အော် လူမှားသွားလို့ပါရှင့်
ကျွန်တော်ငယ်ငယ်တုန်းက အဖွားက မြို့လေးတစ်မြို့ကို ခေါ်သွားဖူးတယ်။ အဲဒီမြို့မှာ ကျွန်တော်တို့အမျိုးတွေ ရှိတယ်ဆိုပြီးလေ။ မြို့လေးနာမည်ကတော့ “ရွှေကျင်” တဲ့။ ရန်ကုန်-မန်းလေး လမ်းမပေါ်မှာရှိတဲ့ “ညောင်လေးပင်”ဆိုတဲ မြို့ကနေပြီးတော့ လမ်းခွဲရတယ်။ “မဒေါက်” ဆိုတဲ့မြို့ဆီကို ပေါ့။ အဲဒီကနေ မှ တစ်ဆင့် “ရွှေကျင်” ဘက်ကမ်းကို စစ်တောင်းမြစ်ကို ဖြတ်ပြီးတော့ ဇက် (ကားတွေပါတင်လို့ရတဲ့ လှေ ) တွေနဲ့ကူးကြရတာ။ အခုတော့ တံတားကြီးထိုးထားပါတယ်။ ရွှေကျင်မြို့ထဲကို ဝင်ဝင်ခြင်းမှာ မြို့ကျက်သရေဆောင် မုဒ်ဦးကြီး ရှိသဗျှ။ အနော်တွေ့ဖူးသမျှမြို့တွေထဲမှာ မြို့ဝင်ဝင်ခြင်းမှာ ဆောက်ထားတဲ့မုဒ်ဦးဆိုလို့အဲဒီဟာ တစ်ခုပဲ ကျန်တယ်။ မန်းလေးကတော့ မြို့ထဲမှာ နန်းတော်ရှိတာကိုးနော့။ ။
အဲဒီမြို့ကတော်တော်လေး ပျော်ဖို့ကောင်းပါတယ်။ ညီအကို၊ မောင်နှမ တွေလည်း အများကြီးပဲ။ နောက်ပြီးတော့ရွှေကျင်မြို့ကနေ နှစ်မိုင်လောက် ဝေးတဲ့နေရာမှာ ခြေတော်ရာရွာ ဆိုပြီးတော့လည်း ရှိသေးတယ်။ အဲဒီရွာဆိုရင်တော့တစ်ရွာလုံး အမျိုးတွေ ချည်းပဲလို့အဖွားက ပြောဖူးတယ်။ အဲဒီရွာက အင်္ဂနီ-သံဆိပ် လမ်းမပေါ်မှာ တည်ရှိတာခင်ဗျ။ ရွှေကျင်မြို့ကနေပြီးတော့ အဲဒီရွာကို သွားရင် လမ်းလျှောက်သွားလို့လည်းရသလို၊ စက်ဘီးတွေနဲ့လည်း သွားလို့၇တယ်။ စက်ဘီးအငှားလိုက်သူကို (ကယ်ရီယာ) လို့ခေါ်တယ်ခင်ဗျ။ အဲဒီမြို့ကလူတွေကလေ။ ဆိုင်ကယ်တွေ ပေါ်သေးဘူး။
အခုပြောပြမဲ့ဇာတ်လမ်းမှာ အဲဒီလမ်းမကြီး အရေးအပါဆုံးပေါ့။ ဘာဖြစ်လို့လဲ ဆိုရင် အဲဒီလမ်းကို ညနေခြောက်နာရီကျော်ရင် ဘယ်သူမှ မသွားတော့ဘူး။ အရေးဟဲ့၊ အကြောင်းဟဲ့သွားစရာရှိရင်လည်း လူတွေစုပြီးတော့သွားကြတယ်။ မီးတုတ်တွေ၊ မီးတိုင်တွေနဲ့ပေါ့။ လမ်းမကြီးကတော့ကြောက်စရာမလိုပေ့မယ့် လူတွေဟာ ရွာနဲ့မြို့နဲ့ကြားမှာ တည်ရှိနေတဲ့ သင်းချိုင်းကုန်းကို ကြောက်ကြလို့ပါ။ အရမ်းခြောက်တယ်။ အဲဒါ သချိုင်းကုန်း အလယ်လမ်းမကြီးရဲ့ ဟိုဘက်ဒီဘက်မှာ ကျွန်းပင် တစ်ပင်စီပေါက်နေတယ်။ အဲဒီကျွန်းပင်ကို “ကျွန်းပင်မောင်နှမ” လို့ခေါ်သဗျ။ လူတွေက လူစုလူဝေးနဲ့သွားတာတောင် အဲဒီနေရာရောက်ရင် ဟိုဘက်ကျွန်းပင်ကနေ လျှာကြီးတစ်ခုထွက်လာတယ်။ ဒီဘက်ကျွန်းပင်ကလည်း လျှာကြီးတစ်ခုထွက်လာတယ်။
အဲဒီနှစ်ခုက အလယ်မှာ တွေ့ဆုံကြတယ်။ ပြီးရင် အသံတွေ ပေါင်းစုံနဲ့ ခြောက်လန့်တတ်တယ်။ အဲဒီကြောင့် မြို့ကလူပဲ ဖြစ်ဖြစ်၊ ရွာက လူပဲ ဖြစ်ဖြစ် ညနေခြောက်နာရီကျော်ရင် အဲဒီလမ်းကို တော်ရုံတန်ရုံ သတ္တိနဲ့တော့မဖြတ်ဝံ့ဘူး။
ကျွန်တော်တို့ရွှေကျင်မြို့ကို ရောက်တော့ နေ့ဆိုရင် ညီအကိုတွေနဲ့ တောတွေထဲ လျှောက်သွားတယ်။ ညဆိုရင် အိမ်အပေါ်ထပ်မှာ စုပြီးတော့ သရဲ အကြောင်းတွေ ပြောကြတယ်။ ညီအကို ဘယ်လောက်များလည်းဆိုရင် ဆယ်ယောက်ကျော်လောက်ရှိတယ်ဗျ။ ပြီးတော့စုပြီးအိပ်ကြတာဆိုတော့ သရဲအကြောင်းပြောမိရင် တော်တော်နဲ့မအိပ်တော့ဘူး။ အပေါ့သွားရင်လည်း အဖော်ခေါ်၊ ရေထသောက်ရင်လည်း အဖော်ခေါ်နဲ့ ပျော်တော့ပျော်စရာကြီးပါ။ အိပ်ရင်လည်း အနော်က အားလုံးရဲ့အလယ်ထဲထိရောက်အောင်တိုးတာ။ ပြီးတော့မှာ စိတ်ချလက်ချ အိပ်ရဲတယ်။ မဟုတ်ရင် ကြောက်နေရော။ ပြီးတော့ပြောတဲ့သရဲအကြောင်းတွေကလည်း စုံတယ်။ ခြေကလိမ်မတို့၊ ခေါင်းပြတ်သရဲတို့၊ အဲဒီခေတ်အခါက ခေတ်စားနေတဲ့ ကျောပေါက်သရဲတို့ပေါ့။ ပြောပြီးလို့အိပ်ချိန်တန်ရင်တော့ ဟဲဟဲ ။ ။
