြန်ပြီ ကိုသာပု သူတို့ဘာတွေဖြစ်နေတယ်ဆိုတာ နားမလည်ဘူးဖြစ်နေတယ် အဲဒိအချိန်မှာ ကိုသာပုရဲ့သူငယ်ချင်းတယောက်ကအိမ်လာပြီး
”ဟာ သာပု မင်းမိန်းမ နှင်းဝေ”။
ကိုသာပုကြောင်သွားသည် လူတွေကလည်း နှင်းဝေကို ကြည့်ပြီး အံ့သြနေကြသည်
”ဘာဖြစ်လို့လည်း ငါ့မိန်းမက” ကိုသာပုအရမ်းသိချင်နေသည် သူတို့ရွာအဝင်ကတည်းက လူတွေအကြည့်က ထူးဆန်းနေကြသည်။
” လွန်ခဲ့တဲ့ ၇ရက်လောက်က မင်းအိမ်ကို ငါလာလည်ခဲ့တယ် မင်းမရှိဘူး မင်းမိန်းမနှင်းဝေတယောက်ထဲ အိပ်ယာထဲမှာသေနေတာကို ငါကိုယ်တိုင်တွေ့ခဲ့တာ။ အဲဒါနဲ့ သူ့မိဘတွေကိုအသိပေးပြီး အသုဘကိစ္စလုပ်ရတာပေါ့ကွာ နှင်းဝေအမေဆိုငိုလိုက်တာ တက်မတတ်ပဲ။ သူ့အဖေကလည်းမင်းကို တော်တော်ခီးနေတာကွ သူသမီးသေတာ မင်းကြောင့်လို့သူယူဆနေတာ မင်းကပျောက်နေတာကိုး”
ကိုသာပုကလည်း
”ဟာ ထူးဆန်းလှချေလား အဲဒိရက်မတိုင်ခင်လေးကပဲ ငါတို့လင်မယားဒီရွာကနေ ညတွင်းချင်းထွက်သွားတာ”
ဆိုပြီး သူတို့ရဲ့ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်တော့သည်။ နှင်းဝေမိဘနဲ့ရွာသားတွေကလည်း
”ဒါဆို ငါတို့မြေမြှုပ်လိုက်တဲ့ အလောင်းက ဘယ်သူလဲ ငါတို့ကိုယ်တိုင် နှင်းဝေအလောင်းကို မြေမြှူပ်လိုက်တာ”
မကြာမီ သူကြီးပါရောက်လာ၍ သူလည်းစိတ်ဝင်စားပြီး အဲဒိအလောင်းဟာ ဘယ်သူဘယ်ဝါဆိုတာသိရအောင် သွားတူးဖော်ကြည့်ကြမယ်ဆိုပြီး လူစုလူဝေးကြီးနဲ့ သချိ င်္ုင်းကုန်းသို့ ချီတက်လာကြသည်။ ပြီးတော့ သူတို့မြှုပ်တဲ့မြေစာပုံကို တူးဖော်ကြတော့သည်။
လူတွေကလည်းဝိုင်းလို့ ဘယ်လိုဘယ်ပုံတွေ့ရမလဲဆိုပြီး ကြည့်နေကြသည် တဖြေးဖြေးနဲ့ စောင်စလေးပေါ်လာတော့သည် စောင်ပတ်ထားသည့်အရာတခုပေါ့ စောင်ကိုစိတ်ဝင်တစားဖြေကြည့်လိုက်တော့
”ဟာ” လူတိုင်းက’ ဟာ’ခနဲဖြစ်ကုန်ကြပြီ
သူတို့ဖြည်ကြည့်လိုက်တဲ့အရာက ”ငှက်ပျောတုံးကြီး” ဖြစ်နေသောကြောင့်ပင်။ ရွာသားတွေအားလုံးကသူတို့ကိုယ်တိုင် နှင်းဝေအလောင်းကို မြေမြှုပ်တာ မျက်လုံးနဲ့တပ်အပ်မြင်ခဲ့ကြသည်မဟုတ်ပါလား
အခုတော့ ဘယ်လိုလုပ် ငှက်ပျောတုန်းကြီးဖြစ်သွားရတာလဲ”။
မေခင်ရဲ့စုန်းပညာကတော့ အံ့မခန်းအောင်စွမ်းပါပေ့။
ကိုသာပုတို့အဲဒိညက ရှောင်ထွက်သွားတာ ကံကောင်းသွားတာပေါ့။ ချောင်းခြားသွား၍ သူ့မိန်းမ အသက်ဘေးက လွတ်ခဲ့ရတော့သည်။ မိတ်ဆွေတို့လည်း အကယ်၍ တဦးယောက်ကပြုစားလို့ နေမကောင်းဖြစ်ခဲ့မယ်ဆိုရင် ချောင်းခြား/မြောင်းခြားကို ယာယီခရီးထွက်ဖို့ အကြံပေးရင်း နိဂုံးချုပ်ပါရစေ.
