ဘိုမသရဲ
ရေးသားသူ - Hoshi Sora Nang
နန်းက ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့ဇာတိပါ၊ နွေရာသီကျောင်းပိတ်ရင်ပဲဖြစ်ဖြစ် တန်ဆောင်တိုင်ဆိုရင်ပဲဖြစ်ဖြစ် မိသားစုလိုက် ကလော ကိုပြန်ဖြစ်ကြပါတယ်၊ ဒီတစ်ခေါက် နွေရာသီ ကျောင်းပိတ်ရက် ကလော ကိုပြန်တော့ ထူးဆန်းတာတွေ ကြုံတွေခဲ့ရပါတယ်။
ဖေဖေ့ရဲ မိတ်ဆွေတစ်ယောက် (ဦးစိုင်းထူး) က အလည်ခေါ်တာနဲ့ကလော ကနေ နည်းနည်းလေး ထပ်သွားရတဲ့ ရွာတစ်ရွာကို အလည်ရောက်ရှိခဲ့ပါတယ်။ အဲဒီ့ရွာကိုလဲရောက်ရော အနားယူ ထမင်းစားသောက်ပြီး တစ်ရွာလုံးကို လိုက်ပြီး လည်ပတ်ကြည့်ကြပါတယ်။ လက်ဖက် အဓိကစိုက်တဲ့ ရွာဖြစ်လို့ဘယ်နေရာကြည့်ကြည့် လက်ဖက်ခင်းတွေက တော်တော်လေး လှပါတယ်။ ရွာရဲ့တစ်နေရာရောက်တော့ အိမ်နီနီကြီး တစ်လုံးကို တွေ့ရပါတယ်။ ဧည့်ရိပ်သာလို့ပဲ ဆိုင်းဘုတ်ရေးထားပြီး နေချင်စရာကောင်းလောက်အောင် လှပါတယ်။ အရင်က အရေးပိုင်မင်းတွေ လာတဲ့အခါ တည်းခိုတယ်။ အခုတော့ရွာကို ဧည့်သည်တွေလာတဲ့အခါ ပေးတည်းတယ်လို့ပြောပါတယ်။
ညဘက်ရောက်တော့ နန်းတို့မိသားစုလေးယောက်နဲ့ဦးစိုင်းထူးတို့သားအဖနှစ်ယောက်နဲ့အိမ်နီကြီးမှာ တည်းခိုပြီး အိပ်ကြရပါတယ်။ နန်းတို့က အပေါ်ထပ်မှာ တစ်ခန်းထဲ စုအိပ်ကြတာပါ။ အိပ်ရာဝင်ခါနီး မိသားစုလေးယောက်လုံး ဘုရားရှိခိုးနေတဲ့ အချိန်မှာပဲ ပြတင်းပေါက်နားမှာ လှမ်းထားတဲ့ အဝတ်တွေအားလုံး အောက်ကိုပြုတ်ကျကုန်ပါတယ်။ မေမေက လေတိုက်လို့ ပြုတ်ကျတယ်ထင်ပြီး မမကို ပြတင်းပေါက် သွားပိတ်ခိုင်းလိုက်ပါတယ်။ နောက်တော့ ဆက်ဘုရားရှိခိုးကြပါတယ်။ ပြတင်းပေါက်မှန်တွေ ကွဲပါတယ်။