အဲဒီတုန်းက ဦးလေးတစ်ယောက်ရှိတယ်ခင်ဗျ။ သူက တော်တော်ကြောက်တတ်တာရယ်။ ဘယ်လောက်ကြောက်တတ်လဲဆိုရင် ကျွန်တော်တို့သရဲအကြောင်းတွေ ပြောပြီဟေ့ဆိုရင် သူထွက်ပြေးတယ်။ ပြီးရင် နံရံကို နားကပ်ပြီး ခိုးနားထောင်တယ်။ အိပ်ရင်လည်း အလယ်ထဲမှာ လာလာအိပ်တယ်။ အနော်နဲ့ဆို ခဏခဏ ရန်ဖြစ်တာ။ ခလေးမို့လို့သူက ညှာပြီးတော့ အနော်ဘေးမှာ အိပ်ရတယ်။ပြီးတော့အပေါ့သွားချင်တာတို့အိမ်သာတတ်ချင်တာတို့ဆို အကုန်လုံးကို လိုက်နှိုးတာ။ တော်တော်ဆိုးတယ်ခင်ဗျ..သူကလေ။ သူ့နာမည်က “သိန်းလွင်” တဲ့။ အနော်တို့က ဦးသိန်း လို့ခေါ်တယ်။
အဲဒီလိုနေလာတုန်း တစ်နေ့ဗျာ။ ကျွန်တော်တို့တည်းတဲ့ခြံရှေ့အိမ်က အဒေါ်ကြီးတစ်ယောက် ဆုံးသွားတယ်။ သူသေသွားတာ ထူးဆန်းတယ်။ ဒီလိုဗျာ… နယ်တွေဆိုတော့ ညဆို အိမ်သာတတ်တာတွေ ဘာတွေက ခြံထဲမှာပဲ အိမ်သာတစ်လုံး ဆောက်ပြီး ကိစ္စပြီးကြတာပဲမလား? အဲဒီတော့ သေသွားတဲ့အဒေါ်ကြီးက ညဘက် အိမ်သာသွားတတ်တယ် ဆိုပါတော့။ သူတို့အိမ်ကဆောက်ထားတဲ့ပုံစံကလည်း အိမ်နောက်ဖေးက တောင်ကုန်းကြီး။ အဲဒီတောင်ကုန်းအောက်မှာ သူတို့အိမ်လေ။ အိမ်သာက တောင်ကုန်းနဲ့ကပ်နေတာ။ တောင်ကုန်းပေါ်မှာက ဂျပန်ခေတ်က ကင်ပေတိုင်ရုံးရှိတယ်။ ဂျပန်တွေက လူတွေကို သတ်သတ်ပြီးတော့တောင်ကုန်းအတိုင်း အလောင်းတွေကို ကန်ချထားတာ။ အဲဒီလို ဇာတ်လမ်းက။ အဲဒီနေရာက သရဲလည်း တော်တော်ခြောက်ပါတယ်။
အိမ်ပိုင်ရှင်အဒေါ်ကြီးက သူအိမ်သာသွားတော့ သူ့ယောင်္ကျားကို ခေါ်သွားတယ်။ စောင့်ဖို့လေ။ အဲဒါကို သူ့ယောက်ျားက သူ့ကိုတော်တော်ချစ်ပါတယ်။ မိန်းမက အိမ်သာထဲလည်းဝင်သွားရော သူလည်း အိမ်ထဲ ပြန်ဝင်သွားတယ်။ အိမ်သာတတ်နေတုန်း အနောက်ဘက်ကနေ “ဝုန်း ဝုန်း” ဆိုပြီး ပြုတ်ကျလာသံကြားလို့ အဲဒီအဒေါ်ကြီးက တံခါးဖွင့်ကြည့်မိတာ။ သူမြင်လိုက်ရတဲ့ မြင်ကွင်းကို တွေ့ပြီး သွေးလန့်ပြီး အော်ထည့်လိုက်တာ ကျွန်တော်တို့တွေ တောင်လန့်နိုးကုန်တယ်။ အဟုတ်။ အကျယ်ကြီး။ အဲဒါနဲ့ဘာဖြစ်လဲ ဆိုပြီး မီးခွက်တွေထွန်း ဘာထွန်းနဲ့သွားကြည့်ကြတာ။ အိမ်ကလူကြီးတွေပါ။ ကျွန်တော်တို့က ပါဘူး။
လူကြီးတွေက ရောက်သွားတော့အဒေါ်ကြီးက အိမ်သာထဲမှာ ကန်တော့နော် (အီးတန်းလန်းနဲ့သတိလစ်နေတာ)။ ဘေးအိမ်တွေက ဝိုင်းကူပေါ့ဗျာ။ သတိရလာအောင် ဝိုင်းလုပ်ကြတယ်။ သတိလည်းရလာရော တော်တော်နဲ့အကြောက်မပြေသေးဘူးခင်ဗျ။ သူ့အဖြစ်အပျက်ကို ပြန်ပြောပြတယ်။ အသံကြားလို့ထွက်ကြည့်တော့ ကောင်လေးတစ်ယောက်က မြေကြီးမှာ ကုန်းကုန်း ကုန်းကုန်းနဲ့၊ လက်တွေကလည်း မြေကြီးကို စမ်းနေသေးသဗျှ။ နောက်တော့မှာ အဲဒီကောင်လေးစမ်းနေတာ သူခေါင်းကို လိုက်ရှာနေတာ ဆိုတာ သိလိုက်ရတဲ့အချိန်မှာ အဲဒီအဒေါ်ကြီးလည်း လန့်ပြီးအော်တာပါပဲ။ သူက အဲဒီအဖြစ်အပျက်ကို ပြောပြီးတော့ခဏနေတော့ ကယောင်ကတမ်းတွေ လျှောက်ပြောတော့တာပဲ။ “ခေါင်းပြတ်ကြီးလာနေပြီ” “ငါဆီလာနေပြီ လုပ်ပါဦး” ဒီလိုတွေ အော်နေတာ။
ကိုယ်ပူရှိန်လည်းတတ်လာတယ်လေ။ နောက် ရပ်ကွက်ထဲက ဆေးဆရာက အိပ်ဆေးတစ်လုံး ထိုးပေးလိုက်တော့မှ ငြိမ်ပြီး အိပ်ပျော်သွားတာခင်ဗျ။ ဒါပေ့မယ် မနက်မိုးလင်းတော့မထလာတော့ဘူးလေ ဟီး ။ အဲဒီတော့မှ သူယောင်္ကျားလည်း ရင်ကွဲပက်လက်ဖြစ်တာ။ သရဲခြောက်ခံရလို့အကြောက်လွန်ပြီးသေတာလား (ဒါမှမဟုတ်) ဆေးဆရာ ဆေးမှားထိုးလို့သေတာလား ဆိုတာ ဘယ်သူမှ ခွဲခွဲခြားခြားမသိကြဘူး။ လောလောဆယ်မှာတော့ ဆေးဆရာက အချုပ်ထဲ ခဏဝင်လိုက်ရတယ်။
