အစိမ်းမကြီး ငါမကြောက်
ရေးသားသူ - ကိုသက်လွင်
ကျနော် ကျောင်းသားဘဝက ကံအရမ်းနိမ့်လို့ပဲလား အချိန်မတော် လျှောက်သွားလို့လား မသိဘူး ခဏခဏ သရဲအခြောက်ခံရတယ်ဗျ၊
အဲဒီနေ့က သူငယ်ချင်းတွေနဲ့ ည ၁ နာရီလောက်မှ ဗိုက်စာလို့ဆိုပြီး ကမ်းနားက မိုးလင်းပေါက်ဖွင့်တဲ့ ဆိုင်မှာ မုန့်သွားစားကြတာ၊ ပြီးလို့ လူစုခွဲတော့ ၂ နာရီကျော်ပေါ့ဗျာ။ ကျနော်က အဲဒီအချိန်က ဆောက်လုပ်ရေး ဝန်းထဲမှာ နေတာဆိုတော့ ည ၈ နာရီဆို ဝန်းတံခါးက ပိတ်ပြီ။ ဒီတော့ ညစောင့်ကို ညှိပြီး နောက်ဖက်ပေါက် တံခါးသော့ကို ယူထားလိုက်တယ်။ ထုံးစံအတိုင်း နောက်ဖက်က လှည့်ဝင်တော့ စိတ်ထဲ တစ်မျိုးကြီးပဲဗျ။ တော်တော်လည်းမှောင်တယ်၊ နောက်ဖက်တံခါးရဲ့ ဟိုဖက်ဒီဖက်ကလည်း အပင်ကြီး ၂ ပင်ရှိတယ်။ ခုတ်လို့မရတဲ့အပင်တွေပေါ့။
ကျနော်လည်း သော့ဖွင့်ပြီး အထဲဝင်မယ်လုပ်တော့ ဆိုင်ကယ်က မရွေ့ဘူးဗျို့၊ လီဗာ ဘယ်လောက်ဆွဲဆွဲ မရဘူး။ ကျနော် ပြန်ဆင်ဲးပြီး ကြည့်တော့လည်း ဘာနဲ့မှ မငြိဘူး။ တစ်ခါပြန်တက်ပြီး မောင်းတယ် မရဘူး။ လူလည်း ခေါင်းကြီးနေပြီ။ ပြီးတော့ ကျနော့စိတ်ထဲမှာလည်း အပေါ်မှာ တစ်ခုခု ရှိနေတယ်လို့ထင်နေတယ်။ ခံစားရတယ်ပေါ့ဗျာ။ အဲဒါနဲ့ လူချည်းပဲ အထဲဝင်တယ်။ ဝန်းတံခါး ပြန်ပိတ်တယ်။ နောက်ဆုံးအချက် ကျနော်ပြေးမယ် လမ်း ရှင်းမရှင်း ကြည့်ပြီးမှ အပေါ်ကို မော့ကြည့်လိုက်တယ်။ ဘာမှမရှိဘူးဗျ။ စိတ်နည်းနည်းအေးလို့ ဘေးကို လှည့်လိုက်တော့မှ
ဝါးးးးးးး ကျနော်နဲ့ တစ်လံလောက်ပဲ ကွာတယ် ဖြူဖြူကြီး မတ်တတ်ရပ်နေတာ။ အော်ပြီး အသားကုန် စွတ်ပြေတာဗျို့။ အိမ်ရောက်တော့ ကျနော့အစ်ကိုကို ဆိုင်ကယ် သွားယူခိုင်းရတယ်ဗျာ။
နောက်တစ်ခုက အဲဒီဝန်းထဲမှာပဲ ဖြစ်တာပါ။ ကျနော်တို့ အိမ်ရှေ့က ကောင်လေးပါ။
အဲဒီအချိန်က ကောင်လေးက ရှိမှ ၃ တန်း ၄ တန်းပေါ့၊ ငယ်သေးတဲ့ အရွယ်ဆိုတော့ မသိနားမလည်ပဲ သူတပါး ခေါစာ ပစ်ထားတာကို သွားစားမိတယ်။ အဲ့နေ့ညပဲ ကိုယ်ပူတွေကြီးပြီး ကယောင်ကတန်းတွေ အော်တော့တာ။ ကျနော့ အဖေက ကားစီစဉ်ပေးပြီး ဆေးရုံသွားခိုင်းလိုက်တယ်။ ဟိုရောက်တော့လည်း ဘာရောဂါမှ မရှိဘူး။ ကိုယ်ပူလည်း ကျသွားတာ ချက်ချင်းပဲ။ တစ်ခါအိမ်ပြန်ရောက်တော့ ပြန်ဖြစ်ပြန်ရော။ နေ့ဆိုအကောင်း နေဝင်တာနဲ့ စတော့တာပဲ။ အော်တာကလည်း အမေ့နောက်မှာ အစိမ်းမကြီး သူ့ဘေးမှာ သရြဲကီးဆိုပြီးတော့ကို အော်တာ။ သူတို့အိမ်ကလည်း ဘာသာရေး သိပ်မကိုင်းရှိုင်းကြဘူး။ သိပ်မသန့်ဘူးလို့ အမေက ပြောပြဘူးတယ်။
မိဘတွေကတော့ ကိုယ်ပူကြီးလို့ လျှောက်အော် တယ်ပဲ ထင်နေတာ။ ကျနော်လည်း စမ်းကြည့်ချင်တာနဲ့ ညနေ ၄ နာရီလောက် ကတည်းက သူ့ကို အပြင်ခေါ်ထုတ်သွားပြီး လဖက်ရည်ဆိုင်မှာ သွားထိုင်နေတာ။ အပြင်မှာဆို ဘယ်လို နေမလည်းပေါ့နော။ မရဘူး။ ၆ နာရီလောက်ကျတော့ ချမ်းတယ် ချမ်းတယ် ဆိုပြီး ညည်းလာတာနဲ့ ပြန်လာရတယ်။ သူတို့အိမ်ထဲ ဝင်တာနဲ့ကို တန်းအော်တော့တာ။
