သွေးဝိဉာဉ် ကလဲ့စား

ခုတင်အောက်ကို ငုံ့ကြည့်လိုက်တော့ သွေးလုံးကလေးတစ်ခုကို တွေ့လိုက်ရသည်။ သွေးလုံးလေးက တဒုတ်ဒုတ်ခုန်နေသည်..

တည်းခိုခန်းလေးကိုရောက်တော့ လူသံတွေပင် တိတ်ဆိတ်နေပြီ။ မြို့လေးကို သူရောက်လာတာကလည်း အချိန်မတော်ပဲလေ။ ရောက်ဖူးတဲ့နေရာမို့ အခက်အခဲမရှိဘဲ တည်းခိုခန်းလေးကိုရောက်လာခဲ့သည်။ အိပ်ချင်မူးတူးဖြစ်နေသော ဧည့်ကြိုကောင်လေးက သူတည်းရမည့်အခန်းကိုလိုက်ပို့သည်။

အခန်းကိုကြည့်ပြီး သူတစ်ချက်ပြုံးလိုက်သည်။ သြော်…. ဟိုတစ်ခါကတည်းခဲ့တဲ့ အခန်းပဲ။ ဟိုတယ်ကြီးတွေဆိုရင်တော့ ဒီလောက် တိုက်ဆိုင်တာ အံ့သြမိမှာဖြစ်ပေမဲ့ တောင်ပေါ်နယ်မြို့လေးက တည်းခိုခန်းသေးသေးလေးမှာ အခန်းဘယ်လောက်များမှာမို့လဲလေ …

ပစ္စည်းတွေနေရာချပြီး လန်းသွားအောင် ရေဝင်ချိုးသည်။ ယခင်တစ်ခေါက်က ရေချိုးခန်းထဲတွင်သူနဲ့အတူ ရေချိုးခဲ့သူလေးကို သတိရမိသည်။ သူလေးရဲ့ နူးညံ့တဲ့အသားအရေ၊ နူးညံ့တဲ့ ဆံနွယ်တွေကို အခုပင်ပြန်ထိတွေ့နေမိသလိုလို။

ထိုစဉ် ….

သူ့လည်ပင်းများကို ဆံနွယ်များနှင့်ရစ်ပတ်ညှစ်လိုက်သလိုခံစားရသည်။ သူအသက်ရှုကျပ်လာပြီး ရုန်းကန်မိသည်။ ကယ်ကြပါဦး… ကယ်ကြပါ…

ရုတ်တရက် လည်ပင်းမှ ဆံနွယ်များပျောက်ကွယ်သွားပြီး သူအသက်ရှူလို့ ပြန်ရလာသည်။ ရေချိုးခန်းထဲမှ ပြေးထွက်လာပြီး အသက်ပြင်းပြင်းရှူရင်း ဘယ်လိုဖြစ်ရတာလဲလို့ စဉ်းစားနေမိသည်။

တည်းခိုခန်းက လူတွေကို သွားပြောရင် ကောင်းမလား .. မဖြစ်သေးပါဘူး … အခုက တကယ်ဖြစ်တာလား စိတ်ထင်ယောင်ထင်မှားဖြစ်တာလားလည်း မသဲကွဲဘူး …ဘယ်သူမှ မရှိတဲ့ အခန်းထဲ လည်ပင်းညှစ်ခံရတာလို့ပြောရင် လူရယ်စရာ ..

သူမြန်မြန်အဝတ်အစားလဲပြီး ပါလာသည့် ဝီစကီပုလင်းသေးလေးကို ထုတ်ကာ တစ်ပက်လောက်သောက်လိုက်သည်။ နွေးထွေးသွားပြီး အိပ်ချင်လာသဖြင့် အိပ်ယာပေါ်လှဲလိုက်သည်။

မျက်လုံးမှိတ်လိုက်တော့ အတိတ်က ဖြစ်ရပ်တချို့ကို မြင်ယောင်လာပြန်သည်။

သူ့ရင်ခွင်ထဲကသူလေး …

ရင်ခုန်စေခဲ့သော အနမ်းတွေ …

ထိုစဉ်မှာပင် …..

မောင် က ခိုင့်ကိုလွမ်းနေတာပေါ့လေ ..