အယုံအကြည် သိပ်မရှိတဲ့ ဖေဖေကတော့ ငှက်တွေဘာတွေ တိုးတယ်လို့ထင်နေပေမဲ့ နန်းတို့သားအမိတွေကတော့ သို့လောသို့လောပေါ့... အဲဒါနဲ့မပြီးသေးပါဘူး အခန်းအပြင်ကနေ တံခါးကို ထုရိုက်တာတို့ခြေသံ တဒုန်းဒုန်းနဲ့လမ်းလျှောက်သံတွေ ကြားနေရပါတယ်။ အခန်းတံခါးဖွင့်ကြည့်တော့လဲ ဘာမှမရှိပါဘူး။ အဲဒါနဲ့ဖေဖေနဲ့နန်းနဲ့အောက်ထပ်မှာရှိတဲ့ ဦးစိုင်းထူးတို့ သားအဖကို သွားခေါ်မလို့လှေကားကနေ ဆင်းနေတုန်း တစ်ယောက်ယောက်က တွန်းချလိုက်သလိုမျိုး ဖေဖေလှေကားကနေ ပြုတ်ကျသွားပါတယ်။ ကံကောင်းလို့ ခါးနဲနဲမျက်သွားတာကလွဲရင် ဘာမှမဖြစ်ပါဘူး မဟုတ်ရင် ခေါင်းကွဲမှာပါ။
အဲဒီ့ညက လူအားလုံးစုပြီး အခန်းထဲမှာပဲ ငုတ်တုတ်ထိုင်နေကြရပါတယ်။ အခြောက်အလှန့်တွေကတော့ မပြတ်ပါဘူး။ ရုတ်တရက် အနက်ရောင် ဂါဝန်ရှည်ကြီးနဲ့မိန်းမကြီးတစ်ယောက်ကိုလဲ အားလုံးမြင်ကြရပါတယ်။ လှေကားထိပ်နားမှာ တံမြက်စည်း လှဲနေတာပါ။ ဗမာနဲ့မတူပဲ ဘိုမကြီးနဲ့တူပါတယ်၊ အဲ့ဒီ့နေ့ညက စကားတွေ ထိုင်ပြောနေရင်းနဲ့ပဲ မိုးစင်စင် လင်းပါတယ်။ မနက် လေးနာရီလောက်ကျတော့ ဦးစိုင်းထူးရဲ့မိတ်ဆွေ ရွာလူကြီးက အိမ်နီကြီးကို လိုက်လာပါတယ်။ ညတုန်းက ဘာဖြစ်သေးလဲလို့မေးပါတယ်။
မနက်လင်းအားကြီးချိန်ရောက်တော့ အိမ်မက်မက်လို့ပါတဲ့ အိမ်မက်ထဲမှာ သူ့ကို ဂါဝန်အနက်ရောင်နဲ့ဘိုမကြီး တစ်ယောက်က ဧည့်ရိပ်သာမှာ တည်းတဲ့လူတွေကို ဘုရားစာ မဆိုခိုင်းပါနဲ့လို့ လာပြောတယ်တဲ့။ ဖေဖေကလဲ ညတုန်းက အဖြစ်အပျက်တွေကို ပြောပြလိုက်ပါတယ်။ အရင်တုန်းက အိမ်နီကြီးမှာနေတဲ့ သစ်တောအရေးပိုင်ရဲ့မိန်းမက ဓါတ်လိုက်ပြီး သေသွားတယ်လို့တော့ ကြားဖူးတယ်လို့ ရွာလူကြီးက ပြောပါတယ်။ အရင်တုန်းကတော့ အခြောက်အလှန့်ရှိတယ်လို့မကြားဖူးဘူးတဲ့။ အဲဒီ့နေ့ပဲ နောက်တစ်ည ထပ်မအိပ်ရဲတော့ပဲ ကလောကို ပြန်လာခဲ့ပါတယ်။
မယုံကြည်ပေမဲ့လည်း ပရလောကသားတွေ ရှိတယ်ဆိုတာကတော့ လက်ခံသင့်ပါတယ်။
(စာတစ်ခါမှ မရေးဖူးလို့လိုအပ်ချက်တွေရှိရင်တော့ သည်းခံပြီးဖတ်ပေးပါလို့တောင်းဆိုပါတယ်။ ရွာအမည်ကိုတော့ ပလောင်ရွာလို့ထင်ပေမဲ့ မသေချာလို့ထည့်မရေးခဲ့တာပါ။ ကလော အောင်ပန်းသွားတဲ့ ကားလမ်းဘေးကနေ ဆက်သွားရင် ရောက်ပါတယ်)
ကျေးဇူးတင်ပါတယ်