ကျနော့ အဖေကလည်း မင်းတို့ဒီပုံစံဆို မလွယ်တော့ဘူး။ ဆရာနဲ့ မေးကြည့်ဆိုတော့ သူတို့စုံစမ်းပြီး အိမ်ပင့်ကြတယ်။ ကျနော်လည်း သွားနားထောင်လိုက်သေးတယ်။ အိမ်ပေါ်မှာ ထိုင်တာနဲ့ အဲဒီဆရာက တန်းပြောတာ ၃ ယောက်တောင် ရှိတယ်ဆိုပဲဗျ။ အဲဒီတော့မှ ကောင်လေးက ခေါစာပစ်တာ စားမိတာတွေ၊ ကလေး အချင်းချင်း အစိမ်းမကြီး ငါမကြောက်ဆိုပြီး ပြောတာတွေကို သိရတာ။
ပြီးတော့ သူတို့အိမ်မှာရှိနေတာကို ကောင်လေးက ဟိုးအရင်ထဲက သိနေတာတဲ့ဗျာ။ ပြောတော့လည်း မိဘတွေက ဆူတော့ မပြောရဲတော့တာတဲ့။ ဆရာကလည်း ပွင့်ပွင့်လင်းလင်းပဲ သူလည်း မနိုင်ဘူးတဲ့၊ ဘယ်သူမှလည်း နိုင်မှာ မဟုတ်ဘူးတဲ့။ ဒီတော့ အိမ်မှာပရိတ်ရွတ်ပြီး ဆရာတော်တွေကို မေတာရပ်ခံပေးဖို့ လျှောက်ပေါ့ဆိုပြီး ပြန်သွားတယ်။
သြော်မေ့လို့ ပရိတ်ရွတ်ပြီးတဲ့ ညမှာပဲ အိမ်အနောက်ဆင်းတဲ့ အပေါက်ဝမှာ မိန်းမစီး ဖိနပ် ၁ ရံ နဲ့ ယောက်ျားစီး ဖိနပ် ၂ ရံချထားပါ။ ဆရာတော်တွေရဲ့ စကားကို လက်ခံရင် ဆင်းသွားတာကို တွေရလိမ့်မယ်တဲ့။ ပြီးရင် အဲဒီဖိနပ်တွေကို ဘုန်ကြီးကျောင်းမှာ သွားထားပါတဲ့၊ ( မကောင်း ကျောင်းပို့ ဆိုတာ ဒါမျိုး )။ ချက်ချင်း စီစဉ်ကျတော့တာပေါ့။
ကျနော်နဲ့အဖေက ဘုန်းကြီးကျောင်း သွားလျှောက်၊ လိုအပ်တာတွေ ဝယ်ပေးပေါ့ဗျာ။ သူတို့က သိပ်လည်း အဆင်မပြေကြဘူး။ အဲ မနက်ရောက်တော့ ပရိတ်ရွတ်တယ် ကမဝါ ဖတ်ချိန်ကြတော့ နောက်ဖေးဘက်က ဗြောင်းဆန်တော့တာပဲဗျို့။ ဆရာတော်ကလည်း ဆက်မရွတ်ပဲ ရပ်လိုက်တယ်။ တော်ကြာ သူတို့ ပြန်ကြွသွားရင် ပိုဆိုးလာမှာ စိုးလို့တဲ့။ တရားဟော မေတာပို့ပြီး မေတ္တာရပ်ခံတယ်။ ပြီးတော့ ပြန်ကြွသွား ကြတယ်။ ညကျတော့ ကျနော်လည်း သွားစောင့်ကြည့်မယ်ဆိုတော့ အမေက မလွှတ်လို့ မသွားရဘူး။ ကောင်လေးအဖေက အကူညီတောင်းလို့ ကျနော့အဖေက သွားစောင့်ပေးတယ်။ တစ်ကယ်လို့ ဆင်းသွားတာ မတွေ့ဘူးဆိုရင် သူတို့ အဲဒီအိမ်က ပြောင်းရတော့မှာ။ ဆက်နေရင် ပိုကြမ်းလာမှာဆိုတော့လေ။
( အခုဆက်ပြောပြမယ့် အပိုင်းက ကျနော့အဖေ ပြန်ပြောတဲ့ အပိုင်းပါ။ )
သူတို့လည်း တစ်အိမ်လုံး မီးပိတ် နောက်ဖေးပေါက်ကို ဖွင့်ပြီး ခြင်ထောင်ထဲကနေ ကြည့်နေကြတာတဲ့။ ၁ နာရီခွဲ လောက်မှာ အပုပ်နံ့တွေ တအားရပြီး လုံချည် ရင်လျှားထားတဲ့ မိန်းမနဲ့ ပုဆိုးခါးတောင်းကြိုက်ထားတဲ့ ယောက်ျား ၂ ယောက် ဆင်းသွားတယ်တဲ့။ အိမ်အနောက်ပေါက် တံခါးကြားထဲက ထွက်လာတာနော်။ မနက်လင်းတော့ ဖိနပ် ၃ ရံလုံး ဘုန်းကြီးကျောင်းကို သွားပို့လိုက်တော့တယ်။ အဲဒီဘုန်းကြီးကျောင်းက ဂေါက်ကွင်းထဲမှာ ရှိပါတယ်။
