Tour Guide ကိုမျိုးမြန်မာရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းများ
ကိုမျိုးမြန်မာ ရေးသားတင်ဆက်သည်..။
ကျွန်တော်က ဧည့်လမ်းညွှန် (Tour Guide) တစ်ယောက်ပါ။ လုပ်သက် ၁၅ နှစ် အတွင်း သူများတွေထက် ခရီးသွားရတော့ ကိုယ်သွားရတဲ့ ခရီးမိုင်တွေ ပြန်ရေရင် မိုင် သိန်းချီမလားပဲ။ ခရီးပေါင်းမြောက်မြားစွာထဲက တချို့ခရီးတွေရဲ့ အတွေအကြုံအချို့ပါ။ အချိန်ရရင် ထပ်တင်ပေးပါဦးမယ်။
ကျွန်တော် ဧည့်လမ်းညွှန်ဖြစ်ခါစ ကတည်းက ပညာသင်၊ ထမင်းကျွေးတဲ့ ဆရာတဦးရှိပါတယ်။ လွန်ခဲ့တဲ့ ၆ နှစ်လောက်က ဆရာ TB ဖြစ်တာ ဆရာဝန်က ငှက်ဖျားနဲ့ တိုက်ဖွိုက်ဆေးတွေ မှားပေးတာ မျက်စိကွယ်တဲ့ အထိဖြစ်သွားတယ်။ လက်ဦးဆရာလဲဖြစ် ကျေးဇူးရှင်လဲ ဖြစ်တော့ အနိမ့်ဆုံးတပတ် တခေါက်လောက်သူ့အိမ်သွား စကားပြော ဟင်းချက်ပို့နဲ့ပေါ့။ သူ့အိမ်က တာမွေအ၀ိုင်း ထိပ်မှာဆိုတော့ မော်ဒန်က လက်ဘက်ရည် ပါဆယ်ဆွဲပို့တာ ဆိုင်မှာသောက်ချင်တယ်ဆိုလို့ ခါးဖက်ပြီး ဆိုင်မှာ ကျွန်တော် လိုက်တိုက်ခဲ့ပါတယ်။ အန်တီက နတ်ကိုးကွယ်လို့ အိမ်မှာ ဝက်သားဟင်း မချက်တော့ ကျွန်တော်ကိုယ်တိုင် ၀က်သားမစားပေမယ့် သူငယ်ချင်းတယောက်ကို မြည်းခိုင်းပြီး ကျွန်တော် ချက်ပို့ခဲပါတယ်။
ဆရာ TB သက်သာလာတော့ မျကိစိခွဲပြီးပြန်မြင်ရင် ကျွန်တော့်အိမ်မှာ လာနေမယ်တဲ့။ သူ့မိန်းမက သူ့ထက် မမြင်ရတဲ့ နတ်ကို ပိုချစ်တယ်ဆိုပြီး အမြဲနောက်ပါတယ်။ တည သူနဲ့ သွားဖူးတဲ့ ဧည့်သည်က အိတ်ကြီးထမ်းပြီးသူ့အိမ်ပေါ်တက်သွားတာ နှလုံးရော အခံက ထဖောက်ပြီးအသက်ပါသွားပါလေရော။ မနက် ၂ နာရီကျော် ဆုံးသွားတာ ကျွန်တော့်အိမ် ၂ နာရီခွဲ လောက် လာနှုတ်ဆက်သွားတယ်။ အဲဒီညက ကျွန်တော် တယောက်ထဲဆိုရင်တောင် စိတ်ထင်တယ် ဖြစ်မှာ (တပည့်) သူငယ်ချင်းနှစ်ယောက် လာအိပ်တာ ကျွန်တော့် အိမ်အောက်ကနေ ကျွန်တော့် နာမည် လာခေါ်တာ ၃ ယောက်လုံး ကြားတယ် ထကြည့်တော့ ဘယ်သူမှ မရှိဘူး မနက်မိုးလင်း ၆ နာရီထိုးတော့ အန်တီက မင်းဆရာမင်းဆီ လာမနေနိုင်တော့ဘူး ဆုံးပြီဆို ဖုန်းဆက်တော့ မျက်ရည်တောင်ကျမိတယ်။ ကျွန်တော့်ကို နောက်ဆုံးအချိန်ထိ လာနှုတ်သွားတာလေ ကျွန်တော် အယူမသီးပါဘူး ဆရာသမား ကျေးဇူးရှင် နောက်ဆုံးခရီးမှာ ဝိဥာဏ်ခေါ် လိုတာအကုန် လုပ်ခဲ့ပါတယ်။ အမှန်ပြောရရင် အခုချိန်ထိ မနေ့ကလိုပါပဲ။