ဒီလိုနဲ့ သေသွားတဲ့အဒေါ်ကြီးရဲ့ရုပ်အလောင်းကို ဗမာထုံးစံအရ အိမ်ရှေ့မှာ အခေါင်းနဲ့ထားတယ်ပေါ့ဗျာ။ ဆွေစောင့်မျိုးစောင့် ခုနှစ်ရက် ထားတယ်ဆိုပါတော့။ အဲဒီအချိန် အသုဘအိမ်မှာ ဖဲဝိုင်းလုပ်ပေါ့။ ကျွန်တော်တို့ခလေးတွေကို အဖွားက အသုဘအိမ်ကို မသွားဖို့ပြောထားတယ်။ ခလေးဆိုတော့ လိပ်ပြာငယ်တယ်လေ။ အဲဒါကြောင့်လည်းပါတယ်။ တစ်ခုခု ပူးကပ်လာမှာဆိုးလို့ထင်ပါတယ်။ဒါပေ့မယ် အသုဘအိမ်နဲ့အနော်တို့အိမ်က မျက်နှာခြင်းဆိုင်ဆိုတော့ အနော်တို့အိမ်က ကြည့်ရင်တွေ့နေရတယ်။ အခေါင်းကိုလေ။နောက်ပြီးတော့ ရှေးမြို့ဆိုတော့အိမ်တွေ ဆောက်ထားတဲ့ပုံစံက တစ်မျိုးရယ်။ အောက်ထပ်မှာ လူတွေထိုင်ဖို့မြေကြီးတမံတလင်းနဲ့။လူကြီးတွေ အိပ်ဖို့အဆောင်တစ်ခုပဲ ဖွဲ့ထားတာ။ အကုန်လုံးက အပေါ်တတ်အိပ်ရတာ။ အပေါ်ထပ်က ပြတင်းပေါက်တွေက သံတိုင်တွေနဲ့လေ။ တံခါးပိတ်အိပ်ရင် အိုက်လို့ဖွင့်ထားပြီး အိပ်ရတာ။ သေတာပဲ အဲဒါ။ တံခါးဖွင့်အိပ်တော့ အခေါင်းကို မြင်နေရရော။အနော်တို့က အိမ်ရှေ့ခန်းအိပ်တာဆိုတော့ ပိုသိသာတယ်လေ။ လမ်းမဘက်ကို စောင်းအိပ်မိတာနဲ့ အခေါင်းက မျက်နှာနဲ့တည့်နေတာပဲ။ မတွေ့လည်း ထထကြည့်ကြတာ။ ခွီး ။ ပြီးတော့ကြောက်ပြီး ဟိုလူတိုး ဒီလူတိုးနဲ့ဗျာ။ အဟုတ် တကယ်ပါပဲ ခလေးဘဝက ပျော်ဖို့လည်းကောင်းပါတယ်။ ။
ဒီလိုနဲ့သုံးရက်မြောက်နေ့မှာ ခြေတော်ရာရွာမှာ ဘုရားပွဲလုပ်တယ်။ အဖွားနဲ့ကျွန်တော် ဒီမြို့ကို လာရတဲ့အကြောင်းရင်းကလည်း အဲဒီပွဲ အတွတ်ပဲ။ ဘုရားပွဲကလည်း တော်တော်လေး စည်ကားတယ်ဗျ။ ညလုံးပေါက်လုပ်တာ။ ဘုရားပွဲနေ့ဆိုလူတွေက ညနေ လောက်ကတည်းက ရွာထဲက ဘုရားပွဲကို သွားကြတာ။ လှည်းတွေရော စက်ဘီးတွေရော။ အဲဒီလမ်းမကြီးက ဖုန်းတလိမ်းလိမ်းနဲ့။ မြို့ကလူတွေနဲ့အနီးနားပတ်ဝန်းကျင်ကလာတဲ့လှည်းတွေနဲ့တော်တော်လေးစည်ကားတယ်။ ပွဲတော်စချိန်က ညနေ ခြောက်နာရီလောက်မှာ ရိုးရာ သိုင်းကစားပွဲနဲ့စတယ်။ ပြီးရင် ဘုရားရှိခိုးပွဲ စတယ်။ အားလုံးကို အစီအစဉ်တကျလုပ်ပြီးသွားပြီဆိုတာနဲ့ ရုပ်ရှင်ကို ညလုံးပေါက် ပြတော့တာပါပဲ။
အဲဒီလိုပြရတာ အကြောင်းရင်းရှိတယ်ဗျ။ ဘုရားပွဲပြီးချိန်က ည ၁ နာရီ၊ ၁ နာရီခွဲလောက်မှ ပြီးတာဆိုတော့ အနီးအနားရွာတွေက ပြသနာမရှိပေ့မယ်။ သချိုင်းကုန်း ကို ဖြတ်ပြီးပြန်ရမဲ့ မြို့သူ မြို့သားတွေနဲ့ မြို့ဘက်မှာရှိနေတဲ့ရွာတွေက ပြသနာရှိတယ်။ ။ လူများများနဲ့ပြန်သွားတာက ပြသနာမဟုတ်ပေ့မယ်။ နောက်ကျပြီးတော့ပြန်တဲ့ လေးယောက်တစ်စု၊ ငါးယောက်တစ်စု ကတော့ မပြန်ရဲကြတော့ဘူး။ အဲဒီရွာမှာပဲ ညအိပ်ကြပြီးတော့ မနက်မိုးလင်းမှ ပြန်ကြတယ်။ အဲဒီလိုနာမည်ကြီးတာ အဲဒီသင်ချိုင်းကုန်းက။ အဲဒီတော့ဘုရားပူဇော်ပွဲပြီးပြီး ဆိုတာနဲ့ ဘုရားဝင်းထဲမှာ ရုပ်ရှင်ပြလိုက်တယ်။ မိုးလင်းပေါက်။ အဲဒီလိုလုပ်လိုက်တော့ လူတွေက မပြန်တော့ဘူး။ ရုပ်ရှင်ကို ညလုံးပေါက်ကြည့်ကြတယ်။ မိုးလင်းမှ ပြန်ကြတာ။ ရုပ်ရှင်ကြည့်ရင်း အိပ်နေတဲ့လူတွေကလည်း အိပ်နေတာပဲ။ အားလုံးအတွတ် အစဉ်ပြေသွားတာပေါ့ဗျာ။ ။
ပြီးတော့အဲဒီရွာရဲ့ရိုးရာသိုင်းကစားပွဲကလည်း အရမ်းဂွတ်တာနော်။ တုတ်နှစ်ဖက်ကို ဟိုဘက်နဲ့ဒီဘက်မှာ မီးတွေ ရှို့ထားတယ်။ မီးတောက်ကြီးက အကြီးကြီးရယ်။ အဲဒီလိုရှို့ပြီးတော့ မီးတုတ်သိုင်း ဆော့တာ။ အာ…ပက်စက်တယ်။ တုတ်ကိုလှည့်ရင်းလှည့်ရင်းနဲ့။ အဲဒီမီးတောက်ဟာ အဝိုင်းကြီးဖြစ်သွားတယ်။ ဘယ်လောက်မြန်လည်းဆိုတာ။ မီးသိုင်းဆော့လို့ မီးတုတ်က လွင့်လာတဲ့မီးဖွားတွေက လူတွေကို လာလာမှန်တာ။ ဒါပေ့မယ် လူတွေက တိုးပြီးကြည့်ကြတာပဲ။ ပြီးတော့ လူနှစ်ယောက် တစ်ယောက်ကို တစ်ယောက် သိုင်းတုတ်နှစ်ချောင်းစီနဲ့ ရိုက်ကြတာ။ အတည်ရိုက်တာနော်။ ကြမ်းတယ်။ သဲပြင်ပေါ်မှာသိုင်းကစားကြတာ ဆိုတော့ တုတ်ရိုက်ချက်တစ်ချက်ဟာ သဲမြေကို ထိလို့ကတော့ သဲတွေက “ဖွားခနဲ” ပဲ။ လူတွေကိုတောင် လာစင်တာ။ လူတွေကလည်း ပြုံပြီးတိုးနေတော့တာပဲ။ နောက်ပြီးတော့ ဓါးသိုင်းကတာ ရှိသေးတယ်။
