ကျွန်တော့်ကို ဆုံးမလိုက်တဲ့ နဂါးမယ်တော်ကြီး
ရေးသားသူ - Katha Mon
ကျနော်တို့ စစ်ကိုင်းတိုင်း၊ ကသာမြို့အနောက်ဖက် ရာဇဂြိုလ်တောင်ပေါ် ကို နှစ်စဉ် ဒီဇင်ဘာ အားကစားလတိုင်း တောင်ပေါ် တက်ကြတယ်။ ပေ(၃၀၀၀)လောက် မြင့်ပါတယ်။ ကချင်ပြည်နယ်ထဲက ကန့်ကော်တောင်တန်း ရဲ့ အဆက်ဖြစ်တယ်။ ဖက်ဆွတ်တောင်တန်းလို့ ခေါ်ပါတယ်။ ကျောင်းသားတိုင်း ရိက္ခာအပြည့် ထည့် မနက်စောစော ၄ နာရီလောက် မှာ ပတ္တမြားရပ်ကွက်- နတ်ရေ တွင်း ရွာလမ်းအတိုင်း ချီတက်ကြတယ်။ မနက်လင်းတော့ တောင်ခြေကနေ စတက်ပြီ။
တောင်ခါးပန်း နေရာလောက်ရောက်တော့ ကျနော်အမှတ်တမဲ့ အပေါ့ စွန့်လိုက်တယ်။ ဘေးကချောက်ကမ်းပါးမှာတော့ ဝါးရုံပင်ကြီးတွေ လေယူရာ ယိမ်းနွဲ့လို့နေတယ်။ ဆက်ပြီး တက်လာလိုက်တာ တောင်ထိပ်စေတီ နား နီးလာတယ်။ စေတီနား ရောက်ခါနီးလေ ဆင်ခြေလျှော လမ်း ပြေပြစ်လေပဲ။ တောင်ပေါ်ကိုရောက်တော့ တရားကျင့်ကြံအား ထုတ်နေတဲ့ ဆရာတော်ကြီးတစ်ပါး (ဘွဲ့မမှတ်မိ)၊ တောင်ပေါ်ကနေ ရှစ်မိုင်လောက်ဝေးတဲ့ ကသာမြို့အထိ ဆွမ်းအလှူခံ ထွက်လေ့ရှိ တဲ့ ယောဂီဝတ်စုံနဲ့ ကပ္ပိယကြီးတို့ကို တွေ့ရပါတယ်။ စေတီတော် တစ်ဆူ၊ ဆရာတော်ကျောင်းဆောင်၊ တရားကျင့်ရာ အုတ်လှိုဏ်ဂူတွေ ရှိပါ တယ်။ စေတီဘေးမှာ တောင်ပိုင် ဘိုးဘိုးကြီးနန်းဆောင်၊ နဂါးမယ်တော် ကြီး နန်းဆောင်တွေရှိပါတယ်။
တောင်ပေါ်ကနေ ကသာ နယ်တစ်ကြော ဧရာဝတီမြစ်ရိုးတလျှောက် တမျှော်တခေါ် လှမ်းကြည့်ရတာ စိတ်ထဲမှာ အရမ်းကြည်နူးစရာကောင်း လှပါတယ်။ မြောက်ပြန်လေ တဖြူးဖြူး တိုက်ခတ်လာတဲ့ အချိန်မှာ အပေါ်စီး ကကြည့်ရတာ လမ်းတွေကလည်း မြွေနဂါးကြီးတွေ တွန့်လိမ်ခွေရစ်နေ သလိုမျိုး။ တိမ်စိုင်ဖြူတွေက ဖက်ဆွတ်တစ်ကြောကနေ တောင်ဘက် စစ်ကိုင်း မင်းဝံတောင်ကြောဖက်ကို အုပ်စုလိုက် စုန်ဆင်းနေကြတယ်။ ဧရာဝတီမြစ်ထဲမှာ စုန်ဆန်သွားလာနေ တဲ့ ရေယာဉ်တွေ၊ ရွှေဘိုနယ် ကျောက်မြောင်း နွယ်ငြိမ်းဘက်ကဆန်တက်လာတဲ့ အိုးပုတ်ချိုးရုပ် ပလုပ် တုတ်တွေနဲ့ စဥ့်အိုးရွက်လှေ ကလေးတွေ၊သဖန်းကိုင်းအောက်နား မှာ ဖြူဖြူဖွေးဖွေးနဲ့ တက်လာတာ ပပဝင်းလား.. ပဒုမ္မာလား..ပြဒါး ရှင်လား.. မန္တလေးက တက်လာတဲ့ သင်္ဘောတွေလေ။
အထက်ကိုကြည့်ပါဦး... ဦးစောကျွန်းလောက်မှာ ပေါင်းတည် သင်္ဘောကြီးလား... ဖွေးဖွေးဖြူဖြူနဲ့..စုန်ဆင်း လာနေတာလေ။ ဟောဟိုနားလောက်မှာ ငါတို့ ရပ်ကွက်ပေါ့... စတဲ့..စတဲ့ သဘာဝ အလှအပတရားတွေကို ခံစားရင်းနဲ့ ပါလာတဲ့ ထမင်းဟင်းတွေ ဝိုင်းဖွဲ့ စားသောက်ပြီး စေတီ ကိုကျောမှီရင်း အနားယူနေခဲ့ပါတယ်။