နောက်တခုက ပုဂံမြို့သစ်နဲ့ မြင်းကပါရွာကြားက စိုးမင်းကြီး ကျောင်းချိုင့်ထဲမှာပါ။ ဧည့်သည်တွေတည်းတဲ့ ဟိုတယ်အချို့က မြို့ဟောင်းမှာရှိပြီး ကျွန်တော်တို့က များသောအားဖြင့် မြို့သစ်မှာတည်းကြပါတယ်။ တည မြို့ဟောင်းမှာ ဘုရားပွဲရှိလို့ သူငယ်ချင်းနဲ့ ဆိုင်ကယ်နဲ့ သွားကြတာ လမ်းညာဘက် သစ်ပင်တွေပေါ်ကနေ ဘာကောင်မှန်းမသိ မဲမဲ အရိပ်ကြီးက လွှားခနဲလွှားခနဲ ခုန်ပြီးလိုက်လာတာ ရသမျှ ဘုရားစာတွေ ရွတ်ပြီးဆိုင်ကယ်ကို မောင်းလိုက်ရတာ မနူဟာဘုရားရှေ့ မြင်းကပါရွာ ရောက်မှ ပျောက်သွားတယ်။ အပြန်တခြားသူငယ်ချင်းတွေနဲ့ တွေ့ပြီး ခရီးရှည်ပေမယ့် လေယာဉ်ကွင်းလမ်းက လှည့်ပြန်ခဲ့ကြရတယ်။
တခါတလေ အပျော်စီးသင်္ဘောတွေ သီလ၀ါမှာ ဆိုက်ကပ်ပါတယ်။ အဲဒီမှာ ကျွန်တော်အပါ တချို့တွေ သီလဝါမှာ ညပါစောင့်အိပ်ကြရပါတယ်။ အဲဒီ သီလဝါ ကန်တင်းဘေးမှာ သရဲ အရမ်းခြောက်တယ်ဆိုတဲ့ ဝန်ထမ်းတွေ အတွက် ရေချိုးခန်းရှိပါတယ်။ မနက် နယ်သွားမယ့် အဖွဲ့တွေ အတွက် မိုးမလင်းခင် အဲဒီရေချိုးခန်းမှာ ရေသွားချိုးပြီး ပြင်ဆင်ပေးရပါတယ်။ ရေချိုးခန်းဖွဲ့စည်းပုံက တံခါးတချက်ပဲရှိပြီး အတွင်းမှာ အကန့် ၃ ကန့် ကာထားပါတယ် တရက် ကျွန်တော်တို့ ၄ ရောက်အစွန်ဆုံး အကန့်မှာ မီးပိတ်ပြီး ရေချိုးနေတုန်း ဆန့်ကျင်ဘက် အစွန်ဆုံးအကန့်က ရေသံတွေ နဲ့ တခြားလူတွေ ရေချိုးတဲ့ အသံ အားလုံးကြားကြပါရော။ ကျွန်တော်တို့လဲ အမှတ်မထင်နေမိပြီး ကိုယ့်ကိစ္စပြီး ပြန်မယ်လုပ် မီးဖွင့်တော့ ဘယ်သူမှမရှိ ကြမ်းခင်းပေါ် ရေတစက်တောင် မရှိတာ သိတော့ ထွက်ပြေးကြတာ သူငယ်ချင်းတယောက်ဆို ပုဆိုးတောင် မလဲနိုင်ပဲ နောက်က လိုက်လာတာ သတိရမိတယ်။
Junction-8 နောက် မြိုင်ဟေ၀န်အိမ်ရာမှာ ကျွန်တော်တို့ ရုံးရှိပါတယ်။ ကျွန်တော်လူပျိုဘ၀ လူလွတ်တုန်းက ဒီနေ့ မနက်ကနေ နောက်တနေ့ကူး လုပ်ရတာတွေ ရှိခဲ့ဖူးပါတယ်။ တည ကွန်ပြူတာ ပျက်လို့ service man နဲ့ ဝိုင်းပြင်နေတုန်း မီးပျက်သွားလို့ ရုံးအပြင်ရှိတဲ့ မီးစက်သွားနှိုးတာ မိုးရေထဲ ကျွန်တော့် ခြေရာမဟုတ်တဲ့ တခြားခြေရာ ပါလာတာ တွေ့ဖူးပါတယ်။ အဲလိုပဲ တမနက် စောစော ကားဂိုထောင် အပေါ်က ရေချိုးခန်းထဲ ရေချိုးနေရင်း လူတောင် သေချာ ဆွဲဖွင့်ရတဲ့ တံခါးကို လာဆွဲဖွင့်တာ ကြုံဖူးပါတယ်။ တစ်ရက် ကျွန်တော် ရက်ကျော်ပြီး အလုပ်ဆင်းလို့ ညနေ စောစော ပြောပြန်တာ account အခန်းက မှန်တံခါးကို လက်ဝါးနဲ့ လာပုတ်တာ အင်္ကျီ အဖြူရောင်တောင် မြင်လိုက်ကြသေးတယ်တဲ့။ သူတို့ ကျွန်တော် နောက်တယ်ထင်နေကြတာ။ သူတို့ပြောတဲ့ အချိန် ကျွန်တော် အိမ်ပြန်ရောက်နေပြီ။ နောက် ကျွန်တော် အဲဒီနေ့က အင်္ကျီ အဖြူ မဝတ်ထားပါဘူးဗျာ။