အဲဒီဓလေ့ကတော့ ဒီနေ့အချိန်အခါမှာမရှိတော့ပါဘူး။ မက ပြတော့တာ။ ဓါးသိုင်းကပြီဟေ့ဆိုရင် ဓါးတွေကို လည်ပင်းမှာ ပတ်ပြတာ။ အဟုတ်။ ဓါးထိသွားရင် ဟက်ခနဲကွဲတာပဲ။ သွေးတော့ထွက်မလာဘူးနော်။ အဲဒါသူတို့ဆေးမြစ်လေးတွေရှိတယ်။ အဲဒီဟာလေး အုံ လိုက်ရင် ချက်ခြင်း ပြန်စပ်သွားတယ်။ အဲဒီဆေးမြစ်ကလည်း ဘုရားပွဲ တစ်ချိန်ပဲ စွမ်းတာ ကျန်တဲ့အချိန်တွေ မစွမ်းဘူး။ ဟီး ။ ။ ပြီးတော့ဘုရားပွဲက သုံးရက်တောင်လုပ်တာဗျ။ ပထမ တစ်ရက်ပဲ သိုင်းဆော့တာ ပါတယ်။ ကျန်တဲ့နေ့တွေကတော့ ရုပ်ရှင်ပြတာတို့ဘာတို့ပါပဲ။ ပွဲဈေးတွေနဲ့လူတွေကတော့ သုံးရက်လုံး စည်တာရယ်။
ဘုရားပွဲစတဲ့နေ့က အသုဘအိမ်ရဲ့သုံးရက်မြောက်နေ့ဖြစ်နေတယ်။ နောက်ပြီး ဘုရားပွဲက ရွာမှာလုပ်တာဆိုတော့ အိမ်ကလူတွေအားလုံးက ရွာကို သွားကြတယ်။ အနော်လည်းပါတယ်။ ရွာရောက်တော့ ပိုတောင် ပျော်ဖို့ကောင်းသေးတယ်။ အဲဒီမှာလည်း ညီအကို မောင်နှမတွေချည်းပဲဆိုတော့အားလုံးပေါင်း အယောက်လေးဆယ်ကျော်တယ်ခင်ဗျ။ ခလေးတွေချည်းပဲနော် အဲဒါ။ ပြီးတော့သူတို့က အနော်ကို ခင်တယ်။ ရှမ်းဘက်ကလာတာဆိုတော့စကားပြောရင် အနော်ပြောတဲ့စကားကို သူတို့က သိပ်နာမလည်ဘူး။ ခဏခဏ ပြန်မေးတယ် သူတို့က။ အဲဒါတစ်နေ့ကုန်လျှောက်ဆော့ပေါ့ဗျာ။ ထွေခင်းတယ်။ ထုတ်စီးထိုးတယ်။ ဘောလုံးကန်တယ်။ အဲဒီလိုတွေလုပ်နေတာ။ အဘိုးရဲ့ခြံက အကျယ်ကြီးရယ်။ ခြံဝကနေ အိမ်ကို တစ်ခေါ်လောက် ဝေးတယ်။
သစ်ရိပ်ဝါးရိပ်နဲ့ဆိုတော့အဲဒီခြံထဲမှာ နေမထိုးဘူး။ အရိပ်ရတဲ့နေရာတွေမှာ ဆော့တာရယ်။ ရွာဘုရားပွဲဆိုတော့ မြို့က အမျိုးတွေလည်း အဖိုးအိမ်မှာတည်း။ အဘွားလာတယ်ဆိုတော့ ရွာအနီးနားက အမျိုးတွေလည်း လာဆိုတော့ အဲဒီမှာပဲ လူတွေတော်တော်စည်ကားတယ်။ ပွဲတော်ဖြစ်နေတာလေ။
ဒီလိုနဲ့ ညနေစောင်းတော့ အနော်တို့ဆော့နေတဲ့နေရာနားကို ဦးသိန်း ရောက်လာတယ်။ မြို့ထဲသွားမို့ဘယ်သူတွေလိုက်မလဲတဲ့။ သူက လာခေါ်တယ်လေ။ ခလေးတွေအားလုံးကလည်း ဆော့ရတာ မောနေပြီဆိုတော့ သူ့နွားလှည်းပေါ်မှာလိုက်ထိုင်ရင်း အမောဖြေမယ်ပေါ့နော်။ အချိန်က ညနေစောင်း လေးနာရီလောက်ဆိုတော့ ရွာထဲက ခလေးတွေက နပ်တယ်။ မလိုက်ဝူးခင်ဗျ။
အပြန်တိုင်ပတ်မှာဆိုးလို့လေ။ အဲဒီတော့ အနော်ရယ် ဦးသိန်းရယ်။ နောက် မြို့ထဲက ခလေးတွေပဲ ငါးယောက်လောက် လိုက်တယ်။ အဘွားကိုလည်း အနော် ခွင့်မတောင်းသွားဘူး။ မြို့ထဲသွားဖို့ကိုလေ။ ခဏပဲ ထင်တာပေါ့နော်။ မြို့ထဲရောက်တော့ ဦးသိန်းက ဈေးထဲမှာလိုအပ်တာတွေဝယ် ဘာညာနဲ့ တော်တော်လေးကြာသွားပြီး အပြန်မှာ ခြောက်နာရီခွဲသွားပြီ။
ကျွန်တော်ကတော့မသိပါဘူး။ ဒါပေ့မယ် ဦးသိန်းရော မြို့ထဲက ခလေးတွေရောက ရွာထဲ ပြန်မလိုက်ချင်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ သင်ချိုင်းကုန်းဖြတ်ရမှာကြောက်လို့။ အသွားတုန်းကတော့လင်းလင်းထင်းထင်းကြီးဆိုတော့အေးဆေးပဲလေ။ အပြန်ကျတော့မှောင်နေပြီ ဆိုတော့ သူတို့မသွားရဲ တော့ဘူး။ ဦးသိမ်းကလည်း မရောက်ရောက်အောင်ပြန်ရမှာဆိုတော့ နွားလှည်းကို သေသေချာချာတံပိုးတွေ ဘာတွေ ပြန်တပ်တယ်။ ပြီးတော့ရွာဘက်ကို သွားမယ် ဆိုပြီးမောင်းလာတာပေါ့နော်။ ပါးစပ်ကလည်း “မကြောက်ပါနဲ့ဟ။ နင်တို့ဦးလေး ငါ သိန်းလွင် တစ်ယောက်လုံးပါပါတယ်” ဆိုပြီး အားပေးနေတယ်။ ကျွန်တော်ကတော့ ဒီမြို့ဇာတိမဟုတ်တော့ မသိဘူး ခင်ဗျ။ အဲဒါကြောင့် မကြောက်ဘူး အဟီး ။ ။