စကားသံကို သူ့နားမှာကပ်ပြီး တစ်ယောက်ယောက်က ပြောလိုက်သလို ကြားလိုက်ရသဖြင့် သူခုန်ထလိုက်သည်။ တစ်ကိုယ်လုံးလည်း တုန်သွားသည်။

ခိုင့်အသံပဲ။ အခုတင် သူ့ဘေးနားမှာ ကပ်ပြောလိုက်တာ ခိုင်ပဲ။

ဒါပေမဲ့ မဖြစ်နိုင်ပါဘူး။ ဒီအခန်းထဲမှာ သူပဲရှိတာလေ

နောက်ပြီးတော့ … နောက်ပြီးတော့ ……..

ခိုင်က သေသွားပြီပဲ ……..

ခိုင်သေသွားတာ တစ်နှစ်လောက်ရှိပြီပဲ ….

အတိတ်က အကြောင်းတွေ ပြန်သတိရလာပြန်သည်။

ခိုင်နဲ့သူ ချစ်သူတွေဘဝက ဒီတောင်ပေါ်မြို့လေးကို လာလည်ခဲ့သည်။ ဒီအခန်းထဲက ဒီခုတင်လေးပေါ်မှာတင်ပဲ အချစ်နယ်ကျွံခဲ့ကြသည်။ သူခိုင့်ကို တကယ်ချစ်ခဲ့ပါသည်။ သို့သော် သူ့ကိုယ်သူထက်ပိုမချစ်နိုင်။ ဒီခရီးစဉ်က ပြန်လာပြီး တစ်လအကြာမှာ မိန်းကလေးတစ်ယောက်နှင့် ဆုံစည်းခဲ့သည်။

ကောင်မလေးက ချမ်းသာသည်။ သူ့ဘဝတက်လမ်းအတွက် အများကြီး ထောက်ပံ့ပေးနိုင်သည်။ သူ့ဘဝမှာ သာမန်မိဘက မွေးလာပြီး မောင်နှမသားချင်းတွေ များသောကြောင့် ချို့ငဲ့ခဲ့ရသည်။ ကောင်မလေးက သူ့ကိုချစ်သည်။ သူလိုသမျှ ဖြည့်ဆည်းပေးနိုင်သည်။ ခိုင်က ချစ်စရာကောင်းသည်။ သူ့ကို ချစ်သည်။ ဒါပေမဲ့ အဲဒီအရာတွေကလွဲရင် ဘာမှမရှိ။

သူလမ်းခွဲစကားပြောတော့ ခိုင်ငိုသည်။ ကြောက်စရာကောင်းသည့် သတင်းဆိုးကိုပြောပြသည်။

ခိုင့်မှာ ကိုယ်ဝန်ရှိနေပြီတဲ့။ ကျွန်တော့အပြစ်ပါပဲ ဘာအကာအကွယ်မှမသုံးခဲ့တာလေ။ ဘာပဲဖြစ်ဖြစ် ဒီအတွက်နဲ့တော့ သူ့ရည်မှန်းချက်ကိုအပျက်မခံနိုင်။ ခိုင် ငိုယိုတောင်းပန်နေသည့်ကြားမှာ ခိုင့် ကို တရားမဝင် ကိုယ်ဝန်ဖျက်ချသည့် နေရာသို့ခေါ်သွားခဲ့သည်။ ပိုက်ဆံတွေပေးပြီး တရားမဝင်ဆေးခန်းမှာ ဖျက်ချခိုင်းခဲ့သည်။

ဒါပေမဲ့ ခိုင် ကံဆိုးသည်။ ဟုတ်တယ် ခိုင် ကံဆိုးတာပါ။ ဘယ်သူ့အပြစ်မှမဟုတ်ဘူး။

ကိုယ်ဝန်ဖျက်ချရင်း သွေးလွန်ပြီးသေတာ သူကံဆိုးလို့ပဲလေ။ ခိုင့်မိဘတွေကို ခိုင် ကားမတော်တဆဖြစ်လို့ဆုံးတယ်လို့ပဲ အသိပေးခဲ့ပြီး ကျန်တာတွေကိုတော့ ငွေနဲ့ ဖြေရှင်းလိုက်လည်း ဖြစ်တာပဲမို့ ငွေနိုင်နိုင်သုံးပြီး ရှင်းခဲ့သည်။