နေ့ခင်းလောက်ကျတော့ ကျနော်တို့ ဆရာတော်ကို ဦးချကန်တော့ ပြီး တောင်အောက်ကို ဆင်းကြပါတယ်။ စဆင်းပြီဆိုတာနဲ့ ပြသနာက အဲဒီမှာ စတော့တာပါပဲ။ စဆင်းကာစ ကိုက် 250 လောက်အထိ ဆင်ခြေလျှော ပြေပြစ်ပါတယ်။ ဒါပေမဲ့ ပြေပြစ်တဲ့ လမ်းကလေးမှာ ကျနော် ထိန်းသိမ်းလို့မရအောင် တရကြမ်း ပြေးဆင်းနေရပါတယ်။ ဆင်ခြေလျှော လမ်းအတိုင်း ပြေးဆင်းနေပြီး သစ်ပင်တွေကို လှမ်းဖက်တွယ်ကြည့်တယ်။ ရပ်လို့မရပါ။ မတ်စောက် တဲ့ နေရာလောက်အရောက် ဘေးကချောက် ထဲ ကျသွားပါတော့တယ်။ ကံအားလျော်စွာပဲ ကျတဲ့ နေရာမှာ ယိမ်းနွဲ့နေတဲ့ ဝါးရုံပင်ကြီးတွေက ခံထားပေးသလို ဖြစ်နေတော့ သေကံမရောက်ခဲ့တာ။ ကျနော့်ကို ဒီလောက် ကမြင်းရသလား ဆိုပြီး နောက်ကလိုက်လာတဲ့ အစ်ကိုပြောတယ်။ တောင်ပေါ်လမ်းမှာ ညီအစ်ကို ရန်ဖြစ်ကြတယ်။ ကျနော်က တကယ်ကိုရပ်လို့မရတာ။ ကမြင်းကြောထတယ်ပဲ ထင်ကြတယ်။ ဒီလိုနဲ့ အိမ်ပြန်ရောက်ပြီးအနားယူကြပါတယ်။
ညဦးပိုင်းလဲရောက်ရော မိသားစုတွေ အိမ်ရှေ့ခန်းမှာ စုံစုံလင်လင် စကားပြောနေတဲ့အချိန်မှာ ဇာတ်လမ်းက စပါပြီ။ ကျနော်တို့ နဲ့အတူထိုင်နေတဲ့ အစ်မကြီးဟာ ကျနော့်ကို လက်ညှိုးထိုးပြီး
"ဟိုကောင် မနက်က နဂါးကွေ့မှာ သေးပန်းသွားတယ်တော့..၊ ငါက ကလေးတွေမို့ ဒီလောက်ပဲ ဆုံးမလိုက်တာ" ဆိုပြီး ကျနော့်မိဘတွေကို ပြောလိုက်တယ်။ ဘယ်ကပုဂ္ဂိုလ်ပါလည်း လို့မေးလိုက်တော့
"အေး .. တောင်ပေါ်က နဂါး မယ်တော်ပဲဟေ့.."တဲ့။
ကျနော်လည်း မနက်က အဖြစ်အပျက်ကို ပြန်စဉ်းစား ကြည့်တော့ တောင်ပေါ်မှာ မှားယွင်းခဲ့တာ အဟုတ်ပဲ၊ ဖြစ်တဲ့အကြောင်း ကို မိဘတွေကို အသိမပေး ထားဘူး။ ကျနော်လဲ ပြန်တောင်းပန်လိုက် တယ်။
"အေး. နောက်တစ်ခါ တောင်ပေါ်တက်လာရင် ဒါမျိုးမလုပ်နဲ့ .. နောက် လူတွေကိုလည်း သတိပေးထားလိုက်. ငါတောင်ပေါ်ပြန်တက် မယ်" ဆိုပြီး ဝင်ပူးနေရာကနေ ထွက်သွားတယ်။
ကျနော်လည်း နောက်ပိုင်းတွေ တောင်ပေါ်ကိုပြန်မရောက်ဖြစ်တော့တာ ဒီနေ့အထိပါဘဲခင်ဗျား....။
(ကျနော့်အတွေ့အကြုံတွေကို ပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ နတ်နဲ့နဂါး မလှည့်စားနဲ့ဆိုတဲ့ စကားတွေလည်း ရှိထားတော့ မယုံရင် စမ်းသပ်ဖို့တော့ အရမ်းမတိုက်တွန်းလိုပါ။)