ဒီလိုနဲ့သွားရင်း သွားရင်းနဲ့ ရွာဘက်ကို သွားတဲ့လမ်းကို ကွေ့လိုက်တဲ့အချိန်မှာ နွားတွေက တုံကနဲ ရပ်သွားတာ။ ဦးသိန်းတောင် အံ့သြသွားတယ်။ ဘာဖြစ်တာလဲဟ ဆိုပြီးလေ။ ဘယ်လိုလုပ်လုပ် နွားလှည်းက နောက်ကိုပဲ ပြန်ရုန်းနေတာ ရှေ့ကို မသွားဘူး။ နောက်ပြီးတော့ ဘေးနား ပတ်ဝန်းကျင်က လူပြတ်လိုက်တာ များဗျာ။ အနော်တို့ပဲ ရှိတယ်။ အဟုတ်။ ရှေ့နည်းနည်းလေး ဆက်တိုးရင် သချိုင်းကုန်း ရောက်တော့မှာလေ။ ဘယ်လိုလုပ်လုပ်မရတဲ့အဆုံး မှာ ဦးသိန်းက နောက်ကို ပြန်လှည့်လာပြီးတော့ မြို့ထဲအိမ်ကို ပြန်ဝင်ကြတယ်။ အဆူခံရရင်လည်း မနက်မှာပဲ အဆူခံတော့မယ်ပေါ့နော်။ ရွာထဲကလူတွေလည်း သိမှာပဲ အနော်တို့မိုးချုပ်လို့မလာတာဆိုပြီးလေ။ ပြီးတော့မြို့ထဲကို လှည်းဝင်လာတော့လည်း မြို့ထဲမှာ လူတွေ သိပ်မရှိကြဘူးဗျ။ အားလုံးက ရွာဘုရားပွဲသွားနေတာဆိုတော့။ လူနည်းတယ်။ မလိုက်နိုင်တဲ့ သက်ကြီးရွယ်အိုတွေလောက်ပဲ ရှိတာ။
အိမ်ပြန်ရောက်တော့လည်း အသုဘအိမ်က ရှေ့မှာ။ ဖဲဝိုင်းတောင် နှစ်ဝိုင်းလောက်ပဲ ရှိတယ်။ အဲဒီတော့မှာ အနော်က သိတာ ဦးသိန်းတို့ရွာထဲ မပြန်တော့ဘူးဆိုတာကိုလေ။ သိသိခြင်း ငိုတာပေါ့ဂျာ။ အဖွားကို ခွင့်မတောင်းပဲနဲ့ ထွက်လာတာလေ။ သိရင်ရိုက်မှာ ဟင့် L ။ အခုလို ညလုံးပေါက် သူဆီမပြန်လာတော့ဘူးဆိုရင် ပိုဆိုးကုန်မှာပေါ့။ အဲဒါကြောင့် ငိုတာ။ ဦးသိန်းကိုလည်း ခဏခဏ ပြောတယ်။ သားကို ပြန်ပို့ပေး။ ရွာထဲပြန်ပို့ပေးပါဆိုပြီးလေ။ မြို့ထဲ အိမ်ကို ရောက်တဲ့အချိန် (၇) နာရီလောက်က စပြီးတော့ငိုတာ။ ညကိုးနာရီလောက်အထိ ငိုတုန်း။ ညီအကိုတွေကလည်း ဝိုင်းချော့တယ်။ ဦးသိန်းကလည်း ချော့တယ်။ ချောက်တယ်။ အနော်က ငိုတုန်း။ အာဗြဲကြီးနဲ့အော်ငိုတာဆိုတော့။ အိမ်ရှေ့အသုဘအိမ်က လူတွေလည်း ဘာဖြစ်တာလဲဆိုပြီး အနော်တို့အိမ်ထဲရောက်လာတယ်။ အနော်ငိုနေတာ ရွာထဲ သွားချင်နေမှန်း သိသွားတော့ “ဟ! ဒီကောင် တောင်ပေါ်သားမလား။ ကျားမြီးဆွဲချင်တယ်ထင်တယ်။ မသွားပါနဲ့ခလေးရယ်” ဆိုပြီး ဝိုင်းချော့တာ။ မရဘူး အနော်က။ သရဲထက် အဘွားကို ပိုကြောက်တယ်။
အဟုတ်။ ဘွားရင် (ဒေါ်နန်းရင်)က မရိုက်ရင် မရိုက်ဘူးဗျ။ ရိုက်ပြီဆို မေမြို့က အိမ်ရှေ့ဓါတ်တိုင်မှာ ကြိုးတုပ်ပြီး တီးတာ။ အဲဒီလိုကြမ်းတယ်။ တစ်ခါဆိုလည်း အနော်က ငိုတာ ဘာကိစ္စနဲ့လည်း မသိပါဝူး။ တော်တော်ငိုတာ။ အဲဒါကို သူသည်းမခံနိုင်တော့ဘာလုပ်တယ်ထင်တယ်။ ခြေထောက်နှစ်ချောင်းကို ကြိုးချည်ပြီး ရေတွင်းထဲကို ထည့်တာ။ အငိုတိတ်မှ ပြန်တင်ပေးတာ။ အဲဒီလို ။
အနော် နှစ်ရက်တောင်ဖျားသွားတယ်။ ဘွားရင် ဟေ့ဆို အနီးအနားက ခလေးတော်တော်များများက ကြောက်တယ်။ အနော်လည်းကြောက်တယ်။ ချစ်လည်းချစ်တယ် သူကို့ ဟင့် ။
အခုလည်း သူကို ခွင့်မတိုင်ပဲ နဲ့ထွက်လာတာဆိုတော့ ကြောက်ပြီးတော့ငိုနေတာ။ နောက်ဆုံးအားလုံးက လက်လျှော့လိုက်တယ်။ အနော်ကို ဒီအတိုင်း ပစ်ထားကြတယ်။ ငိုဟာ ငိုဟာ ဆိုပြီးလေ။ အနော်ကလည်း ငိုလို့ကောင်းကောင်းနဲ့ငိုတာ။ အသံတွေ ဘာတွေဝင်လို့။ အဲဒီတော့မှ ဦးသိန်းက ဆုံးဖြတ်ချက်တစ်ခုချတယ်။ ဒီကောင် ဆက်ငိုနေရင်တော့သေတော့မှာပဲ ဆိုပြီးလေ။
လူကြီးတော်တော်များများလည်း အနော့်ကို ချဉ်သွားတယ်။ သောက်၇မ်းဆိုးတဲ့ကောင် ကြောင်ချီးဆိုပြီး ဟီး ။ ဂျီတွန်လွန်းအားကြီးတယ် ဆိုပြီးလေ။ အသုဘအိမ်က ဖဲလာရိုက်တဲ့လူတစ်ယောက်ဆို “မင်းသာ ငါ့သားဆိုရင် ဟေ့ကောင် ဆွဲလုပ်လိုက်လို့ အရိုးတစ်ခြားအသားတစ်ခြား ဖြစ်သွားမယ်” ဆိုပြီးတောင် ကြိမ်းတာ။ အနော်က သူတို့ကြိမ်းလည်း ငကြိမ်းပါပဲ.. ငိုတုန်း။ အဲဒါနဲ့နောက်ဆုံးမှာ သူတို့ရွာပြန်ပို့ဆုံးဖြတ်ချက်ချလိုက်တယ်။ ဦးသိန်းက ဆုံးဖြတ်လိုက်တာပါ။ နောက်ပြီးတော့အသုဘအိမ်က ဖဲသမားတွေလည်း လူနည်းတော့ဖဲရိုက်ရတာ ပျင်းတယ် ဆိုပြီးတော့ ရွာထဲလိုက်ဖို့သဘောတူလိုက်တယ်။