အခုတော့ သူ့ဘဝတိုးတက်ရေးကြားမှာ ဘာအတားအဆီးမှမရှိတော့။ ကောင်မလေးနဲ့သူ နောက်တစ်ပတ်လက်ထပ်တော့မည်။ လက်မထပ်ခင် ဒီခရီးကသူ့လူပျိုဘဝနောက်ဆုံးခရီးဖြစ်သည်။

သူအတွေးလွန်နေရင်း မျက်နှာပေါ်သို့ ရေတစ်စက်ပြီး တစ်စက် ကျလာတာကို ခံစားလိုက်ရသည်။

တောက် …. တည်းခိုခန်းစုတ်ကတော့ ရေယိုနေပြန်ပြီ။

မျက်နှာပေါ်က ရေတွေကို လက်နဲ့ သုတ်လိုက်သည်။

ဟင် ရေတွေမှ မဟုတ်ဘဲ ..

သွေးတွေ .. သွေးတွေ …….

သူအိပ်ယာပေါ်မှ ခုန်ထလိုက်သည်။ ခုတင်ပေါ်ကနေဆင်းတော့ သွေးတွေ ခုတင်အောက်က စီးလာတာတွေ့လိုက်ရသည်။ ခုတင်အောက်ကို ငုံ့ကြည့်လိုက်တော့ သွေးလုံးကလေးတစ်ခုကိုတွေ့လိုက်ရသည်။ သွေးလုံးလေးက တဒုတ်ဒုတ်ခုန်နေသည်။

သူအံ့သြလွန်းလို့ ကြည့်နေစဉ် …

အူဝဲ .. အူဝဲ …

သွေးလုံးလေးဆီမှ အသံထွက်လာလို့သူလန့်ပြီးခုန်ထလိုက်သည်။ သူ့လက်ကို လက်အေးကြီးနှင့် လာကိုင်သည်ကို ခံစားလိုက်ရသည်။

အထိတ်တလန့် သူကြည့်လိုက်တော့ ..

ခိုင် ..

ခိုင့် မျက်နှာတပြင်လုံး သွေးမရှိပဲ ဖွေးဆွတ်နေသည်။ ခန္ဓာကိုယ်အောက်ပိုင်းကမူ သွေးတွေ ဒလဟောဆင်းနေသည်။ ခိုင်က အားယူပြုံးလိုက်ရင်း သူ့ကိုပြောသည်။

အဲဒါ ခိုင်နဲ့ မောင်ရဲ့ ကလေးလေ .. ချစ်စရာကောင်းလားဟင် ..

အား …….

သူ သွေးရူးသွေးတန်းနှင့်အော်ပြီး ထွက်ပြေးမိသည်။ ပြေးမည် သူလွတ်ရာကိုပြေးမည်။ ဘာကိုမှ ဂရုမစိုက်တော့ ….

အသံနက်ကြီးနှင့်အော်လိုက်သံတစ်ခုကို ချောက်ချားဖွယ်ရာကြားကြရပြီး တည်းခိုခန်းမှလူများပြေးထွက်ပြီးလာကြည့်ကြသည်။ မြေပြင်ပေါ်မှာတော့ အသက်ဝိဉာဉ်ကင်းမဲ့နေသော အလောင်းတစ်လောင်းဆီမှာ သွေးတို့ ဖုံးလွှမ်းလျက်…

အိပ်မှုံစုံမွှားနှင့် `ဧည့်ကြိုကောင်လေးက ထိတ်လန့်စွာ အော်လိုက်သည်။

သုံးထပ်က အစွန်ဆုံးအခန်းမှာ တည်းတဲ့အကိုကြီးပါလား ….

ဤဇာတ်လမ်းမှာ စာရေးသူ၏ ကိုယ်ပိုင်စိတ်ကူးသက်သက်သာ ဖြစ်ပါသည်။ ရင်နှင့်ဖွယ်ရာအဖြစ်ဆိုးများကို မိန်းကလေးတိုင်းရှောင်ရှားနိုင်ရန်အတွက် ရည်ရွယ်ရေးသားလိုက်ရပါသည်။

Credit: Sugar Cane
Powered by Blogger.