အဲဒီတော့အုပ်ကတောင့်သွားတယ်။ အဲဒီမှာ ပြသနာတတ်တာ အသုဘအိမ်ရှင် သူက သူ့အိမ်မှာ မိန်းမနဲ့သူနဲ့နှစ်ယောက်တည်းနေတာဆိုတော့ ဖဲသမားတွေနဲ့အကောက်သမားတွေမှ မရှိရင် သူအိမ်မှာ ဘယ်သူမှ မရှိတော့ဘူးလေ။ အားလုံးကလည်း ရွာထဲလိုက်မယ်လုပ်နေတာဆိုတော့။ သူတို့အမျိုးတွေကလည်း မလာသေးဘူး။ အဲဒီတော့အနော်တို့မရှိတော့ရင် အလောင်းကောင်မိန်းမနဲ့သူနဲ့နှစ်ယောက်တည်း နေရမဲ့ကိန်းဆိုက်တာ ခွီး။ ။ အဲဒီမှာ စကားများကုန်ရော။ အားလုံးက သွားချင်တယ် အိမ်ရှင်က သူကို့ဒီလို မပစ်ထားပါနဲ့ဆိုပြီး မျက်နှာငယ်လေးနဲ့ပြောတာ။
အဲဒါလူတစ်ယောက်က “ခင်ဗျား မိန်းမပဲဗျာ။ ချစ်လို့ယူထားတာပဲဟာကို နေလိုက်ပေါ့” ဆိုပြီးပြောတယ်။
အိမ်ရှင်က “ဟ နင့်တို့မေ့လင့် သေနေပြီဟ” ဆိုပြီး ပြန်ပြောတာ။
ချစ်လို့ယူတာပဲဗျာ။ ရှင်တုန်းကလည်း ချစ်။ သေတော့လည်း ချစ်ပေါ့။ ဘာလဲ ခုမှ လူဆိုး။ ဆိုပြီး ဝိုင်းစကြတယ်။ အဲဒီလူကိုလေ။ အနော်က အဲဒီအဖြစ်အပျက်ကို မြင်ပြီး ငိုတာရပ်လိုက်တယ်။ ပြီးတော့ “ခစ်ခစ်” ဆိုပြီး ရီတာ အသေပဲ။ အနော်ရီသံကြားတော့လူတွေက “မသာလေး ခုနကြတော့ငိုနေပြီးတော့ အခုကျတော့ထရီနေတယ်” ဘာညာနဲ့ပေါ့ဗျာ။ ကျွန်တော်ရီနေတာ မြင်တော့မှ အားလုံးက သက်ပြင်းတွေ ချပြီး ဖဲဝိုင်းပြန်စဖို့ပြင်တယ်။ တော်တော်ကြာကြာထိမသွားကြသေးဘူး။ အဲဒါနဲ့အနော်က မသွားသေးဘူးလားဆိုတော့ သူတို့အားလုံးက အနော်ကို ဝိုင်းကြည့်တယ်။ မျက်လုံးပြူးပြီးလေ။ ကျွန်တော်လည်း သဘောပေါက်သွားတယ်။ သူတို့ကအနော်ကို ချော့လို့ရပြီ ဆိုပြီး မသွားတော့ပဲ နေမလို့လေ။ ရမလား ငဇူးပဲ ပြန်ငိုလိုက်တာပေါ့ ။ ပွဲဖြစ်သွားတယ်။ ဒေါသထွက်တဲ့လူတွေထွက်။ ရီတဲ့လူတွေရီနဲ့။ အဲဒါနဲ့ချက်ခြင်းပဲ ရွာထဲသွားမယ်ဆိုပြီးထွက်လာကြတာ။ အသုဘအိမ်ရှင်ကလည်း မထူးတော့ပါဘူးကွာ ဆိုပြီး သူမိန်းမ အလောင်းကို ခြံထဲ သွင်းပြီး ခြံတံပါးပိတ်ပြီး သူပါလိုက်မယ်တဲ့ ။
အဲဒါနဲ့အားလုံးထွက်လာလိုက်တာ ဦးသိန်းက ကျွန်တော်ကို ချီထားတယ်။ ကျန်တဲ့ခလေးတွေက လမ်းလျှောက်။ ဒီတစ်ခါတော့နွားလှည်းမယူလာတော့ဘူးဗျို့။ ဘာလို့လဲဆိုတော့ နွားတွေအလုပ်ရှုပ်တယ်။ သွားချင်သလိုလို မသွားချင်သလိုလိုနဲ့ မို့လို့။ အားလုံး မြို့ထဲက ထွက်လာတော့ လူတော်တော်လေးများတယ်။ ၁၂၊ ၁၅ ယောက်ကျော်ကျော်လောက်ရှိတာကိုး အဲဒီတော့ဘယ်ကြောက်ပါ့မလဲ။ တစ်ဖြည်းဖြည်းနဲ့လာလိုက်တာ သချိုင်းကုန်းနားကို ရောက်လာပါလောရော။
အဲဒီမှာ ပြောစရာရှိတယ်ဗျ။ သချိုင်းကုန်းတည်နေပုံနဲ့သူနယ်နိမိတ်ပေါ့နော်။ မြို့ထဲဘက်နေကြည့်ရင် ကျွဲတဲ တံတားဆိုတာရှိတယ်။ အဲဒီတံတားကို ဖြတ်တာနဲ့ သချိုင်းကုန်းအစပဲ။ ဘယ်မှာဆုံးလဲဆိုတော့ သချိုင်းကုန်းကို ဖြတ်သွားပြီးတော့ ဆိုက်နှိုက် တံတားဆိုတာရှိတယ်။ အဲဒီတံတား ကျော်ရင် သချိုင်းကုန်းနယ်နိမိတ်အဆုံး။ သချိုင်းကုန်းဖြတ်တဲ့လမ်းမှာဆိုရင် ဘေးတစ်ဖက်တစ်ချပ်စီမှာ အုတ်ဂူတွေဖြူဖွေးနေတာပဲ။ ပြီးတော့ အလယ်မှာ ဇရပ်ကြီးတွေရှိတယ်။ ရှေးခေတ်ဇရပ်တွေပါ။ အုတ်တိုင်တွေဘာတွေနဲ့သေသေချာချာလုပ်ထားတာ။ အုတ်တိုင်တွေဆို လူတစ်ဖက်ကျော်တယ်။ အဲဒီလို။
အားလုံးက သချိုင်းကုန်းနီးလေလေ ကြောက်လေလေပဲ။ သွားရင်းသွားရင်းနဲ့ ကျွဲတဲတံတားနားရောက်လာတယ်။ အဲဒီတံတားဘေးမှာ ညောင်ပင်ကြီးအကြီးကြီးတစ်ခုရှိတယ်။ တံတားပေါ်ရောက်တဲ့အချိန်မှာ ပြသနာက စတာပဲ။ တံတားဒီဘက်ခြမ်းကနေပြီးတော့ပုဝါတစ်ခုက လွှင့်လာတာ ပြီးတော့ တံတား ဟိုဘက်ခြမ်းအောက်ကို ဝင်သွားတယ်။ မိတ်ဆွေတို့မြင်ရဲ့လားမသိဘူး။ တံတားတွေမှာဗျာ။ လက်ရန်းနှစ်ခုရှိတယ်လေ။ အဲဒီလက်ရန်းတစ်ဖက်ကနေပြီးတော့ ဟိုဘက်တစ်ဖက်ကို ပုဝါလေးလွှင့်သွားတာ။
အဲဒီလို။ အနော်တို့အကုန်တွေ့တယ်။ ရှင်းရှင်းကြီးရယ်။ လကလည်း သာနေတာ။ ပြီးတော့ကျွန်တော်တို့က တံတားပေါ်ရောက်နေတာဆိုတော့ ညောင်ပင်ကြီးက ဘေးမှာ ရှိနေတာလေ။ အားလုံးက ကြက်သေသေသွားတယ်။ ဖဲသမားတွေကလည်း ပြေးဖို့ခြေဦးပြင်နေပြီ။ အခြေအနေက လုံးဝမကောင်းတော့ဘူး။ ခလေးတွေကလည်း ပြေးတော့မှာ။ အဲဒီအချိန်မှာပဲ အသံတစ်သံထွက်လာတယ်။
“ဟိတ်! ဘယ်သူလဲကွ” ဆိုပြီးလေ။
အသံထွက်လာတဲ့ဘက်ကို လှမ်းကြည့်တော့ ဦးသိန်း။ ခပ်တည်တည်နဲ့ အော်လိုက်တာ။ အားလုံးကလည်း အံ့သြသွားတယ်။ ဘယ်နှယ့်လူကြောက် ဦးသိန်းက အော်ထည့်လိုက်တာ။ အသံက မာလှချည်လားပေါ့။ အားလည်းနည်းနည်းတတ်သွားတယ်။ ပြေးမဲ့ခြေလှမ်းတွေလည်း ပြန်တုန့်သွားတယ်။
အဲဒီအချိန်မှာ “အော်! လူမှားသွားလို့ပါရှင်” ဆိုပြီး အဖြေတစ်ခုပြန်လာတယ်ခင်ဗျ။
ဘယ်ကလာတယ်ထင်လဲ ညောင်ပင်ကလာတာ။ ကြက်သီးတွေထတာများဗျာ။ တစ်ဖြန်းဖြန်းပဲ။ ခေါင်းမွှေးတွေပါထောင်ကုန်လား အောက်မေ့ရတယ်။ ဖဲသမားတွေက လှည့်နေပြီ။ ပြေးဖို့လေ။ ခလေးတွေက စုပြီးတော့ကပ်နေတာ။ အဲဒီအချိန်မှာ ဦးသိန်းက ဘာပြောတယ်ထင်တုန်း။
“အေး၊ ငါတို့အခု ရွာထဲသွားမလို့။ ဒါ ငါ့တူတွေနဲ့ငါသူငယ်ချင်းတွေပဲ။ နင်လူမှားတယ်ဆိုရင် နောက်တစ်ယောက် ဆက်စောင့်လိုက် ဒါပဲ” ဆိုပြီး
သူက ရှေ့ကနေသွားတာ။ အဲဒီတော့မှာ လူကြီးတွေရော ခလေးတွေရော အားလုံး ဦးသိန်းနောက်ကို လိုက်ကြတာလေ။ လူတန်းက ဒီလိုဖြစ်သွားတယ်။ ဦးသိန်း ပြီးတော့ ခလေးတွေ။ အဲဒီနောက်မှ ဖဲသမားတွေအုပ်စုနဲ့အသုဘအိမ်ရှင်။ တန်းစီပြီးလမ်းလျှောက်လာတာ။ တစ်ယောက်နဲ့တစ်ယောက်လည်း စကားမပြောဘူး။ တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ကို ကြည့်ပြီးတော့ ကြောက်ကြောက်လန့်လန့်နဲ့လျှောက်လာ၇တာ။ သချိုင်းကုန်းအလယ်လောက်လည်းရောက်ရော ဇရပ်တွေကို ဖြတ်နေရပြီလေ။ ဇရပ်ထဲမှာ မှောင်မှောင်မည်းမည်းနဲ့ဘယ်သူမှမရှိနေဘူး။ လမ်းတစ်လျှောက်မှာ အပင်တွေနဲ့အုတ်ဂူဖွေးဖွေးတွေ။
အဲဒီအချိန်မှာ လေတွေတဖြူးဖြူး တိုက်လာပြီးတော့။ ဇရပ်ရဲ့သွပ်ပြားတွေက ဝုန်းဝုန်း ဆိုပြီးတော့မြည်လာတယ်။ အုတ်ဂူဘေးက အပင်တိုင်းဟာ လှုပ်ယမ်းလာတယ်။ ကျွန်းပင်မောင်နှမက ရှေ့နားမှာ အပင်တွေယိမ်းထိုးနေတယ်။ သွေးပျက်စရာပါဗျာ။ အနော်ဆို ဦးသိန်း ရင်ခွင်ထဲ ခေါင်းထိုးပြီး မျက်စိမှိတ်ထားတာ။ တစ်ချက်တစ်ချက်တော့ခိုးကြည့်တာပေါ့နော်။ အဲဒီအချိန်မှာ ဦးသိန်းက အနော်ကို လမ်းလျှောက်ဆိုပြီး အောက်ကို ချပေးတယ်။ ပြီးတော့ သူက ခါးတောင်းကို မြှောင်နေအောင် ကျိုက်လိုက်တယ်။ ပြီးတော့အနော့လက်ကို ဆွဲပြီး သီချင်းတစ်ပုဒ်ကို အော်ကြီးဟစ်ကျယ်ဆိုတော့တာပဲ။ သူသီချင်းဆိုတော့အနောက်ကလူတွေအားလုံးကလည်း အခြေအနေကို သဘောပေါက်သွားပြီး လိုက်အော်ဆိုတာ။ အနော်လည်းပါတယ်။ ခလေးသံနဲ့ဟီး ။ သီချင်းတွေက အစပ်အဟက် တော့မတည့်ပါဘူး။ ဘာတွေမှန်းမသိဘူး။
“ကျွန်တော် မမ ပုသိမ်သူ” တွေရော။ “သန်မာထွားကြိုင်းသည်။ ဒန့်ဒန့်တန့်ဒန့်တန့်ဒန်” ဟီး အဲဒီလိုတွေရော။ စုံ စေ့နေတာပါပဲဗျာ။
ကိုယ်ရတဲ့သီချင်းတွေ ကိုယ်ဆိုတာ။ အဲဒီလို ဆိုဆိုပြီးတော့ လျှောက်လာရင်းနဲ့ သချိုင်းကုန်း နယ်နိမိတ်အဆုံးဖြစ်တဲ့ဆွန်နှိုက်တံတားကိုကျော်လာတော့မှာ အဆိုရပ်တော့တယ်။ အားလုံးကလည်း အဲဒီတော့မှ စိတ်ချ၇တယ်။ ဒါပေ့မယ် ရွာနဲ့ဝေးသေးတယ်။ ဖာလုံဝက်လောက် ဆက်လျှောက်ရမှာလေ။ အဲဒီတော့မှ ရောက်မှာ။ အားလုံးကလည်း သချိုင်းကုန်းလွန်ပြီဆိုတော့ ပျော်ပြီးတော့ အေးအေးဆေးဆေး လျှောက်လာလိုက်တာ။ ခြေသံတွေ တဖျတ်ဖျတ်နဲ့စကားတွေ လည်း ပြန်ပြောနေပြီ။ ဒါပေ့မယ် သရဲအကြောင်းကို ယောင်လို့မှ မ ဟ ဘူးနော်။ ကြောက်စိတ်ပြန်ဝင်လာမှာဆိုးလို့။ ညကလည်း ၁၁ ကျော် ၁၂ လောက်ဖြစ်နေတာဆိုတော့။ ဒီလိုနဲ့လျှောက်လာရင်း ဦးသိန်းက ရှေ့ကနေ လက်ပြလိုက်တယ်။ အဓိပ္ပါယ်က ရပ်ဆိုတဲ့သဘောပေါ့နော်။ အားလုံးက ရပ်လိုက်တယ်။ ခြေသံတွေလည်းရပ်သွားတယ်။
ဒါပေ့မယ် တဖျတ်ဖျတ်နဲ့ခြေသံတစ်ခုက ကြားနေရတုန်းခင်ဗျ။ အဲဒါအားလုံးနောက်ကို လှည့်ကြည့်လိုက်တာ။ လားလား…အရိပ်တစ်ခုဗျ။ အနော်တို့နဲ့သိပ်မလှမ်းဘူး။ အနော်တို့ရပ်ကြည့်တာ မြင်တော့သူကလည်း ရပ်နေတယ်။ အနော်တို့ကို ပြန်ကြည့်နေတယ်။ မည်းမည်းကြီးပဲ မြင်ရတယ်လေ။ လက သာတယ်ဆိုပေ့မယ် နည်းနည်းလှမ်းတော့မသဲကွဲဘူး။ သေချာတာက ကောင်မလေးတစ်ယောက်ဆိုတာပဲ။ ဆံပင်ရှည်ရှည်နဲ့။ ကိုယ်လုံးကိုယ်ပေါက်လည်း တော်တော်လေးလှမဲ့ပုံ။ လရောက်အောက်မှာတော့လူတစ်ယောက်ပုံစံကို သိသာနေတယ်။
အဲဒါနဲ့အားလုံးက တစ်ယောက်မျက်နှာတစ်ယောက်ပြန်ကြည့်တယ်။
ဦးသိန်းက “လူထင်တယ်နော်။ အဖော်မပါဘူးထင်တယ်။ သွားခေါ်လိုက်ပါ” ဆိုပြီးပြောတယ်ခင်ဗျ။
အဲဒါဖဲသမားတစ်ယောက်က သွားခေါ်ဖို့ဆိုပြီး အဲဒီနေရာကို သွားတယ်။ အရိပ်က နောက်ကို ရွှေ့သွားတယ်။ ဟိုလူက ဆက်သွားတယ်။ အရိပ်ကနောက်ကို ရွှေ့သွားတယ်။ ဖဲသမားလည်း ဆက်မလိုက်တော့ပဲနဲ့ ပြန်လှည့်လာတယ်။ အရိပ်က ဟိုလူပြန်လှည့်လာတော့ ပြန်လိုက်လာတယ်။ နောက်ဆုံးတော့ကျွန်တော်တို့တစ်အုပ်လုံး အရိပ်ဆီကို သွားကြတယ်။ အရိပ်က ကျွန်တော်တို့နဲ့ဆန့်ကျင်ဘက်ကို ပြန်လှည့်သွားတယ်။ ကျွန်တော်တို့ကို မလိုက်တော့ပဲနဲ့ပြန်လာရင် သူက ပြန်လိုက်လာတယ်။
နောက်တော့မှ အသုဘအိမ်ရှင်က ပြောတာ
“ဟေ့ကောင်တွေ အရိပ်နောက်ကို မလိုက်နဲ့တော့။ အဲဒါငါသိတယ်။ ငါသိတယ်။ ရွာထဲရောက်အောင်သာသွား” ဆိုပြီးလေ။
အားလုံးက ဘာလဲလို့မေးတော့မဖြေဘူးခင်ဗျ။ ရွာထဲကိုပဲ သွားခိုင်းနေတာနဲ့။ အနော်တို့လည်း ရွာထဲကို အသားကုန်လစ်တာ။ အရိပ်ကလည်း အနောက်က လိုက်လာတာ မပြတ်ဘူး။ ကျွန်တော်တို့မြန်မြန်သွားရင် သူလည်း မြန်မြန်လိုက်တယ်။ ကျွန်တော်တို့နှေးလိုက်ရင် သူလည်းလိုက်နှေးတယ်။ ပွဲနော်၊ ဘာပွဲမှန်းကိုတိဝူး ဟီး ။ ။
ရွာထိပ်ရောက်တော့ ဘုရားပွဲက ရုပ်ရှင်သံက တော်တော်ဝေးဝေးက ကြားနေရတယ်။ ကျွန်တော်တို့လည်း အားတတ်ပြီးတော့ဆက်ပြီး လျှောက်လာတာ။ အရိပ်ကတော့ရွာထိပ်မှာနေခဲ့သဗျှ။ အထဲကို မလိုက်လာဘူး။ အဖိုးအိမ်ရောက်တော့အဖွားက ငိုနေတာဗျ။ အနော်တို့ပြန်လာတယ်ဆိုတာလည်း သိရော။ အနော်ကို ဖက်ပြီး ငိုတာ အဖွားက။ တော်တော်ချစ်ပါတယ် အနော့်ကို။ သူငိုလို့အားရမှ ဘေးက ဝါးခြမ်းပြား ယူပြီး လိုက်ရိုက်တာ။ အနော်တောင် ကြောင်သွားတယ်။ ဟမ် ခုနပဲ ငိုနေပြီးတော့ အခုမှ လိုက်ရိုက်တယ်ဆိုပြီးလေ။ အဖြစ်အပျက်က မြန်လွန်းလို့ပြေးချိန်မရလိုဝူးလေ။ နှစ်ချက်ထိသွားတယ်။ ဟီး ။ အဖိုးတို့ဘာတို့က ဝိုင်းဆွဲ၊ ဆွေမျိုးတွေက ဝိုင်းဆွဲ ဆိုတော့ ရိုက်ပွဲက ခဏလေးနဲ့ပြီးသွားပါတယ်။
ဒါပေ့မယ် မပြီးတာ ဦးသိန်းပါ။ သူက အသုဘအိမ်ရှင်ကို မေးနေတာ။ အဲဒီအရိပ်က ဘာလဲ ဆိုပြီး။ အသုဘအိမ်ရှင်က မပြောချင်ဘူးထင်တယ်ခင်ဗျ။ ဦးသိန်းကလည်း အတင်းမေးနေတာနဲ့ဆိုတော့နောက်ဆုံး ပြောပြလိုက်ပါတယ်။
“အေး အဲဒါ ငါ့မိန်းမ” ဆိုပြီးလေ။
အဲဒီအဖြကို ကြားကြားခြင်း ဦးသိန်း သတိလစ်သွားတယ်။ မနက်မိုးလင်းလောက်မှ ပြန်သတိရလာတာ။ အဖျားကလည်း အရမ်းကြီးတယ်။ ယောင်လည်း ယောင်တယ်။ ဘာတွေမှန်းတော့မသိပါဘူး။ သူက သရဲကြောက်လို့ဖျားတာလား။ ဒါမှမဟုတ် ဘာဖြစ်လို့ဖျားတာလဲတော့ ခန့်မှန်းရခက်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုရင် သူဖျားနေတုန်း ကယောင်ကတမ်းပြောတာတွေက
“ချစ်။ အားပွား။ မွှတ်။ အား သရဲကြီး” ဒီလိုတွေ ဆိုတော့လေ။ ရှုပ်ထွေးနေတယ်။
အနော်တို့လည်း ဘုရားပွဲပြီးတာနဲ့ပြန်ခဲ့ကြပါတယ်။ မေမြို့ပြန်ရောက်တော့ရွာက ဖုန်းလာတယ်။ ဦးသိန်းလည်းအဖျားပျောက်သွားတယ်။ အနော်ကိုလည်း နောက်တစ်ခါ မခေါ်လာပါနဲ့တဲ့။ အဲဒီကြောင် မနိုင်ဘူး ဆိုဗြဲ။
ပြီးပါပြီ။
